နမ္မတူဘော်တွင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နမ္မတူဘော်တွင်းမှာ နမ္မတူမြို့၏ အနောက်ယွန်းယွန်းတွင် ရှိပြီး မီးရထားလမ်းဖြင့် ၁၂ မိုင်၊ မော်တော်ကားလမ်းဖြင့် ၁၄ မိုင် ကွာဝေးပါသည်။ လားရှိုးမှ နမ္မတူသို့ မော်တော်ကားဖြင့် သွားရသည်။ နမ္မတူမြို့တွင် ကုန်ချောထုတ်လုပ်သော စက်ရုံရှိ၍ ဘော်တွင်းတွင် သတ္တုရိုင်းများကို တူးဖေါ်သည်။ နမ္မတူဘော်တွင်းသည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၁၀၀ ကျော်တွင် တည်ရှိပြီး မီးရထားလမ်းမှာ တောင်ကမ္ဘားများတွင် ကပ်၍ဖောက်လုပ်ထားသည်။ တစ်ချို့နေရာများတွင် နမ့်ပန်ချောင်းကို ဖြတ်၍ ထိုးထားသော တံတားများကို ကျော်ဖြတ်ရ၏။ ဘော်တွင်းသည် နမ့်ပန်ချောင်းဖျားတွင် တည်ရှိနေသောကြောင့် နမ့်ပန်ချောင်းကို အကြိမ်ကြိမ် ဖြတ်သန်းနေရသည်။ နမ္မတူနှင့် ဘော်တွင်းကို ကားလမ်းရှိသော်လည်း ခရီးသည်တင်ကားများ သွားလာခြင်း မရှိပါ။ မိုင်းပိုင် မီးရထားဖြင့်သာ လွန်းထိုး၍ သွားရသည်။

သမိုင်း[ပြင်ဆင်ရန်]

၁၄၁၂-ခုနှစ်တွင် ထိုအရပ်၌ တရုတ်များ သတ္တုတူးဖော်ကြိုချက်သော လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ ဘော်သားစစ်စစ် (ငွေစင်) ကိုသာ ယူသည်။ ၁၈၆၈-ခုနှစ် ယူနန်ပြည်နယ်၌ မူဟာမေဒင် သူပုန်ထသဖြင့် တရုတ်တို့ ပြန်ကြသည်။ တရုတ်တို့၏ သတ္တုလုပ်ငန်းမှ ကြွင်းကျန်နေသော ချေးချော်ခဲများကို အင်္ဂလိပ်တို့ တွေ့ရှိကာ ၁၉၀၀-ပြည့်နှစ်လောက်မှ စပြီး (ဂျီအီးအမ်စီ)ကုမ္ပဏီကိုတည်ထောင်ကာ သတ္တုတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်သည်။ ချော်ခဲများတူး၍ မန္တလေးသို့ သယ်ဆောင်ကာ ခဲစင်ရအောင် ကျိုချက်သည်။ ယင်းနောက် မန္တလေး-လားရှိုးမီးရထားလမ်း မန်းပွဲရပ်မှ ၂-ပေမီးရထားလမ်း စတင်ဖောက်လုပ်သည်။ ၁၉၀၆-ခုနှစ်တွင် (ဂျီအီးအမ်စီ)ကုမ္ပဏီ အရင်းပြုတ်သဖြင့် ဘားမားမိုင်း လီမိတက် ဟူ၍ ထပ်မံတည်ထောင်လျက် (ဂျီအီးအမ်စီ)ကုမ္ပဏီပိုင် ပစ္စည်းများကို ဝယ်ယူကာ ဆက်လက်လုပ်ကိုင်သည်။ ဘားမားမိုင်းသည် တရုတ်တို့၏ ချော်ခဲများကို တူးဖော်စုဆောင်း ရောင်းချခဲ့ရာမှ တစ်ဆင့်တက်၍ သတ္တုရိုင်းရှာဖွေရေး၊ မိုင်းတည်ရေး ကိစ္စများကို စနစ်တကျ လုပ်ကိုင်ခဲ့ရာ ၁၉၁၀-ခုတွင် တကယ့် သတ္တုတူးဖော်ခြင်းအလုပ်ကို စတင်လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၁၃-ခုနှစ်တွင် ဘော်ကြောကြီးကို တွေ့ရှိသည်။ ၁၉၁၄-ခုနှစ်တွင် ပေ ၉၀၀၀ ရှည်လျားသော ကျားလိုဏ်မကို ဖောက်လုပ်ပြီးစီးသည်။ မရှေးမနှောင်းမှာပင် မာမီယံစိုက်တွင်းကိုလည်း ဖောက်လုပ်ပြီးစီးသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ ထိုတွင်းကို ဆက်လက်လုပ်ကိုင်ကြသည်။ စစ်ပြီးကာလတွင် ဘားမားမိုင်း ပြန်လည်ရောက်ရှိလာကာ မိုင်းနှင့် စက်ရုံများကို ပြန်လည်ထူထောင် လုပ်ကိုင်ကြသည်။ ၁၉၅၁-ခုနှစ်တွင် မြန်မာအစိုးရနှင့် ဖက်စပ်ကုမ္ပဏီ (ဘားမားကော်ပိုရေးရှင်း)ကို တည်ထောင်ဖွဲ့စည်းပြီးနောက် ကျွမ်းကျင်မှုအပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းများတွင် မြန်မာများ ပါဝင်လုပ်ကိုင်ခွင့် ရခဲ့သည်။ ၁၉၆၅-ခု၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် နိုင်ငံတော် တော်လှန်ရေးကောင်စီ၏ အမိန့်ဖြင့် (ဘီ စီ အယ်လ်)ကို နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။

