ဗုဒ္ဓ

ဝီကီပီးဒီးယား မှ
အိန္ဒိယနိုင်ငံ၊ ဆားနပ်မြို့ (မိဂဒါဝုန်) မှ ဓမ္မစကြာမုဒြာဟန်ဖြင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ (အေဒီ ၄၇၅ ဝန်းကျင်)၊ ယခု ဆားနပ်ပြတိုက်၊ အိန္ဒိယနိုင်ငံ
ဂရိဟန်လက်ရာဖြင့် ထုလုပ်ထားသော ဗုဒ္ဓရပ်တော်မူဆင်းတု၊ ဂန္ဓာရတိုင်း (ယခု ပါကစ္စတန်)၊ ၁-၂ ရာစု

ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ (သို့) ဗုဒ္ဓတ္တ (ဗုဒ္ဓ၏အဖြစ်) ဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ (the Awakened)[၁]၊ သဗ္ဗညုတဉာဏ်တော် (ဗောဓိဉာဏ်)ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် (အမည်)မဟုတ်ဘဲ အာလုပ်ပုဒ်အရခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓ (သင်္သကရိုက်: buddhatva; ပါဠိ: buddhatta or buddhabhāva) သည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား (Buddhahood - ဗုဒ္ဓမြတ်စွာဘုရား) ဖြစ်၍ သမ္မာသမ္ဗုဒ္ဓ (sammāsambuddha - ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား) ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။

ဗုဒ္ဓဆိုသည့် စကားလုံးကို ဂေါတမဗုဒ္ဓမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင်များအားလုံးအတွက် ရည်ညွှန်းသုံးစွဲကြသည်။ မဟာယာနဗုဒ္ဓဘာသာတွင် ကောင်းကင်ဘုံမှ ဗုဒ္ဓငါးပါးကို ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပြီး အနာဂတ်တွင် ပွင့်မည့် "မေတ္တယျ" အမည်တွင်သည့် ဗောဓိသတ္တဘုရားလောင်းကိုလည်း ညွှန်းဆိုကြသည်။

​ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာများ၏ ပန်းတိုင်မှာ တူညီမှုမရှိကြချေ။ ထေရဝါဒသည် ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံးခြင်းဖြင့် အရဟတ္တဆိုက်ရောက်၍[၂] နိဗ္ဗာန်သို့ ဝင်ရန်ဖြစ်သည်။ တစ်ဖက်တွင်ကား မဟာယာန၏ နောက်ဆုံးပန်းတိုင်မှာ ဗုဒ္ဓအဖြစ်ရောက်ရှိရေးဖြစ်ပြီး ထိုသို့ရောက်ရှိမှ သတ္တဝါအားလုံးကို ဒုက္ခ၏ လွတ်မြောက်ရာကို လမ်းညွှန်ပြသနိုင်ပေသည်ဟု ခံယူကြသည်။[၂]

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ဗုဒ္ဓ (သို့) ဘုရားဖြစ်ခြင်း ဆိုသည်မှာ ဒုက္ခ၏ လွတ်မြောက်ရာလမ်းကို တွေ့ရှိ၍ ဉာဏ်အလင်းပွင့်ခြင်း (ဗောဓိဉာဏ်ရရှိခြင်း) ဖြစ်သည်။[၃] သိစရာဟူသမျှကို သိရှိပြီးဖြစ်၍ နောက်ထပ်သိရန်မလိုအပ်တော့သည့် အခြေအနေလည်းဖြစ်၏ ။[၄][၅][၆]

ဗုဒ္ဓတ္တ (သို့) ဗုဒ္ဓဘာဝ တစ်နည်း ဗုဒ္ဓအဖြစ် သို့ရောက်ရှိခြင်း (Buddhahood) နှင့်ပတ်သက်၍ နည်းလမ်းများမြောင်အပေါ် ကျယ်ပြန့်လှသော အမြင်၊ အယူအဆအမျိုးမျိုးလည်းရှိကြရာ ဂေါတမဗုဒ္ဓ၏ အဆုံးအမကို လက်ခံကြသည့် ဗုဒ္ဓဘာသာဂိုဏ်းကွဲများ အလေးပေးကျင့်သုံးကြသည့် အပေါ်၌ မူတည်ကြလေသည်။ တနည်းအားဖြင့် လက်ခံကြသည့် ကျမ်းစာများအပေါ်၌ တည်မှီကြ၏ ။ မဟာယာနဗုဒ္ဓဘာသာသည် ဗောဓိသတ္တ (ဘုရားအလောင်း) ကို အလေးပေးလက်ခံကြသည်။

တစ်ဖက်တွင် ထေရဝါဒသာသနာ၌ ဗုဒ္ဓသည် ဆရာမကူ မိမိကိုယ်တိုင် အားထုတ်မှု၊ အသိဉာဏ်ဖြင့် အလင်းပွင့်သောသူ၊ သိစရာမှန်သမျှကို မဖောက်မပြန်သိရှိ၍ သစ္စာတရား၊ မဂ္ဂင်ရှစ်တန် အကျင့်မှန်တို့ကို ရှာဖွေဖော်ထုတ်သူ၊ အလုံးစုံသော သတ္တဝါတို့ကို ထိုအခြင်းအရာများ သင်ကြားပြသ လမ်းညွှန်သူဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" မည်သည်။ အခြားဗုဒ္ဓတစ်မျိုးကို ပစ္စေကဗုဒ္ဓဟု ခေါ်တွင်၍ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် နိဗ္ဗာန်ရရှိသော်လည်း အခြားသူများကိုကား သင်ကြားပြသ လမ်းညွှန်ရန် မစွမ်းသာချေ။[၇] အခြားအသုံးနှုန်းတစ်ခုလည်းရှိသေး၏ ။ သာဝကဗုဒ္ဓဆိုသော အသုံးဖြစ်ကာ တစ်ယောက်သောသူသည် "သမ္မာသမ္ဗုဒ္ဓ"၏ အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံး၍ ရဟန္တာဖြစ်ခြင်းကို ဆိုလိုသည်။ ရဟန္တအဖြစ်ရောက်ရှိပါက ထိုဘဝသည် နောက်ဆုံးဘဝဖြစ်ပြီး နိဗ္ဗာန်သို့ဆိုက်ရောက်သည်။[၈]

မဟာယာန၏ တထာဂတဂါဘ နှင့် ဗုဒ္ဓသဘာဝ ကျမ်းစာများ၌ ဗုဒ္ဓမျိုးစေ့(ဗုဒ္ဓဉာဏ်)သည် လူတိုင်း၌ ကိန်းအောင်းနေ၍ လောကီကာမဂုဏ်များကို စွန့်လွှတ်စရာမလိုဘဲ ဗုဒ္ဓဖြစ်ကြောင်းအကျင့်များမှတစ်ဆင့် ထိုဗုဒ္ဓမျိုးစေ့ ခေါ် အသိဉာဏ်ပညာသည် ထိုသူ၏ လက်ရှိဘဝ၌ ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဂေါတမဗုဒ္ဓသည် တစ်ဦးတည်းသော ဗုဒ္ဓမဟုတ်၊ ပါဠိကျမ်းစာများတွင် ပွင့်ထွန်းတော်မူခဲ့သည့် ရှေးရှေးဗုဒ္ဓဘုရားများကိုလည်း ကိုယ်စားပြုရည်ညွှန်းသည်။ မဟာယာနကျမ်းစာများ၌လည်း ကောင်းကင်ဘုံမှ ဗုဒ္ဓဘုရားများရှိကြကာ ဥပမာ အမိတာဘာ (သို့) ဝေရောစန တို့ဖြစ်ကြသည်။

ဗုဒ္ဓသဘာဝ

ဗုဒ္ဓဘာသာဂိုဏ်းအသီးသီး၌ ဗုဒ္ဓနှင့်ပတ်သက်သော ဉာဏ်တော်၊ ဂုဏ်တော်၊ ပါရမီ စသည်များကို အမျိုးမျိုးဘာသာပြန်အနက်ဖွင့်ကြသည်။

ဉာဏ်တော်များ

ကိုးရီးယားနိုင်ငံ၊ ဆိုးကုရမ်ဂူကျောင်းတော်မှ ထိုင်တော်မူဗုဒ္ဓဆင်းတု

ဗုဒ္ဓဘာသာဂိုဏ်များအားလုံး၌ ဗုဒ္ဓသည် ဗောဓိဉာဏ်ရသူ (ဉာဏ်အလင်းပွင့်သူ)၊ လိုချင်တက်မက်မှု တဏှာ၊ မသိမှု အဝိဇ္ဇာဒေါသ စသော အဆိပ်သုံးပါးကင်းစင်သည်ဟူ၍ လက်ခံထားကြ၏ ။[မှတ်စု ၁] ဗုဒ္ဓဆိုသည်မှာ ကံလက်သမား၏ တည်ဆောက်ခြင်း မခံရတော့ပေ၊ သံသရာမှ ကင်းလွတ်ပြီဖြစ်သည်။

ဂိုဏ်အများစုကလက်ခံထားသည်မှာ ဗုဒ္ဓသည် သဗ္ဗညုတဉာဏ် (သိစရာမှန်သမျှသိရှိခြင်း) ကိုရရှိသည်။ သို့သော် အချို့သောအစောပိုင်းကျမ်းစာများ၌ ဤသည်ကို ငြင်းပယ်ကြသည်လည်းရှိ၏ ။[၁၀][၁၁] ထေရဝါဒဗုဒ္ဓဘာသာတွင်မူ သဗ္ဗညုတဉာဏ်တော်ကို ခြွင်းချက်မရှိလက်ခံကာ ပုဗ္ဗနိဝသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်များကို အဆင့်ဆင့်ရရှိခြင်း၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အသာဓာရဏဉာဏ် ခြောက်ပါး၊ ဗုဒ္ဓဉာဏ်တော် ဆယ့်လေးပါး၊ ဝေသာရဇ္ဇဉာဏ် လေးပါးတို့ရရှိပြီး သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်ရရှိခဲ့သောကြောင့် ဗုဒ္ဓအဖြစ်သို့ ဆိုက်ရောက်သည်။[၁၂]

