ကိန္နရာ
ကိန္နရာဆိုသည်မှာ အဘိဓာန် ဋီကာတွင် "အဿမုခ, နယသဒိသတ္တာ၊ ဣစ္ဆိတော နရော၊ နယသဒိသ သရီရတာဝါ ကိန္နရော၊ ဧတာဒေဝ ယောယောနိယော"ဟု ဖွင့်သည်။[၁]အဓိပ္ပါယ်မှာ မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော သတ္တဝါဟူ၍ဖြစ်သည်။ မြင်း၏မျက်နှာ၊ လူ၏ကိုယ်ရှိသကဲ့သို့ လူမျက်နှာ မြင်း၏ကိုယ်ရှိသော ကိန္နရာလည်းရှိသည်ဟုဆိုသည်။[၂] ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများနှင့်အတူ ပေါ်ပေါက်လာသော ကိန္နရာဟူသော သတ္တဝါတစ်မျိုးသည် ဗုဒ္ဓဘာသာပျံ့နှံ့သွားခြင်းနှင့်အတူ နိုင်ငံအသီးသီးသို့ ရောက်ရှိသွားရာ ထိုနိုင်ငံများသည် မိမိနိုင်ငံ၏ ဓလေ့စရိုက်နှင့်ကိုက်ညီအောင် ကိန္နရာကို ပြန်လည်ဖန်တီးကြသည်။ နိုင်ငံယဉ်ကျေးမှုနှင့်လိုက်အောင် အနုပညာလက်ရာဖြင့် မွမ်းမံကြရာမှ ကိန္နရာဟန်အသီးသီးဖြစ်လာသည်။[၃]
ကိန္နရာရှစ်မျိုး
- ၁။ ဒေဝကိန္နရာ
- ၂။ စန္ဒကိန္နရာ
- ၃။ ဒုမကိန္နရာ
- ၄။ ဒဏ္ဍမာဏဝိကကိန္နရာ
- ၅။ ကောန္တကိန္နရာ
- ၆။ သကုဏကိန္နရာ
- ၇။ ကဏ္ဏပါဝုရဏကိန္နရာ
- ၈။ ကိမ္ပုရိသကိန္နရာ ဟူ၍ ကိန္နရာရှစ်မျိုးရှိသည်။[၄]
အသွင်သဏ္ဌာန်
ကိမ္ပုရိသကိန္နရာသည် မြင်း၏မျက်နှာနှင့်တူသောမျက်နှာ၊ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသော စိုးစဉ်းလူနှင့်တူသော ကိန္နရာမျိုးဖြစ်သည်။ ထိုကိန္နရာမျိုးသည် နတ်မျိုးဖြစ်သောကြောင့် ဒေဝကိန္နရာဟုလည်းခေါ်ကြသည်။ ဒုမကိန္နရာ၊ စန္ဒကိန္နရာတို့၏ ရုပ်သဏ္ဌာန်သည် ရွှေဖြင့်ပြီးသော ဘယက်၊ လည်မာ၊ ဒွါဒရာ၊ ခါးကြိုး၊ ခြူးမျိုးရှက်ဆိုင်း၊ သင်တိုင်း၊ နားတောင်းအစရှိသော တန်ဆာတို့ဖြင့် တင့်တယ်စွာ ဆင်ထားသော ငှက်ကိုယ်၊ လူ့ဦးခေါင်းမျက်နှာဖြင့် ကိန္နရာမျိုးဖြစ်သည်။
ဒေသ၊ သက်တမ်းနှင့် ဓလေ့စရိုက်
ကိန္နရာတို့ကို ဟိမဝန္တာဒေသအနီးအနားရှိ တောကြီးများတွင် တွေ့ရလေ့ရှိသည်ဟု ဆိုသည်။[၅][၆][၇][၈]လူတို့ အနှစ်တစ်ရာသက်တမ်းတွင် ကိန္နရာတို့သည် အနှစ်တစ်ထောင်သက်တမ်းရှိသည်ဟုဆိုသည်။[၅]
ကိန္နရာတို့သည် လူစကားပြောတတ်သည်ဟု ယူဆရသည်။ သို့သော် အရာမရောက်က စကားမဆိုဘဲ နှုတ်ဆိတ်၍သာနေကြသည်။[၉][၁၀]
ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ မြစ်၊ ချောင်း၊မြောင်းများ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်ဟု ဆိုကြသည်။[၁၁]
စာပေကျမ်းဂန်များမှ ကိန္နရီ၊ ကိန္နရာ
- ဝေဿဝဏ္ဏ(ကုဝေရ)နတ်မင်းကြီးစံရာ အာဠကမန္ဒာ၊ ဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏဝိကကိန္နရာမျိုး တို့ရှိကြသည်။[၁၂]