လက်ရှိကုန်ထုတ်လုပ်မှု အခြေအနေ[ပြင်ဆင်ရန်]

သတ္တုသိုက် ပမာဏ[ပြင်ဆင်ရန်]

  1. မြေအောက်သတ္တုတူးဖော်နည်းဖြင့် -
  • သတ္တုရိုင်းတန်ချိန် ၅.၇၇ သန်း
  • ခဲပါဝင်မှုနှုန်း ၇.၀ %
  • သွပ်ပါဝင်မှုနှုန်း ၃.၆ %
  1. မြေပေါ်ဟင်းလင်း တွင်းကျယ်နည်းဖြင့်-
  • သတ္တုရိုင်းတန်ချိန် ၉.၈၀ သန်း
  • ခဲပါဝင်မှုနှုန်း ၃.၅ %
  • သွပ်ပါဝင်မှုနှုန်း ၂.၀ %

တူးဖော်ထုတ်လုပ်မှု[ပြင်ဆင်ရန်]

  1. မြေအောက်သတ္တုတူးဖော်နည်းဖြင့် နှစ်စဉ် သတ္တုရိုင်းတန်ချိန် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀
  2. မြေပေါ်တူးဖော်နည်းဖြင့် နှစ်စဉ် သတ္တုရိုင်းတန်ချိန် ၁၅၀,၀၀၀ (လျာထားချက်)
  • သတ္တုတွင်း အကျယ်အဝန်း
  • ** အလျားပေ - ၅၃၀၀
  • ** အနံပေ - ၄၀၀
  • ** အနက်ပေ - ၁၇၀၀ (အထပ်ပေါင်း ၁၄ ထပ်)


သတ္တုတွင်းရှိ လျှပ်စစ်ရထား သံလမ်းအရှည် စုစုပေါင်း ဆယ်မိုင်ကျော်၊ သတ္တုကျောက် တစ်တန် တူးဖော်ရာတွင် ကုန်ကျစရိတ် ကျပ် ၁၅၀ ခန့်၊ သတ္တုကျောက် တူးဖော်ရာ စတုပ်အရေအတွက် ၇၃၊ မြေအောက်လုပ်သား တစ်ဦး တစ်နေ့တာလုပ်အား ၀း၃၄ တန်၊ လစဉ်မိုင်းမှ ထုတ်လုပ်အား တန် ၁၁၅၀၀ မှ ၁၂၅၀၀၊ အလုပ်သမားတစ်ဦး၏ တစ်နေ့တာ လုပ်အားခမှာ မြေအောက်လုပ်သား ကျပ် ၁၅း၆၄၊ မြေပေါ်လုပ်သား ကျပ် ၁၁း၉၂ တို့ ဖြစ်သည်။

အလုပ်သမား ဦးရေ[ပြင်ဆင်ရန်]

၁၉၇၉-ခု၊ အောက်တိုဘာလ ထိ

  • မြေအောက်လုပ်သား -၁၉၀၀
  • မြေပေါ်လုပ်သား -၈၀၀

ပေါင်း -၂၇၀၀ ဘော်တွင်းတွင် လူဦးရေ တစ်သောင်းခန့် နေထိုင်သည်။

ဘော်တွင်းမြို့သည် တောင်ကြားတွင် တည်ရှိသော တောင်ပေါ်မြို့ကလေးဖြစ်သည်။ ရပ်ကွက် (၈)ခု ရှိသည်။ ကျန်းမာရေးအတွက် ကုတင် ၅၀ ဆန့် ပြည်သူ့ဆေးရုံရှိသည်။ ပညာရေးအတွက် အစိုးရမူလတန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ တွဲဖက် အထက်တန်းကျောင်း ရှိသည်။ အပန်းဖြေ ရိပ်သာပေါင်း (၆)ခု၊ အားကစားရုံတစ်ရုံ၊ ဘောလုံးကွင်း၊ ရေကူးကန်၊ တင်းနစ်ကွင်း၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ စာကြည့်တိုက် စသည်တို့ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးဝေ မဂ္ဂဇင်း၊ အမှတ်(၁၅၂) ၁၉၈၀-ခု၊ ဒီဇင်ဘာလထုတ်၊ စာ(၁၀၂-၁၀၄)