ဂုဏ်တော်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဘုရားဂုဏ်တော်

ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်များအပေါ် အာရုံပြု၍ တရားထိုင်ခြင်း၊ နုပဿတိပွများခြင်းများရှိကြရာ ဘုရားဂုဏ်တော်များကို ပါဠိကျမ်းစာ၊ မဟာယာနကျမ်းစာများ၌ ဖော်ပြထားကြပြီး ထိုဂုဏ်တော်များကို ရွတ်ဆိုပူဇော်ခြင်းများလည်းရှိသည်။[၁၃] ဗုဒ္ဓ၏ ဂုဏ်တော်အပေါင်းသည် ရေတွက်မရသည့်တိုင် များပြားလှသော်လည်း ထေရဝါဒကျမ်းစာတွင် အတိုချုပ်မှတ်သားနိုင်ရန် ဂုဏ်တော်ကိုးပါးဟု ဖော်ပြထားကြသည်။[၁၄] ၎င်းတို့မှာ :

  • အရဟံ
  • သမ္မာသမ္ဗုဒ္ဓေါ
  • ဝိဇ္ဇာစရဏ သမ္ပန္နော
  • သုဂတော
  • လောကဝိဒူ
  • အနုတ္တရော ပုရိသဒမ္မသာရထိ
  • သတ္ထာဒေဝ မနုဿာနံ
  • ဗုဒ္ဓေါ
  • ဘဂဝါ တို့ဖြစ်ကြသည်။

မဟာယာနဂိုဏ်းအချို့တွင်မူ တထာဂတ (လာသောကောင်းခြင်းအရှင်) ကို အမှတ်တစ်နေရာထား၍ ရေတွက်ထားသဖြင့် တစ်ပါးပိုမိုပါရှိသည်။[၁၅] ထို့အပြင် ဆယ်ခုမြောက် ဘဂဝါ နေရာတွင် ဗုဒ္ဓ လောကနာထ (သို့) ဗုဒ္ဓ ဘဂဝါ ဟု ရေးသားကြသည်များလည်း ရှိသည်။[၁၆]

ပါရမီ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပါရမီ

ပါရမီသည် မြင့်မြတ်သူတို့၏ လုပ်ငန်း[၁၇] (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့်[၁၈] ဟူ၍ အနက်ရရှိသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သောသူအများ၌ သမ္မာသမ္ဗုဒ္ဓသည် စံပြုထိုက်သည်။

ဗုဒ္ဓအဖြစ်သို့မရောက်မီ ရှေးကာလဘဝတစ်ခုက ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝဖြစ်သော သမ္မာသမ္ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။ ဒါန၊ သီလ မှအစပြုပြီး ဥပေက္ခာအထိ ဆယ်ခုသော လုပ်ငန်းတာဝန်များဖြစ်ကြသည်။ ပါရမီတစ်ပါးကို နောက်ထပ်သုံးမျိုး ပြန်ခွဲနိုင်သည်။ မူလ ပါရမီ (ရိုးရိုး)၊ ဥပပါရမီ (ရိုးရိုးထက် ပိုသော)၊ ပရမတ္ထပါရမီ (မြတ်သော၊ အမြတ်ဆုံးသော) ဟူ၍ တစ်ပါးကို သုံးခုထပ်မံခွဲခြားသောကြောင့် ပါရမီဆယ်ပါး၊ အကျယ်အနေဖြင့် သုံးဆယ်ဖြစ်သည်။[၁၉] ပါရမီများကို ယေဘုယျအားဖြင့် ဘုရားလောင်းကျင့်စဉ် ဟုခေါ်ဆိုကြ၍ အောက်တွင် ဖော်ပြထားသည်။

ထေရဝါဒပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ဆယ်မျိုးသတ်မှတ်သည်။ ၎င်းတို့မှာ :

  1. ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။
  2. သီလ ပါရမီ= ကိုယ်ကျင့်တရားကောင်းခြင်း။
  3. နိက္ခမ ပါရမီ= တပ်မက်မှုကင်းခြင်း။
  4. ပညာ ပါရမီ= အမှန်တိုင်းသိခြင်း
  5. ဝီရိယ ပါရမီ= ဇွဲလုံ့လကြီးခြင်း။
  6. ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်ခြင်း။
  7. သစ္စာ ပါရမီ= မှန်ကန်ခြင်း။
  8. အဓိဋ္ဌာန ပါရမီ= ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။
  9. မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။
  10. ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊

သမ္မာသမ္ဗောဓိသတ္တဖြစ်သော ဘုရားလောင်းများတွင် ပါရမီဖြည့်စဉ်၌ ပညာဓိက၊ သဒ္ဒါဓိက၊ ဝိရိယာဓိက ဟူ၍ သုံးမျိုးကွဲပြားနိုင်သော်လည်း သမ္မာသမ္ဗုဒ္ဓ ဖြစ်သည့်အခါ အားလုံးသောဂုဏ်ရည်၊ အခြင်းအရာများသည် တူညီကြ၍ မည်သူသည် မည်သူ့ထက်သာသည်ဟု မရှိတော့ပေ။[၁၉]

ဗုဒ္ဓအပေါ် ရှုမြင်ချက်

သမိုင်းခေတ်အဆက်ဆက်၌ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့သည် ဗုဒ္ဓနှင့်ပတ်သက်၍ အမျိုးမျိုးသော ခံယူမှု၊ ယူဆမှု၊ သတ်မှတ်မှုများ ရှိကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို လေ့လာကြသော ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော ရဟန်းပညာရှင်၊ လူပညာရှင်တို့ကလည်း အမျိုးမျိုးသော ယူဆချက်၊ ဖော်ပြချက်များကို ပေးထား၏ ။ ထိုယူဆချက်များမှ ဗုဒ္ဓကို သာမန်လူသား (သို့) မဟာလူသား (သို့) နတ်ဒေဝါ (သို့) အနန္တတန်ခိုးရှင် စသဖြင့် ဖော်ပြထားမှုများကို ဤအပိုင်းတွင် အနည်းငယ်ဖော်ပြထားသည်။

ထေရဝါဒ ကျမ်းစာများ

ပါဠိကျမ်းစာများ၌ သတ္ထာဒေဝ မနုဿာနံ ဟူသော ဂုဏ်အရည်အသွေးတစ်ခု ပါရှိရာ အနက်မှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာဖြစ်၍ နိဗ္ဗာချမ်းသာကို ရရှိပြီးဖြစ်သည်။ တစ်ဖက်တွင် အခြား နတ် လူ ဗြဟ္မာများသည် နိဗ္ဗာန်ချမ်းသာ သန္တိသုခကို မခံစားရ၊ လောဘ၊ ဒေါသ၊ မောဟများရှိဆဲဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာများထက် မြင့်မြတ်သည်ဟု ဖော်ပြသည်။

မဇ္ဈိမနိကာယ်လာ မဓုပိဏ္ဍိကသုတ်တွင် ဗုဒ္ဓသည် အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏ (အမတဒါယက)၊ တရားအရှင် (ဓမ္မသာမိ) ဖြစ်တော်မူ၏ ဟူ၍ ဖော်ပြထားပြီး[၂၀] သံယုတ္တနိကာယ်လာ "အနုရာဓသုတ်"တွင်[၂၁] ဗုဒ္ဓကို ဤသို့ဖော်ပြရေးသားထားသည်။

ငါ့သျှင်တို့ ထိုမြတ်သော ယောက်ျားဖြစ်သော အလွန်မြတ်သော ယောက်ျားဖြစ်သော အမြတ်ဆုံးသို့ရောက်သော ထိုမြတ်စွာဘုရားသည်...

ဟုပါရှိသည်။ တဖန် သံယုတ္တနိကာယ်လာ "ဝက္ကလိသုတ်"[၂၂]တွင် အရှင်ဝက္ကလိမထေရ် အနာရောဂါနိပ်စက်၍ မြတ်စွာဘုရားကို ဖူးတွေ့ချင်မိသောကြောင့် အခြားရဟန်းများကို ပင့်ခိုင်းရာ မြတ်စွာဘုရားကြွရောက်လာ၍

ဝက္ကလိ တရားကိုမြင်သော သူသည် ငါဘုရားကိုမြင်သည် မည်၏၊ ငါဘုရားကို မြင်သောသူသည် တရားကိုမြင်သည် မည်၏။ ဝက္ကလိ မှန်၏၊ တရားကိုမြင်လျှင် ငါ့ကိုမြင်၏၊ ငါ့ကိုမြင်လျှင် တရားကိုမြင်၏။

ဟုဆိုကာ ဗုဒ္ဓသည် မိမိကိုယ်ကို ဓမ္မ ဟူ၍ ခိုင်းနှိုင်းဖော်ပြထားသည်လည်းရှိ၏ ။ ဒီဃနိကာယ်လာ "အဂ္ဂညသုတ်"တွင် ဝါသေဋ္ဌသာမဏေကို ယခုကဲ့သို့ မိန့်ဖူးသည်။ "ဓမ္မကာယ ဗြဟ္မကာယ ဓမ္မဘူတ ဗြဟ္မဘူတဟူသော ဤအမည်သည် ငါ၏အမည် ဖြစ်သောကြောင့်တည်း။"[မှတ်စု ၂] စသဖြင့် အထက်ပါ ကျမ်းစာအသီးသီးတို့တွင် ဗုဒ္ဓသည် မည်သူမျှမတတ်နိုင်သော အမြိုက်နိဗ္ဗာန်ကို ပေးသူ၊ တရားတို့၏ အရှင်၊ အမြတ်တကာ အမြတ်ဆုံးသောသူ၊ ဗုဒ္ဓသည် ဓမ္မ (ခိုင်းနှိုင်းမှု)၊ ဓမ္မကာယ ဟူသော အလုံးစုံသောတရားများ ပေါင်းစုသူဟူ၍ ဗုဒ္ဓ၏မြင့်မြတ်ခြင်းသဘောကို ထိုသို့ဖော်ပြထားသည်။