- ပါဋလိပုတ်ပြည်သား တောသွားမုဆိုးတို့သည် ကိန္နရီကို လက်ရဖမ်းမိဖူးသည်။[၁၃]ထို ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။ တိဿရဟန္တာ(ကောန္တပုတ္တတိဿထေရ်)သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံသည်။
ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက်၊ တလား၊ အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်းဘုန်းကြီးပျံများတွင် လောင်တိုက်၊တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။
- မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် တွင်
`ဟေမာလယ၊ တောမြိုင်ဝက၊ ဒေဝစန္ဒ၊ သကုဏနှင့်၊ ဒုမကောန္တ၊ ထိုပြီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွှေးတောင်ပေါက်၊ ရွယ်မဖောက်ဘဲ´စသည်ဖြင့် စပ်ဆိုထားသည်။
- ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်းလက်ထက် အနောက်သလ္လာဝတီမြစ်၌ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်ဟု ဆိုသည်။
ထိုသဘောကို လက်ဝဲ သုန္ဒရ အမတ်က ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ နိဂုံး၌
""နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ၊""
စသည်ဖြင့် ရေးစပ်ထားသည်ကိုတွေ့ရသည်။ ထိုမင်းလက်ထက် တောင်ဖီလာဆရာတော် ရေးသားသည့် ရာဇမနိ စူလာ ကျောက်စာတွင် "အသောကမင်းကြီးသည် ကိန္နရာတို့၏ ကခြင်း၊ သီခြင်းတို့ကို ကြည့်နာတော်မူလိုသည်ဖြစ်၍ ဟိမဝန္တာတောသို့ လက်စွပ်တော်ကို လွတ်တော်မူလျင်၊ မင်း၏အာဏာကြောင့် လာ၍ က လာကုန်သော ပက္ခိကိန္နရာ( ကိန္နရာရှစ်မျိုးတွင် မပါဝင်သော အခြားအမျိုးအစားတစ်မျိုးဟု ယူဆရ[၁၄])တို့၏ အရုပ် သဏ္ဌာန်သည် ရွှေအတိပြီးသော အမြီးအတောင် ဘယက်တို့ဖြင့် ဆင်ယင်၍ ကစေ၏။"ဟု ပါရှိသည်။[၁၅]
မြန်မာနှင့် ကိန္နရာ
- ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊ ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊ ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့် မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
- မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။
- ကယားလူမျိုးများသည် ကိန္နရာ၊ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု မိမိတို့ကိုယ်ကို ယူဆကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။
- ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။
- မွန်ဘာသာဖြင့် ကိန္နရာကို ကောန်နှောင် ဟုခေါ်သည်။
