လူခြောက်

ဝီကီပီးဒီးယား မှ
လူခြောက်
လူခြောက်

လူခြောက်-ဟူသည် ဘုံဘဝတမျိုးမှ သတ္တဝါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘဝ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

  • အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တစ်ပတ်)။
  • အမြှုပ် တစ်သတ္တာဟ။
  • သားတစ် တစ်သတ္တာဟ။
  • အခဲ တစ်သတ္တာဟ။
  • ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍

၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။

၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘဝ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘဝ ကောင်းမှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

ဖိုင်:Dry Man.jpg
သင်္ကန်းစည်းပေးထားသော လူခြောက်

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၎င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၎င်းလူသားလောင်းကလေးမှ ဘဝပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၎င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၎င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၎င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။) [၁]

ကိုးကား

  1. ဘဒ္ဒန္တ တိလောကသာရ-ဘာသာရေးပြဿနာ စာအုပ် စာမျက်နှာ-၄၅-၄၆