ပညာရှင်အချို့၏ ဖော်ပြချက်

မြန်မာနိုင်ငံမှ ထင်ရှားခဲ့သော ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဦးသေဋ္ဌိလက ဆောင်းပါးတစ်ခုတွင် "ဗုဒ္ဓသည် ဗောဓိဉာဏ်ကို ရရှိသူဖြစ်၍ ဗောဓိဉာဏ်ဆိုသည်မှာ လူသားများ၏ လုပ်နည်းလုပ်ဟန်သက်သက်ဖြင့် ရရှိနိုင်ပေသော အသိဉာဏ်နှင့် ကိုယ်ကျင့်တရားပြီး ပြည့်စုံမှုဆိုသည့် အကောင်းဆုံး စံပြအခြေအနေကို ခေါ်ဆိုသည်။ ဗုဒ္ဓဟူသော ​ဝေါဟာရသည် တိုက်ရိုက်အားဖြင့် ဉာဏ်အလင်းရသူ၊ သိသူဖြစ်၏ ။ ... ယခုပွင့်ခဲ့သော ဂေါတမဗုဒ္ဓသည် လူသားတစ်ဦးအနေဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ခဲ့၍ မည်သူမဆို သူ၏ လမ်းကြောင်းကို လျှောက်လှမ်းပါက သူကဲ့သို့ပင် ဖြစ်နိုင်သည်ဟု သင်ကြားပြသခဲ့သည်။"[၂၃]

သာဝတ္ထိ ဓမ္မိကရဟန်းတော်က "ဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်များစွာကြာသောအခါ ရာဇဝင်၊ ဒဏ္ဍာရီများက ဗုဒ္ဓသည် လူတစ်ဦးဆိုသည်ကို မှေးမှိန်ဖုံးဖိစေကာ နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပေါ်စေသည်။ အမှန်စင်စစ်အားဖြင့် ဗုဒ္ဓသည် သာမန်လူသားတစ်ဦးမဟုတ်၊ ပြီးပြည့်စုံသော မဟာပုရိသ၊ မဟာလူသားတစ်ဦးဖြစ်သည်။ ထိုသို့သော မဟာလူသားသည်လည်း သာမန်သူများနှင့် မထူးခြား သမားရိုးကျမွေးဖွားလာ၍ ရုပ်ပိုင်းဆိုင်ရာဖြင့်လည်း သာမန်သာဖြစ်သည် ဟုရေးသားဖူးသည်။[၂၄] သံဃရက္ခိတ ဆိုသော Dennis Philip Edward Lingwood က ယခုကဲ့သို့ ရေးသားထား၏ ။ "ပထမဆုံး ကျုပ်တို့တွေနားလည်ရမှာက ဗုဒ္ဓသည် လူသားဖြစ်သည်ဆိုတာပါပဲ။ ဒါကအရေးကြီးပါတယ်။ ဒါပေမယ့်လည်း သာမန်နဲ့မတူ ထူးခြားတဲ့လူသား၊ ကျုပ်တို့ သိသလောက် အားလုံးထဲမှာ အမြင့်ဆုံးအဆင့်ရှိတဲ့သူမျိုးပေါ့။"[၂၅]

ပီတာဟာဗီး၏ ဗုဒ္ဓဘာသာမိတ်ဆက်စာအုပ်၌ ဗုဒ္ဓကို လူသား (သို့) နတ်ဒေဝါတစ်ပါး၊ မည်သည်ဖြစ်သည်ကို မေးမြန်းရာ ဗုဒ္ဓက သူသည် လူ (သို့) နတ် ဖြစ်စေရန် ဖန်တီးမည့် အမြစ်တွယ်ကပ်နေသော မသိစိတ်ဉာဉ်များကို ဖယ်ရှားထားပြီဖြစ်၍ ဗုဒ္ဓဟုသာ ခေါ်ဆိုသင့်ကြောင်း၊ မဟာပထဝီမြေကြီး၌ ရှင်သန်ကြီးပြင်းခဲ့သော်လည်း ယခုအခါ၌ ထိုမဟာမြေကြီး၏ အလွန်တွင် တည်ရှိပြီဖြစ်သည်။ ကြာသည် ရေမှ ပေါက်ဖွားသော်လည်း ရေမျက်နှာပြင်၏ အထက်၊ မြေနှင့်မထိတွေ့ဘဲ ငွားငွားစွင့်စွင့် ပွင်းလန်းနေသကဲ့သို့ဖြစ်လေသည်ဟု ပြန်လည်မိန့်ကြားထားကြောင်းကို ဖော်ပြထားသည်။[၂၆]

အန်ဒရူး စကစ်လ်တန်က ဗုဒ္ဓဘာသာ အယူအဆများ၌ ဗုဒ္ဓကို သမိုင်းတစ်လျှောက် မည်သည့်အခါမျှ သာမန်လူသားတစ်ဦးဟု သတ်မှတ်ယူဆခဲ့ခြင်းမရှိပါဟု ရေးသားထားသည်လည်းရှိ၏ ။[၂၇]

အရေးကြီးတာကို အလေးပေးပြောရမယ်ဆိုရင် ခေတ်သစ်ထေရဝါဒအဆုံးအမတွင် ဗုဒ္ဓသည် လူသားတစ်ဦးဟု ဆိုကြသော်လည်း ဗုဒ္ဓကို သာမန်လူသားတစ်ဦးအဖြစ် မည်သည့်အခါကမျှ မယူဆခဲ့ချေ။ ဆိုလိုသည်မှာ ဗုဒ္ဓတွင် လက္ခဏကြီး (၃၂) ပါး၊ လက္ခဏာငယ် (၈၀) ရှိ၍ မဟာပုရိဿ (မဟာလူသား) ဟု ဖော်ပြလေ့ရှိကြသည်။ ဗုဒ္ဓကိုယ်တော်တိုင် ၎င်းသည် လူတစ်ဦး၊ နတ်တစ်ပါးဖြစ်သည်ကို ငြင်းဆန်ထားကာ မဟာပရိနိဗ္ဗာနသုတ်တွင် ဗုဒ္ဓသည် မိမိဆန္ဒအလျောက် ပရိနိဗ္ဗာန်စံရန် အလိုရှိအပ်သောကြောင့်သာ ပရိနိဗ္ဗာန်ပြုသည်။ အကယ်၍ တောင်းဆိုလာပါက ပရိနိဗ္ဗာန်မစံဘဲ ကပ်ကမ္ဘာများစွာ နေတော်မူနိုင်သေးသည်ဟူသောအချက်ပါရှိသည်။[မှတ်စု ၃]

ဦးရွှေအောင်ပြုစုသော "ဗုဒ္ဓ (သို့) လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်"စာအုပ်တွင် ဗုဒ္ဓသည် လူသားမိခင်တစ်ဦးမှ မွေးဖွားလာသည်ဖြစ်၍ သာမန်အားဖြင့် လူပုဂ္ဂိုလ်ဟု ဆိုနိုင်သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အဆုံးမရှိသော ပါရမီတော်များကို ဖြည့်ကျင့်ခဲ့မှုကြောင့် ရိုးရိုးလူသားမဟုတ်၊ အနှိုင်းမဲ့ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်ရေးသားထားသည်မှာ 'လူ' ဟုဆိုပါက မှန်သည်။ သို့သော် လူတို့၏ မကိုဋ်ဖြစ်သည်။ 'နတ်'၊ 'ဗြဟ္မာ' ဟု ဆိုလျှင် မှန်သည်။ သို့သော် 'နတ်'၊ 'ဗြဟ္မာ'တို့၏ မကိုဋ် ဖြစ်သည်။ အခြားသက်ရှိတစ်မျိုးဟု ဆိုလျှင်လည်း မှန်ကာ ထိုသက်ရှိတစ်မျိုး၏ မကိုဋ်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဗုဒ္ဓသည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးနှင့် ပါရမီဖြည့်စဉ်ကာလများ၌ သံသရာတစ်လျှောက် ဆက်စပ်နေသောကြောင့် (သို့) ထို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများဖြစ်ခဲ့ဖူးသောကြောင့် ထိုထိုသဘောများကို ကိုယ်တိုင်ကြုံခဲ့ခြင်းရှိသောကြောင့် ဖြစ်၏ ။[၁၇]

နာရဒ မဟာထေရ်က "ဗုဒ္ဓသည် လူသားတစ်ဦးဖြစ်၍ လူသားကဲ့သို့ မွေးဖွား၊ နေထိုင်၊ ဘဝအဆုံးသတ်ခဲ့သည်။ လူသားဖြစ်သော်လည်း အလွန်ထူးခြားသော လူသား (အစ္ဆရိယ မနုဿ) ဖြစ်သည်။ နတ်ဘုရားတစ်ဆူဟု မမိန့်ခဲ့၊ ၎င်းသည် ထိုသို့ မသေနိုင်သော နတ်ဘုရားတစ်ဆူဖြစ်ကြောင်း အယူအဆအမှားများကိုလည်း ရှင်းလင်းပြသသည်။ နတ်ဘုရားသဘောသဘာမရှိသည့် နတ်ဘုရားကဲ့သို့ တူညီသော ဆရာဟူသည် ဤလောက၌ မရှိပါ" ဟူ၍ ဗုဒ္ဓဘာသာအနှစ်ချုပ်စာအုပ် (Buddhism in a Nutshell) တွင် ဆိုထားသည်။[၂၉]

မဟာသံဃိကဂိုဏ်း၏ သတ်မှတ်ချက်

အစောပိုင်းပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာဂိုဏ်းခွဲများအနက် မဟာသံဃိကဂိုဏ်းတွင် ဗုဒ္ဓ(များ)သည် စွမ်းအားတန်ခိုးရှိသည့် သဘာဝများကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ကြကာ မဟာသံဃိကဂိုဏ်းဝင်များက ဗုဒ္ဓများ၊ ဗောဓိသတ္တများသည် အလွန်တရာ သာလွန်မြင့်မြတ်ခြင်း၊ အစွမ်းတန်ခိုးသတ္တိများ ရှိကြောင်း၊ ရဟန္တာဆိုသည်မှာ အမှားပြုနိုင်ဖွယ်ရှိကြောင်းတို့ကို တင်ပြကြသည်။[၃၀] မဟာသံဃိက၏ အခွဲများဖြစ်သော ဧကဗျောဟာရိကဂိုဏ်း၊ လောကုတ္တရာဝါဒဂိုဏ်း၊ ကုက္ကုဋိကဂိုဏ်းတို့ရှိ "သမယဗေဒေါပရစနစကြာ"ကျမ်းစာ၌ ဆိုထားသော အချက် ၄၈ ချက်တွင် အချက်၂၀ သည် ဗုဒ္ဓများ၊ ဗောဓိသတ်များ၏ အစွမ်းတန်ခိုးသတ္တိများကို ဖော်ပြထားသည်။[၃၁] ဗုဒ္ဓဘာသာ ဒဿနလေ့လာမှုဆိုင်ရာ ပါမောက္ခ ယောင် ကျိဟွာက ယခုလိုရေးသားထားသည်။