အနုပညာလက်ရာဟန်
အိန္ဒိယဟန်
အဇန္တလိုဏ်ဂူမှ ပန်းချီပုံများအရ အိန္ဒိယကိန္နရာသည် ကိုယ်အထက်ပိုင်းတွင် လူပကတိအတိုင်း အဆင်တန်ဆာများကို ဆင်မြန်းထား၍ ပေါင်နှင့် ခြေထောက်မှာ ငှက်ပေါင်၊ ငှက်ခြေဖြစ်သည်။ အမြီးမှာ ဖောင်းဖောင်းပွပွနှင့် ဥဒေါင်းမြီးကဲ့သို့ရှိသည်။ ပျံဝဲနိုင်လောက်သော အတောင်နှစ်ဖက်ရှိသည်။[၁၆]
ယိုးဒယားဟန်
ယိုးဒယားဟန်သည် အိန္ဒိယဟန်နှင့်မတူ ကွဲပြားသည်။ မျက်နှာသွင်ပြင် ချပ်ဝတ်တန်ဆာကအစ ယိုးဒယားဆန်သည့် ယိုးဒယားပန်းခက် ပန်းနွယ်တို့ဖြင့်အလှဆင်ထားသည်။[၁၇]
အခြားဟန်အမျိုးမျိုး
တရုတ်၊ ဂျပန်၊ ကမ္ဗောဇ ရှမ်း၊ တိဗက်၊ မွန် ဟန်အမျိုးမျိုးရှိသည်။
မြန်မာဟန်
မြန်မာဟန် ကိန္နရာမှာ ငှက်ကိန္နရာအမျိုးအစားသာဖြစ်သည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများအရ ကိန္နရာနှစ်မျိုးနှစ်စားကို တွေ့ရသော်လည်း မြန်မာ့မျက်စိဖြင့် အစပ်တည့်သည့် ငှက်ကိန္နရာအမျိုးအစားကိုသာ အသုံးများခဲ့သည်ကို တွေ့ရသည်။ မြန်မာသက္ကရာဇ် ၁၁၀၅ခုနှစ်၊ ဟံသာဝတီရောက်မင်းလက်ထက်တွင် ဂေါ်ရခေါင်မြို့၌ စာရေးကြီး လမ္ဘာဒရနှင့် ပညာရှိ ကဝိစန္ဒရ ပုဏ္ဏားတို့က ဘင်္ဂါလီဘာသာဖြင့် ရုပ်ပုံစာတမ်း ရေးသားပြုစုခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထိုရုပ်ပုံစာတမ်းများကို အလျား ၁-တောင် ၂-မိုက်ခန့်၊ အနံ ၁-ထွာခန့်ရှိသော ကရမက်သစ်ခေါက်ပုရပိုဒ်ပေါ်တွင် ရေး၍ ဆက်သလာသည်။
ထိုပုရပိုဒ်တွင်ပါရှိသည့် ကိန္နရာပုံစံမှာ ငှက် သဏ္ဌာန်ရေးပြီးလျင် လူဦးခေါင်းမျက်နှာတပ်သည့် သကုဏကိန္နရာမျိုးတစ်ပုံ၊ လူရုပ်တွင် မြင်း၏မျက်နှာကဲ့သို့ ရှည်သောမျက်နှာတပ်၍ရေးသော ကိမ္ပုရိသအမျိုးတစ်ပုံ နှစ်မျိုးဖြစ်သည်။[၁၈]
ကျမ်းကိုး
- ↑ အဘိဓာန် ဋီကာ
- ↑ ပေမူ၊ မုံရွေးဆရာတော်မှတ်စု။
- ↑ ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၆၄။
- ↑ အသီတိနိပါတ်၊ မဟာကုဏာလဇာတ်
- ↑ ၅.၀ ၅.၁ ဘလ္လာတိယဇာတ်
- ↑ တက္ကာရိယဇာတ်
- ↑ အဌသဒ္ဒဇာတ်
- ↑ စန္ဒကိန္နရာဇာတ်
- ↑ စွယ်စုံကျော်ထင်ကျမ်း၊ ပုစ္ဆာအမှတ် ၄၁၁။
- ↑ အင်္ဂုတ္ထိုဒုက နိပါတ်၊ အဌကထာ။
- ↑ မဟာဝင်
- ↑ အာဋာနာဒိယသုတ်
- ↑ သာရတ္ထ ဒီပနီဋီကာ
- ↑ ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၆၆။
- ↑ ရာဇမနိ စူလာကျောက်စာ
- ↑ ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၀။
- ↑ ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၁။
- ↑ ကိန္နရီကိန္နရာ၊ နဝရတ်ကိုးသွယ်၊ တက္ကသိုလ်မောင်မောင်ကြီး၊ စာ-၂၇၂။