၎င်းတို့၏ ရှုထောင့်တွင် ဗုဒ္ဓဆိုသည်မှာ အောက်ပါ သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ "လောကုတ္တရ" ခေါ် လောကထက် မြတ်ခြင်း၊ ကိလေသာမြူ မဲ့ခြင်း၊ ဓမ္မစကြာကို လည်စေခြင်း (တရားဟောခြင်း)၊ မုက္ခပါဌ်တစ်ခုတည်းဖြင့် တရားအားလုံးကို အသေးစိတ်ပြောနိုင်ခြင်း၊ ဟောပြောသည့်အတိုင်း မှန်ကန်ခြင်း၊ ဗုဒ္ဓ၏ ရူပခန္ဓာသည် အတိုင်းအဆမဲ့ခြင်း၊ တန်ခိုးတော်အန္တရှိခြင်း၊ ဘဝသက်တမ်း ကာလမဲ့ခြင်း၊ သတ္တဝါတို့ကို ဟောပြော ခြေချွတ်၊ သဒ္ဒါယုံကြည်မှု နိုးကြားစေရာတို့တွင် ပင်ပန်းနွမ်းနယ်မှုမရှိခြင်း၊ အိပ်စက်မှု၊ အိပ်မက်မက်မှု မရှိခြင်း၊ မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ရပ်ဆိုင်းမှုသဘောမရှိခြင်း၊ ကာလတိုင်း၌ သမာဓိ ခိုင်မြဲခြင်း တို့ဖြစ်၏။

မဟာသံဃိကဂိုဏ်းလာ ကျမ်းတစ်ခု၌ "တထာဂတတို့၏ စွမ်းအားသည် အတိုင်းအဆမဲ့၍ ဗုဒ္ဓ၏ဘဝ(သက်တမ်း) သည်လည်း အနန္တဖြစ်၏" ဟုဖော်ပြထားသည်။[၃၂] ကွမ်းရှင်း ဆိုသူကလည်း ဗုဒ္ဓ၏ အဓိကအရည်အသွေးနှစ်ခုကို မဟာသံဃိကတရားများတွင် တွေ့နိုင်သည်။ ဆိုလိုသည်မှာ ဗုဒ္ဓစစ်စစ်သည် ဉာဏ်အလင်းပွင့်သောသူ၊ အနန္တတန်ခိုးရှင်ဖြစ်ကာ အဝတာပုံစံများဖြင့် သတ္တဝါတို့ကို ကျွမ်းကျင်လိမ္မာစွာဖြင့် ခြေချွတ်တော်မူသည် ဟုပြောဆိုသည်။[၃၃] မဟာသံဃိကဂိုဏ်းအယူအဆတွင် လက်ရှိပွင့်ထွန်းခဲ့သည့် ဂေါတမဗုဒ္ဓသည် ဤသို့ အသွင်ပြောင်းဖန်ဆင်းထားသော ရုပ်ခန္ဓာများ (နိမ္မိတကာယ) ထဲကတစ်ဆူ ဟူ၍ယူဆကြကာ ဗုဒ္ဓစင်စစ်သည် ဓမ္မကာယ (တရားအားလုံးပေါင်းစုထားသူ) နှင့် ညီမျှသည်ဟု ဆိုကြပေသည်။[၃၄]

ပွင့်တော်မူခဲ့သော ဗုဒ္ဓများ

ဆန်ချီစေတီတော်ရှိ ဘုရားခုနစ်ဆူ၊ (အမည်အားဖြင့် ဝိပဿီဘုရားသိခီဘုရားဝေဿဘူဘုရားကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဂေါတမဘုရား တို့ဖြစ်ကြသည်။) ဘီစီတစ်ရာစု၊ ညာအစွန်းရှိဘုရားသည် ဂေါတမဗုဒ္ဓဖြစ်၏ ။[၃၅]


ဘုရားခုနစ်ဆူ

အနောက်တိုင်းပညာရှင်တို့သည် ပါဠိကျမ်းစာများကို အစောပိုင်းကျမ်းစာနှင့် နှောင်းပိုင်းကျမ်းစာဟူ၍ ခွဲခြားရာတွင် ပထမမှ စတုတ္ထနိကာယ်အထိ ကျမ်းစာအများစုကို အစောပိုင်းကျမ်းစာများအဖြစ်ယူဆကြ၍ ပဉ္စမမြောက်နိကာယ်မှ ကျမ်းအများစု (သို့) အချို့ကို နှောင်းပိုင်ဟူ၍ သတ်မှတ်ကြသည်။ ထို့ကြောင့် အစောပိုင်း နိကာယ်လေးခုတွင် ဗုဒ္ဓခုနစ်ဆူ (သတ္တတထာဂတ-Sattatathāgata)ကိုသာ ဖော်ပြထားသည်။

ထိုဗုဒ္ဓခုနစ်ဆူမှာ :

  1. ဝိပဿီဘုရား
  2. သိခီဘုရား
  3. ဝေဿဘူဘုရား
  4. ကကုသန်ဘုရား
  5. ကောဏဂုံဘုရား
  6. ကဿပဘုရား
  7. ဂေါတမဘုရား တို့ဖြစ်ကြသည်။

အထူးသဖြင့် ဤဗုဒ္ဓခုနစ်ဆူကို ဝိနည်းပိဋကတ်ပါရာဇိကဏ်အပိုင်း[၃၆]တွင် ပါရှိပြီး သုတ္တန်ပိဋကတ်ဒီဃနိကာယ်လာ သုတ်မဟာဝါ (မဟာဝဂ်)မှ မဟာပဒါနသုတ်[၃၇]ပါထိကဝဂ်မှ အာဋာနာဋိယသုတ်ခုဒ္ဒကနိကာယ်၏ ပဋိသမ္ဘိဒါမဂ်မှ "သတ္တဗောဓိသတ္တဝါရ"အပိုင်း[၃၈]တို့တွင် ဖော်ပြထားသည်။ ဒီဃနိကာယ်လာ စက္ကဝတ္တိသုတ်တွင် ဤဘုရားခုနစ်ဆူပြီးနောက် မေတ္တယျမြတ်စွာဘုရားပွင့်မည်ဟု ပြဆိုထားသည်။[၃၉]

ထေရဝါဒ၏ နောက်ဆုံးနိကာယ်ဖြစ်သော ခုဒ္ဒကနိကာယ်၏ ဗုဒ္ဓဝံသကျမ်း၌ နှစ်ကျိပ်လေးဆူသော ရှေးရှေးဗုဒ္ဓများကို ဖော်ပြထားသည်။ အထက်၌ဖော်ပြခဲ့သော ဘုရားခုနစ်ဆူအပြင် ပို၍စောသော ဘုရားနှစ်ဆယ့်တစ်ဆူကို ဖော်ပြထားခြင်းဖြစ်သည်။ အနောက်တိုင်းဖက်က ယူဆသည်မှာ ဗုဒ္ဓဝံသကျမ်းသည် ဘီစီ ၁-၂ ရာစုကြားက ပြုစုသောကျမ်းဖြစ်သည်။[၄၀][၄၁] ထေရဝါဒအယူအဆ၌ ကမ္ဘာတစ်ခုတွင် အများဆုံးပွင့်ထွန်းနိုင်သော ဗုဒ္ဓအရေအတွက်မှာ ငါးပါးသည်အများဆုံးဖြစ်၍ ထိုဗုဒ္ဓငါးပါးပွင့်ထွန်းသော ကမ္ဘာကိုဘဒ္ဒကပ္ပ (ဘဒ္ဒကမ္ဘာ) ဟုအမည်တွင်ကာ ဗုဒ္ဓတစ်ဆူမျှမပွင့်သော ကမ္ဘာအမျိုးအစားလည်းရှိ၍ ထိုကမ္ဘာသည် သုညကပ္ပ (သုညကမ္ဘာ) ဖြစ်သည်။ ဗုဒ္ဓတစ်ဆူပွင့်သည့်ကမ္ဘာကို သာရကပ္ပ (သာရကမ္ဘာ)၊ နှစ်ဆူပွင့်လျှင် မဏ္ဍကပ္ပ (မဏ္ဍကမ္ဘာ)၊ သုံးဆူပွင့်ပါက ဝရကပ္ပ (ဝရကမ္ဘာ)၊ လေးဆူပွင့်ထွန်းသည်ဆိုလျှင် သာရမဏ္ဍကပ္ပ (သာရမဏ္ဍကမ္ဘာ) ဟူ၍ အသီးသီးခေါ်ဆိုသည်။ (ဗုဒ္ဓဝံသကျမ်း)

လက်ရှိကမ္ဘာတွင် ဗုဒ္ဓလေးဆူပွင့်ထွန်းခဲ့ပြီးဖြစ်၍ လက်ရှိသာသနာမှာ ဂေါတမဗုဒ္ဓဘုရား၏ သာသနာဖြစ်ပြီး နောင်ပွင့်ရန် တစ်ဆူကျန်ရာ အရိမေတ္တေယျဗုဒ္ဓဘုရားသည် ငါးဆူမြောက်ဖြစ်မည်။ ထို့ကြောင့် ဘုရားငါးဆူပွင့်သော ဤကမ္ဘာကို ဘဒ္ဒကမ္ဘာဟု အမည်ရကာ အနက်မှာ ကောင်းမွန်တင့်တယ်သော၊ ကောင်းခြင်းမင်္ဂလာရှိသော ကမ္ဘာ ဖြစ်၏ ။[၄၂]

သက္ကတနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာအချို့၏ အယူအဆများ၌ ဘဒ္ဒကမ္ဘာတွင် ဗုဒ္ဓ ၁,၀၀၀ အထိ ပွင့်ထွန်းကာ ဂေါတမဗုဒ္ဓ၊ မေတ္တေယျဗုဒ္ဓတို့သည် စတုတ္ထ၊ ပဉ္စမမြောက် ဘုရားများဖြစ်ဖြစ်ကြသည်ဟု ဆိုသည်။[၄၃]

အာသောကမင်း၏ နိဂလိဆာဂါရှိ ကျောက်စာတွင် ဗြဟ္မီအက္ခရာဖြင့် ကောဏဂုံဘုရား စာသား၊ ဘီစီ ၂၅၀
လုမ္ဗိနီရှိ အာသောကမင်းကျောက်စာမှ ဗြဟ္မီဘာသာဖြင့် "ဗုဒ္ဓေ" နှင့် "သကျမုနိ" စကားလုံးများ။

ကောဏဂုံ (ကောဏာဂမဏ) ဘုရားကို ယနေ့ခေတ် နီပေါနိုင်ငံ၊ နိဂလဆာဂါ (ရွာ)တွင် အာသောကမင်း၏ ၃ ရာစုနှစ်က ထွင်းခဲ့သော ကျောက်စာတွင် ဖော်ပြထားမှုရှိသည်။ ယနေ့ခေတ်တွင် ထိုနေရာ၌ ယင်းကျောက်စာကို တွေ့နိုင်သည်။ ဗြဟ္မီအက္ခရာဖြင့် ရေးသားထားကာ ကျောက်စာသည် ပြိုလဲနေ၍ တစ်စိတ်တစ်ဒေသသည် မြေအောက်၌ဖြစ်၏ ။ အာသောကမင်းသည် ဘီစီ ၂၄၉ ၌ ထိုနေရာသို့ လှည့်လည်လာကာ ထိုနေရာသို့ သူရောက်ရှိကြောင်း၊ ကောဏဂုံဘုရားကို ရည်မှန်း၍ ထူပါရုံတစ်ဆူ တည်/ချဲ့ထွင် ခြင်း၊ ကျောက်စာ ရေးထိုး စိုက်ထူခဲ့ခြင်းတို့ကို မှတ်တမ်းတင်ထားလေသည်။[၄၄][၄၅]

တရုတ်ခရီးသွားရဟန်းတော် ရွှမ်ကျန်း၏ ဖော်ပြချက်တွင် ကောဏဂုံဘုရား၏ ဓာတ်တော်များကို နိဂလစာဂါရွာတွင် ထူပါရုံတည်၍ ဌာပနာထားသည်။ ထိုနေရာသည် ယနေ့ခေတ် နီပေါတောင်ပိုင်း၊ ကပ္ပိလဝတ် ခရိုင်တွင် တည်ရှိသည်။[၄၆]

"သကျမုနိ" ဟုလည်း ခေါ်ဆိုသော ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံ လုမ္ဗနီရှိ အာသောကျောက်စာတိုင်တွင် ရေးသားထားသည်။ ဗြဟ္မီအက္ခရာသုံးစွဲထား၍ မောရိယမင်းဆက် ဧကရာဇ် အာသောကမင်းသည် ဘီစီ ၃ ရာစုက ဤနေရာသို့ ရောက်ရှိလာကာ ဂေါတမဗုဒ္ဓ၏ ဖွားမြင်ရာနေရာဟု ဖော်ပြထားလေ၏ ။[၄၇][note ၁]

ဒေဝါနံပီယ၊ ပီယဒဿီဘုရင်မင်းမြတ်သည် ရာဇဘိသေကခံယူအပြီး နှစ်နှစ်ဆယ်၌ ဤအရပ်ဒေသသို့ ရောက်ရှိတော်မူ၍ သကျမုနိဗုဒ္ဓဖွားမြင်ရာ ဤအရပ်ကို ရိုသေခယပူဇော်သည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် မြင်းရုပ်ကိုထွင်းထုစေ၍ ကျောက်တိုင်စိုက်ထူစေသည်။ ဘုရားရှင်သည် ဤအရပ်ဒေသတွင် ပွင့်ထွန်းခဲ့သည်ကို ဖော်ပြရန်ဖြစ်၏ ။ လုမ္ဗိနီရွာကို အခွန်ကင်းလွတ်စေ၍ (သီးနံ)ထုတ်လုပ်မှု၏ အဋ္ဌမမြောက်ဝေစုကိုသာ ပေးစေသည်။

— လုမ္ဗိနီ အမိန့်ပြန်တမ်း၊ အာသောကကျောက်စာများထဲက တစ်ခု။ [၅၀]

နှစ်ကျိပ်ကိုးဆူသော ဘုရားများ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်တွင် ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဗုဒ္ဓဘုရားများကို ရှိခိုးနေခြင်း

ထေရဝါဒအလိုအရ ရေတွက်၍မရသော ကပ်ကမ္ဘာ အသင်္ချေအနန္တတို့တွင် ရေတွက်မရသော ဗုဒ္ဓအဆူဆူ ပွင့်ခဲ့ပြီးဖြစ်သည်။[၅၁]သို့သော် အမည်သတ်မှတ်ဖော်ပြထားသော ဗုဒ္ဓအရေအတွက်မှာ နှစ်ကျိပ်ကိုးဆူဖြစ်သည်။ ထေရဝါဒကိုးကွယ်ယုံကြည်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာတို့တွင် ဤနှစ်ကျိပ်ကိုးဆူသော ဗုဒ္ဓများကို ပူဇော်ကြ၍ ပွဲတော်ရာသီကာလများ၌ ဘုရားပွဲများကျင်းပကြသည်။ ဗုဒ္ဓဝံသ (သို့) ဗုဒ္ဓဝင်တွင် သီးသန့်အနေဖြင့် နှစ်ကျိပ်လေးဆူသော ဘုရားများနှင့် ဂေါတမဗုဒ္ဓဝင်ကို ဖော်ပြထားသည်။[မှတ်စု ၄] ထို့ကြောင့် (၂၅) ဆူဖြစ်၍ ဒီပင်္ကရာဘုရား၏ ရှေ့တွင် ဘုရားသုံးဆူရှိကာ နှစ်ကျိပ်ရှစ်ဆူဖြစ်လာပြီး အရိမေတ္တယျဘုရားကို ထည့်သွင်းလျှင် နှစ်ကျိပါကိုးဆူဖြစ်သည်။[၅၂] (ဗုဒ္ဓဝင်ကျမ်း)

ထိုဗုဒ္ဓများမှ ပထမဆုံးသုံးဆူသည် တဏှင်္ကရာဘုရား၊ မေဓင်္ကရာဘုရား၊ သရဏင်္ကရာဘုရား တို့ဖြစ်ကြကာ စတုတ္ထမြောက်ဗုဒ္ဓသည် ဂေါတမဘုရားအလောင်းတော် သုမေဓာရသေ့ကို "နိယတ ဝိဝရဏ" ဗျာဒိတ်ပေးသော ဒီပင်္ကရာဘုရားဖြစ်၏။[၅၃] များစွာသော ဗုဒ္ဓဘာသာဝင်များသည် ၂၉ ကိုးဆူမြောက်ပွင့်မည့် အရိမေတ္တယျဘုရားကိုလည်း မျှော်မှန်း၍ ပူဇော်ကြလေသည်။ အရိမေတ္တယျဘုရား ပွင့်ထွန်းမည့် ဗျာဒိတ်အကြောင်းအရာများကို ထေရဝါဒ၊ မဟာယာန၊ ဝဇီရာယာန စသော ဂိုဏ်များရှိ ကျမ်းစာများတွင် တွေ့ရှိနိုင်ကာ ဇမ္ဗူဒီပကျွန်း (ဇမ္ဗူဒိပ်ကျွန်း; အိန္ဒိယ) တွင် ပွင့်မည်ဟု လက်ခံထားကြသည်။

အောက်ပါဇယားတွင် (၂၉) ဆူသော ဗုဒ္ဓများ၏ အချက်အလက်အချို့ကို ဖော်ပြထား၍ ဗုဒ္ဓအများစု၏ အချက်အလက်များကို မင်းကွန်းတိပိဋကဆရာတော်ပြုစုသော မဟာဗုဒ္ဓဝင်ကျမ်းမှ ဖော်ပြထားခြင်းဖြစ်သည်။

ပါဋ္ဌိအမည် သင်္သကရိုက်အမည် (လက်တင်အက္ခရာ) ဖွားမြင်ရာဒေသ မိဘ ဗောဓိပင် ဂေါတမဘုရားလောင်းအမည်
1 တဏှင်္ကရာဘုရား Tṛṣṇaṃkara ပုပ္ဖဝတီ သုနန္ဒမင်း နှင့် သုနန္ဒာမိဖုရား တောင်မရိုးပင် -
2 မေဓင်္ကရာဘုရား Medhaṃkara ယဃရ သုဒေဝမင်း နှင့် ယသောဓရာ ပေါက်ပင် -
3 သရဏင်္ကရာဘုရား Śaraṇaṃkara ဝိပုလ သုမင်္ဂလမင်း နှင့် ယသဝတီ သခွတ်ပင်
4 ဒီပင်္ကရာဘုရား Dīpaṃkara ရမ္မာဝတီ သုဒေဝမင်း နှင့် သုမေဓာမိဖုရား ညောင်ကြတ် သုမေဓာ (သူဌေးသာ၊ ရသေ့)
5 ကောဏ္ဍညဘုရား Kauṇḍinya ရမ္မာဝတီ သုနန္ဒမင်း နှင့် သုဇာတာမိဖုရား သာလကလျာဏီ ဝိဇိတာဝီ (စကြဝတေးမင်း)
6 မင်္ဂလဘုရား Maṃgala[၅၄] ဥတ္တရ ဥတ္တရမင်း နှင့် ဥတ္တရမိဖုရား ကံ့ကော်ပင် သုရုစိ (ပုဏ္ဏား)
7 သုမနဘုရား Sumanas[၅၄] မေခလ သုဒတ္တမင်း နှင့် သိရိမာမိဖုရား ကံ့ကော်ပင် အတုလ (နဂါးမင်း)
8 ရေဝတဘုရား Raivata သုဓညဝတီ ဝိပုလမင်း နှင့် ဝိပုလာမိဖုရား ကံ့ကော်ပင် အတိဒေဝ (ပုဏ္ဏား)
9 သောဘိတဘုရား Śobhita သုဓမ္မ သုဓမ္မမင်း နှင့် သုဓမ္မမိဖုရား ကံ့ကော်ပင် သုဇာတ (ပုဏ္ဏား)
10 အနောမဒဿီဘုရား Anavamadarśin စန္ဒဝတီ ယသဝါမင်း နှင့် ယသောဓရာမိဖုရား ထောက်ကြံ့ပင် နတ်ဘီလူး သေနာပတိ
11 ပဒုမဘုရား Padma စမ္ပကမြို့ အသမမင်း နှင့် အသမမိဖုရား ကြောင်လျှာပင် ခြင်္သေ့မင်း
12 နာရဒဘုရား Nārada ဓညဝတီမြို့ သုဒေဝမင်း နှင့် အနောမာမိဖုရား ကြောင်လျှာကြီးပင် ရသေ့
13 ပဒုမုတ္တရဘုရား Padmottara ဟံသာဝတီ အာနန္ဒမင်း နှင့် သုဇာတာမိဖုရား ထင်းရှူးပင် ဇဋိလ (သူဌေးသား)
14 သုမေဓာဘုရား Sumed သုဒဿနမြို့ သုဒတ္တမင်း နှင့် သုဒတ္တမိဖုရား မအူကြီးပင် (သို့) ကျည်းပင် ဥတ္တရ (သူဌေး)
15 သုဇာတာဘုရား Sujāta သုမင်္ဂလ ဥဂ္ဂတမင်း နှင့် ပဘာဝတီ ကြခတ်ဝါးပင် စကြာမင်း
16 ပီယဒဿီဘုရား Priyadarśin သုဓညဝတီ သုဒတ္တမင်း နှင့် စန္ဒာဒေဝီ ရေခံတက်ပင် ကဿပ (ပုဏ္ဏား)
17 အတ္ထဒဿီဘုရား Arthadarśin သောဘဏ သာဂရမင်း နှင့် သုဒဿနာမိဖုရား စကားပင် သုသီမ (ရသေ့)
18 ဓမ္မဒဿီဘုရား Dharmadarśi သရဏ သရဏမင်း နှင့် သုနန္ဒာမိဖုရား မျက်နှာပန်းပင် သိကြားမင်း
19 သိဒ္ဓတ္ထဘုရား Siddhārtha ဝေဘာရ ဥဒနေမင်း နှင့် သုဖဿာမိဖုရား မဟာလှေကားပင်ရင်း မင်္ဂလ (ပုဏ္ဏား)
20 တိဿဘုရား Tiṣya ခေမက ဇနသန္ဓမင်း နှင့် ပဒုမာမိဖုရား ပိတောက် သုဇာတမင်း
21 ဖုဿဘုရား Puṣ ကာသိက ဇယသေနမင်း နှင့် သိရိမာမိဖုရား ရှိရှားပင် ဝိဇိတာဝီမင်း
22 ဝိပဿီဘုရား Vipaśyi ဗန္ဓုမတီ ဗန္ဓမမင်း နှင့် ဗန္ဓုမတီမိဖုရား သခွတ်ပင် အတုလ (နဂါးမင်း)
23 သိခီဘုရား Śikhi အရုဏဝတီ အရုဏမင်း နှင့် ပဘာဝတီမိဖုရား သရက်ဖြူပင် အရိန္ဒမမင်း
24 ဝေဿဘူဘုရား Viśvabh အနောမ သုပ္ပတီတမင်း နှင့် ယသဝတီမိဖုရား အင်ကြင်းပင် သုဒဿနမင်း
25 ကကုသန်ဘုရား Krakucchanda ခေမဝတီ အဂ္ဂိဒတ္တပုဏ္ဏား နှင့် ဝိသာခါ(ဇနီး) ကုက္ကိုပင် ခေမမင်း
26 ကောဏဂုံဘုရား Kanakamuni[၅၅] သောဘဝတီ ယညဒတ္တပုဏ္ဏား နှင့် ဥတ္တရာကပ(ဇနီး) ရေသဖန်းပင် ပဗ္ဗတမင်း
27 ကဿပဘုရား Kāśyapa ဗာရာဏသီ ဗြဟ္မဒတ္တပုဏ္ဏား နှင့် ဓနဝတီ ပညောင်ပင် ဇောတိပါလ (လုလင်)
28 သကျမုနိ ဂေါတမဘုရား Sakyamuni Buddha လုမ္ဗိနီ သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီမိဖုရား ညောင်ဗုဒ္ဓဟေပင် လက်ရှိ ဂေါတမဗုဒ္ဓ
29 အရိမေတ္တေယျဘုရား Maitreya[၅၆] ကေတုမတီပြည်မှ သုဗြဟ္မာပုဏ္ဏား နှင့် ဗြဟ္မဝတီ(ဇနီး) ကံ့ကော်ပင်

မဟာယာန၏ ဗုဒ္ဓများ

ဂျပန်နိုင်ငံ၊ ကမာကူရမြို့ရှိ ကမာကူရ ဗုဒ္ဓရုပ်ပွားတော်၊ ၁၃ ရာစုက တည်ထားခဲ့သည်။

မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေရဝါဒတွင်လည်းကောင်း အခြားရှေးဦးကျသော ဗုဒ္ဓဘာသာဂိုဏ်းများတွင်လည်းကောင်း မတွေ့ရသော များပြားသည့် ဗုဒ္ဓဘုရားများကို ကိုးကွယ်ပူဇော်ကြသည်။ ထိုဘုရားများကို အခြားဘံာများ၌ သက်ရှိထင်ရှားရှိနေကြသည်ဟုလည်း ယူဆကြရာ "သန့်စင်သောဘုံ" (သို့) "ဗုဒ္ဓဘုံ" (သို့) "သုခဝတီဘုံ"ဟု ခေါ်ဆိုကြသည်။ ထိုဘုရားများသည် ကမ္ဘာမြေမှ မဟုတ်သောကြောင့်၊ တစ်နည်း ကောင်းကင်ဘုံတွင် တည်ရှိသောကြောင့် "ကောင်ကင်ဘုံဘုရားများ" ဟု သမုတ်ကြ၏ ။ အချို့သော မဟာယာန၏ အဓိကဘုရားများမှာ:

  • အက္ခောဘ (Akshobhya)
  • အမိတာဘ (ဘာ) (Amitābha)
  • အမောဃသိဒ္ဓိ (Amoghasiddhi)
  • ဘေသဇ္ဇ ဇယဂုရု (သို့) ဝေသဇျဂုရု (Bhaiṣajyaguru)
  • ရတနသမ္ဘဝ (Ratnasambhava)
  • ဝေရောစန (သို့) မဟာဝိရောစဏ (Vairocana)
  • ပရဘူတရတန (Prabhūtaratna)
  • သမန္တဘဒြ (Samantabhadra)[၅၇]
  • လောကီဇဗာရာ-ရာဇ (Lokeśvararāja)

တန္တရဗုဒ္ဓဘာသာ၏ ဗုဒ္ဓများ

တိဘက်ဗုဒ္ဓဘာသာတွင် အမျိုးသမီးဗုဒ္ဓဖြစ်သော ဝဇီရာယောဂီနီ၏ ပန်းချီ

ဝဇီရာယာနဟုခေါ်တွင်သော တန္တရဗုဒ္ဓဘာသာ၌ ဝဇီရာယာနအတွင်း၌သာရှိသော ဗုဒ္ဓများအပြင် မဟာယာနဗုဒ္ဓဘာသာရှိ ဗုဒ္ဓဘုရားအချို့ကိုလည်း တွေ့ရှိရသည်။ "တထာဂတငါးပါး" ဟုခေါ်ဆိုကြသော မူလဗုဒ္ဓငါးဆူမှာ : ဝေရောစန၊ အက္ခောဘ၊ ရတနသမ္ဘဝ၊ အမိတာဘ၊ အမောဃသိဒ္ဓိ တို့ဖြစ်ကြရာ တစ်ဆူစီ၌ မတူညီသော မိဖုရား၊ အရပ်မျက်နှာ၊ ခန္ဓာအစု (သို့ အရည်အသွေး)၊ စိတ်ခံစားချက်၊ အခြေခံအခြင်းအရာ၊ အရောင်အသွေး၊ အမှတ်သညာ၊ တောင်(အမှီပြု၊ ညွှန်းဆိုရာ) တို့ အသီးသီးရှိကြသည်။[၅၈]

တန္တရဗုဒ္ဓဘာသာတွင် အမျိုးသမီးဗုဒ္ဓအချို့လည်း ထူးထူးခြားခြား ရှိကြရာ တိဘက်ဗုဒ္ဓဘာသာ၌ "တာရာ" (Tara) သည် အထင်ရှားဆုံး ဖြစ်၍ ပုံအဆင်းသဏ္ဌာန်၊ အရောင်အသွေးများစွာဖြင့် ဖြစ်၏ ။

တန္တရဗုဒ္ဓဘာသာများတွင် အလွန်ကြမ်းတမ်း ကြမ်းကြုတ်သော နတ်ဒေဝါများလည်း ရှိကြပြီး ဤသည်မှာ ဗုဒ္ဓများ၏ တန္တရအသွင်ပုံစံများလည်း ဖြစ်ကြပေသည်။ ၎င်းတို့သည် အလွန်ကြမ်းတမ်းသော (တိဘက်: ထရိုဝိုး၊ သင်္သကရိုက်: ခရိုဓ) ဗုဒ္ဓပုံစံများ (သို့) တစ်စိတ်တစ်ပိုင်းသာ ကြမ်းတမ်းသောဗုဒ္ဓပုံစံများ ဖြစ်နိုင်သည်။ ထို့နောက် အမျိုးသမီးဗုဒ္ဓများနှင့် လိင်ပိုင်းဆိုင်ရာ ပူးတွဲနေခြင်း (သို့) ထီးတည်းသူရဲကောင်း" ပုံစံများလည်း ဖြစ်နိုင်ခြေရှိသည်။ ဟာရုကများ (Heruka; တိုက်ရိုက်အနက်-သွေးသောက်သူ) သည် အမျိုးသားပုံစံဖြင့် ဉာဏ်အလင်းရရှိကာ သတ္တဝါများကို ကယ်တင်ရန်အလို့ငှာ ကြမ်းတမ်းသောအသွင်ကို ယူထားသည်။ ထိုဟာရုကများ၌ ယာမန်တာက (Yamantaka)၊ စကြာသမ္ဗာရာ (Cakrasamvara)၊ ဟေဝဇီရာ (Hevajra)၊ မဟာကာလ (Mahākāla) နှင့် ဝဇီရာကိလာယ (Vajrakilaya) တို့ပါဝင်လေသည်။ ဒါကီနီများ (Dakini; ကောင်းကင်သို့ကြွလှမ်းသူ) သည် ဟရုကများ၏ အမျိုးသမီးကြင်ဖော်များဖြစ်ကြကာ ရံခါတွင် ဟာရုကနှင့် တွဲ၍လည်းကောင်း တစ်ဦးတည်းအဖြစ်လည်းကောင်း ပုံဖော်တင်ဆက်ကြ၏ ။ အလွှမ်းမိုးဆုံး၊ အဖျက်အမှောက်အပြုဆုံး ဒါကီနီများတွင် ဝဇီရာယောဂိနီ (Vajrayogini)၊ ဝဇီရာဝရာဟီ (Vajravārāhī)၊ နေယိရတ်မယာ (Nairatmya)၊ ကုရုကုလာ (Kurukullā) တို့ဖြစ်လေသည်။

ဗုဒ္ဓဘာသာဒဏ္ဍာရီသည် ဟိန္ဒူဘာသာဒဏ္ဍာရီနှင့် အချို့အပိုင်းများတွင် အတူတူဖြစ်ရာ အက္ခောဘ(ဗုဒ္ဓ) သည် ဟိန္ဒူဘာသာရှိ ရှိဝ (ရှီဗား) ၏ ကြမ်းတမ်းသော ပုံပန်းသဏ္ဌာန်နှင့် ဆင်တူရိုးမှား ရှိနေပြီး ဤပုံစံဖြင့် အက္ခောဘကို ဟာရုက၊ ဟေဝဇီရာ၊ သမ္ဗာရ အမည်များဖြင့် သိရှိကြသည်။ ဂျပန်ရှိ ဗုဒ္ဓဘာသာတွင် ဤအဆင်းသဏ္ဌာန်ကို ဖူဒို (Fudō) အနေဖြင့် သိရှိကြပြန်သည်။ အိန္ဒိယနတ်တစ်ပါးဖြစ်သော ကြောက်စရာကောင်းသည့် နွားသိုးဦးခေါင်းဖြင့် ဘေရာဝ (Bhairava) ကို တန္တရဗုဒ္ဓဘာသာဝင်များက ဝဇီရာဘေရာဝ အဖြစ် မွေးစားယူထားကြသည်။ ယာမန်တက (သေမင်း; ပါဠိ-ယမ) ဟုခေါ်သော (သိမ်မွေ့သော မန်ဇုရှရီ (Manjushri) ၏ ကြမ်းတမ်းသောအသွင်) ဖြစ်သော ဝဇီရာဘာယိရာဝသည် တစ်ပိုင်းဗုဒ္ဓအဆင့်နှင့် ညီသည်။

ထို့နောက် အဓိ ဗုဒ္ဓများမှာ ဝဇီရာဓရ (Vajradhara)၊ သမ္မန္တဘာဒြ (Samantabhadra) နှင့် ဝေရောစနတို့ဖြစ်ကြပြီး ထိုမူလဗုဒ္ဓများသည် မဟာယာန၏ "ဓမ္မကာယ" သဘောတရားနှင့် ဆက်စပ်မှုရှိသည်။ အချို့သော သမိုင်း၌တည်ရှိခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ဗုဒ္ဓအဖြစ် ရှုမြင်ကြရာ အတွေးခေါ်ဆရာ နာဂါဇုန (Nagarjuna)၊ တိဘက်မှ ပဒ္မာသမ္ဘာဝ (Padmasambhava)၊ စုန်းခါးပ (Tsongkhapa) တို့ဖြစ်ကြသည်။

ဗုဒ္ဓကို အနုပညာလက်ရာများ၌ ဖော်ကျူးမှုများ

ရွှေတိဂုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များ

ဗုဒ္ဓဘုရားများကို ပန်းချီ၊ ပန်းပုလက်ရာများဖြင့် ဖော်ကျူးတင်ဆက်ကြရာ၌ :

  • ထိုင်တော်မူ
  • လျောင်းတော်မူ
  • ရပ်တော်မူ
  • ဒုက္ကရစရိယာမူ အနေအထားများဖြင့် များသောအားဖြင့် တင်ဆက်ဖော်ပြလေ့ရှိကြသည်။

ထို့အပြင် မဟာယာနတွင် အထက်ပါလေးခုအပြင် ဟိုတေး (သို့) ဗုဒိုင် (သို့) ဤ၌အသိများသည်မှာ အန်ကုန်းကိုယ်တော် ပုံစံ (ဤရုပ်တု/ပုံသည် အလယ်ခေတ် တရုတ်ရစန်းတော်တစ်ပါးဖြစ်ဖွယ်ရှိပြီး မေတ္တယျဗုဒ္ဓနှင့် ဆက်စပ်မှုရှိသည်။ တိတိကျကျဆိုရလျှင် ဗုဒ္ဓရုပ်ပွားတော်မဟုတ်ပေ) လာအိုနိုင်ငံ၌ အတွေ့ရများသည့် ရုပ်ပွားတော်သည် မိုးကိုခေါ်နေသည့် ပုံစံဖြစ်၏ ။

အမှတ်သညာများ

ဗုဒ္ဓရုပ်ပွားတော် တင်ဆက်ဖော်ပြချက်များ၌ အမှတ်အသား/လက္ခဏာများစွာ ပါဝင်သည်။ သို့သော် အရပ်ဒေသပေါ်မူတည်၍ ကွဲပြားမှုရှိကြသည်။

  • ဦးခေါင်းတော်ထက်တွင် မို့မောက်နေသည့် အပိုင်း (ဆံထုံး၊ မကိုဋ် ...)
  • ရှည်လျားနားရွက်တော်ရှိခြင်း

စသည်တို့အပြင် ဒေသ၊ အရပ်၊ ဂိုဏ်းကွဲမှုများအပေါ်မူတည်၍ ထုလုပ်၊ ရေးဆွဲသည့် ပုံစံသည်အမျိုးမျိုးဖြစ်နိုင်သည်။ ပါဠိကျမ်းစာများ၌ လက္ခဏာကြီး (၃၂)၊ လက္ခဏာငယ် (၈၀) ဟူ၍ ဖော်ပြထားသည်။

မုဒြာဟန်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မုဒြာ

လက်ဟန်အနေအထားကို သင်္သကရိုက်ဖြင့် မုဒြာပါဠိဖြင့် မုဒ္ဒါ ဟုခေါ်ဆိုသည်။ ဤရုပ်ပွားတော်များကို ထုဆစ်ရာ၌ အရပ်ဒေသပေါ်တွင် မူတည်၍ အမျိုးမျိုး ပုံဖော်ကြလေသည်။ ဝရဇိန်လက်နက်နှင့်အတူ ထုလုပ်သော မုဒြာသည် ဂျပန်၊ ကိုရီးယားတို့တွင် ခေတ်စားကြသော်လည်း အိန္ဒိယတွင်မူ တွေ့ရခဲသည်။ အကြမ်းအားဖြင့် မုဒြားန် ခြောက်မျိုးရှိကာ ၎င်းတို့မှာ သမာဓိမုဒြာ၊ ဘူမိဖဿမုဒြာ၊ ဓမ္မစကြာမုဒြာ၊ အဘယမုဒြာ၊ ဝိတက္ကမုဒြာ၊ ဝရဒမုဒြာ တို့ဖြစ်ကြသည်။

မှတ်စု

  1. ထေရဝါဒတွင် ဤသုံးပါးတွဲကို သုံးလေ့မရှိပေ။ ဤ၌ အဆိပ်သုံးပါးဆိုသည်မှာ အကုသလမူလများဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ ဤသုံးပါးကိုသာ ဆိုလိုသည်။[၉]
  2. ဤနေရာ၌ ဓမ္မကာယသည် တရားအပေါင်းရှိသောသူ၊ ဗြဟ္မကာယသည် ဘုရား၊ ဓမ္မဘူတသည် ဗောဓိပက္ခိယတရားသဖွယ်ဖြစ်ခြင်း။ ဗြဟ္မဘူတသည် အလွန်တရာမြင့်မြတ်ခြင်း ဟူသော အနက်အသီးသီးဖြစ်သည်။
  3. အန်ဒရူး စကစ်လ်တန် ဖော်ပြထားသော နောက်ဆုံးအချက်များသည် မူရင်း"မဟာပရိနိဗ္ဗာနသုတ်" တွင်မပါဝင်၊ နှောင်းပိုင်းကာလမှ ဖြည့်စွက်ထားသည်ဟု အချို့ကယူဆကြသည်ဟု ပါဠိစာပေသမိုင်းတွင် တင်ပြထားသည်။ ဤ၌ ၎င်းယူဆသည်မှာ ကပ္ပကို မြင်၍ ကမ္ဘာပေါင်းများစွာဟု ယူဆလိုက်သော်လည်း ထေရဝါဒအစဉ်အဆက်၌မူ ဤနေရာကို အနက်ယူကြပုံမှာ ရှင်မဟာဗုဒ္ဓဃောသ၊ မဟာဓမ္မပါလမှ အစရှိ၍ အဋ္ဌကထာ၊ ဋီကာဆရာများက အာယုကပ် (ထိုခေတ်သည် နှစ်တစ်ရာဖြစ်သောကြောင့် အာယုကပ်သည် နှစ်တစ်ရာကို ဆိုလိုသည်။) ဟု တညီတည်းလက်ခံကြပြီး ဘုရားရှင် အလိုရှိက နေနိုင်သည်မှာ နှစ်တစ်ရာ (သို့) နှစ်တစ်ရာထက်ပို၍ ဟုသာဖြစ်သည်။[၂၈]
  4. ဒီပင်္ကရာဘုရားအကြောင်းကို ဗုဒ္ဓဝံသကျမ်းတွင် အကျယ်ဖော်ပြထားမှုမရှိဘဲ သုမေဓကထာတွင် အကျဉ်းချုပ်၊ ဗုဒ္ဓဝင်အဋ္ဌကထာတွင် အကျယ်ဖော်ပြထားသည်။ (မဟာဗုဒ္ဓဝင်၊ မင်းကွန်းတိပိဋကဆရာတော်)
  1. Several alternative translations have been published.[၄၈][၄၉]

ကိုးကား

  1. Buswell 2004, p. 71.
  2. ၂.၀ ၂.၁ Gethin၊ Rupert (1998)။ The foundations of Buddhism (1. publ. paperback ed.)။ Oxford [England]: Oxford University Press။ pp. 224–234ISBN 0-19-289223-1
  3. Gethin၊ Rupert (1998)။ The foundations of Buddhism (1. publ. paperback ed.)။ Oxford [England]: Oxford University Press။ p. 32ISBN 0-19-289223-1
  4. Damien Keown; Charles S. Prebish (2013)။ Encyclopedia of Buddhism။ Routledge။ p. 90။ ISBN 978-1-136-98588-1
  5. Rinpoche Karma-raṅ-byuṅ-kun-khyab-phrin-las (1986)။ The Dharma: That Illuminates All Beings Impartially Like the Light of the Sun and Moon။ State University of New York Press။ pp. 32–33။ ISBN 978-0-88706-156-1; Quote: "There are various ways of examining the Complete Path. For example, we can speak of Five Paths constituting its different levels: the Path of Accumulation, the Path of Application, the Path of Seeing, the Path of Meditation and the Path of No More Learning, or Buddhahood."
  6. Robert E. Buswell; Robert M. Gimello (1990)။ Paths to liberation: the Mārga and its transformations in Buddhist thought။ University of Hawaii Press။ p. 204။ ISBN 978-0-8248-1253-9[လင့်ခ်သေ]
  7. Snelling, John (1987), The Buddhist handbook. A Complete Guide to Buddhist Teaching and Practice. London: Century Paperbacks. p. 81
  8. Udana Commentary. Translation Peter Masefield, volume I, 1994. Pali Text Society. p. 94.
  9. အကုသလမူလသုတ္တန်ကို ဖတ်ရန်။
  10. A. K. Warder, Indian Buddhism. Third edition published by Motilal Banarsidass Publ., 2000, pp. 132–133.
  11. Kalupahana၊ David (1992)။ A History of Buddhist Philosophy: Continuities and Discontinuities။ University of Hawaii Press။ p. 43။ ISBN 978-0-8248-1402-1
  12. တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၉၇)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဒုတိယတွဲ)၊ ဒုတိယအကြိမ်။ သာသနာရေးဦးစီးဌာန။ p. ၃၂၄-၃၄၂။
  13. In Theravada Buddhism's canonical Buddhavamsa[6 the Ten Perfections (dasa pāramiyo) are (original terms in Pali):]။ 9 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2021 တွင် ပြန်စစ်ပြီး။
  14. ရတနာသုံးပါးဂုဏ်တော်နှင့် ဗုဒ္ဓဂုဏ်တော်ကိုးပါးအကျိုး။ သာသနာရေးဦးစီးဌာန။ ၁၉၈၇။ p. ၄၂-၄၃။
  15. Japanese-English Buddhist Dictionary (Daitō shuppansha) 147a/163
  16. [၁] Archived 30 May 2012 at the Wayback Machine., also see Thomas Cleary and J. C. Cleary The Blue Cliff Record, p. 553.
  17. ၁၇.၀ ၁၇.၁ ဦးရွှေအောင် (မဟာဝိဇ္ဇာ) (၂၀၀၃)။ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)။ ရာပြည့်စာအုပ်တိုက်။
  18. Burmese Orthography, Myanmar Language Commission, 1993.
  19. ၁၉.၀ ၁၉.၁ တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၉၇)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပထမပိုင်း)။ သာသနာရေးဦးစီးဌာန။
  20. Majhima Nikaya 18 Madhupindika Sutta: The Ball of Honey
  21. Sutta Nikaya 44.2 Anuradha Sutta: To Anuradha
  22. Sutta Nikaya 22.87 Vakkali Sutta: Vakkali
  23. Bhikkhu U ThittilaThe Meaning of Buddhism, Fundamental principles of the Theravada doctrine (1958)The Atlantic
  24. Dhammika၊ Shravasti (2005)။ The Buddha and His Disciples။ Buddhist Publication Society။ p. 16။ ISBN 978-9552402807
  25. Sangharakshita (1996)။ A Guide to the Buddhist Path။ Windhorse Publications။ p. 45ISBN 978-1899579044
  26. Peter Harvey, An Introduction to Buddhism: Teachings, History, and Practices. Cambridge University Press, 1990, p. 28
  27. Skilton, Andrew. A Concise History of Buddhism. 2004. pp. 64–65
  28. တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၈၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ၊ ဒုတိယအကြိမ်)။ သာသနာရေးဦးစီးဌာန။ pp. ၃၁၈-၃၂၀။
  29. Narada Thera (1 September 2017)။ Buddhism in a Nutshell။ Pariyatti Publishing။ ISBN 978-1-68172-064-7
  30. Baruah, Bibhuti. Buddhist Sects and Sectarianism. က2008. p. 48.
  31. Sree Padma. Barber, Anthony W. Buddhism in the Krishna River Valley of Andhra. 2008. p. 56.
  32. Tanaka, Kenneth. The Dawn of Chinese Pure Land Buddhist Doctrine. 1990. p. 8
  33. Guang Xing. The Concept of the Buddha: Its Evolution from Early Buddhism to the Trikaya Theory. 2004. p. 53
  34. Sree Padma. Barber, Anthony W. Buddhism in the Krishna River Valley of Andhra. 2008. pp. 59–60
  35. John Marshall, A Guide to Sanchi, 1918 p.46ff (Public Domain text)
  36. ဝိနည်းပိဋကတ်၊ ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်၊ ဝေရဉ္ဇရာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
  37. မဟာဝဂ်ပါဠိတော် မြန်မာပြန်၊ သာသနာရေးဦးစီးဌာန၊ ၁၉၉၂
  38. ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်၊ ပဋိသမ္ဘိဒကထာ၊ သာသနာရေးဦးစီးဌာန၊ ၁၉၅၉
  39. Cakkavatti Sutta: The Wheel-turning Emperor
  40. A textual and Historical Analysis of the Khuddaka Nikaya – Oliver Abeynayake Ph. D. , Colombo, First Edition – 1984, p. 113.
  41. Horner, IB, ed. (1975). The minor anthologies of the Pali canon. Volume III: Buddhavaṁsa (Chronicle of Buddhas) and Cariyāpiṭaka (Basket of Conduct). London: Pali Text Society. ISBN 0-86013-072-X.
  42. ပါဠိ-မြန်မာ အဘိဓာန်၊ ဟုတ်စိန်
  43. Silk 2019, p. 110-111.
  44. Basanta Bidari - 2004 Kapilavastu: the world of Siddhartha - Page 87
  45. Inscriptions of Asoka. New Edition by E. Hultzsch (သင်္သကရိုက်ဘာသာစကားဖြင့်)။ 1925။ p. 165။
  46. John S. Strong (2007)။ Relics of the Buddha။ p. 130။ ISBN 978-0691117645
  47. Paranavitana, S. (Apr. - Jun., 1962). Rummindei Pillar Inscription of Asoka, Journal of the American Oriental Society, 82 (2), 163-167
  48. Weise၊ Kai; et al. (2013)၊ The Sacred Garden of Lumbini – Perceptions of Buddha's Birthplace (PDF)၊ Paris: UNESCO၊ pp. 47–48၊ 2014-08-30 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး
  49. Hultzsch, E. /1925). Inscriptions of Asoka. Oxford: Clarendon Press, pp. 164-165
  50. Hultzsch, E. (1925). Inscriptions of Asoka. Oxford: Clarendon Press, pp. 164-165
  51. Part 3 - Bodhisatta-kicca (duties of a Bodhisatta), The Great Chronicle of BuddhasWisdom Library။ “in the Buddhāpadāna of the Apadāna,[3] a future Buddha aspires mentally to Buddhahood in the presence of innumerable Buddhas throughout incalculable aeons”
  52. Morris၊ R, ed. (1882)။ "XXVII: List of the Buddhas"။ The Buddhavamsa။ London: Pali Text Society။ pp. 66–7။
  53. Life of the Buddha: Dīpankara's Prediction of Enlightenment။ The Huntington Archive - The Ohio State University။ 8 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  54. ၅၄.၀ ၅၄.၁ Beal (1875), Beal S, Chapter III: Exciting to religious sentiment, pp. 10-17
  55. Barua၊ A (2008)။ Dīgha-Nikāya: romanize Pāli text with English translation2 (1st ed.)။ Delhi, India: New Bharatiya Book Corporation။ p. 6။ ISBN 978-81-8315-096-5
  56. Cakkavatti Sutta: The Wheel-turning Emperor
  57. The Noble Mahāyāna Sūtra “The Teaching of Akṣayamati” Āryākṣayamatinirdeśanāmamahāyānasūtra. Toh 175 Degé Kangyur, vol. 60 (mdo sde, ma), folios 79.a–174.b. Translated by Jens Braarvig and David Welsh, University of Oslo under the patronage and supervision of 84000: Translating the Words of the Buddha. First published 2020. Current version v 1.0.9 (2021). https://read.84000.co/translation/toh175.html
  58. Nathaniel DeWitt Garson; Penetrating the Secret Essence Tantra: Context and Philosophy in the Mahayoga System of rNying-ma Tantra, page 43