မာတိကာသို့ ခုန်သွားရန်

စောနောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံကို အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် မြန်မာအမျိုးသားတိုင်း၏ မိဘ၊ညီအကို ဆွေမျိုးသားချင်းများသာမက တနိုင်ငံလုံး က ကြိုးစားခဲ့ကြသည်။ ထို့ကြောင့်လည်း သမိုင်းဝင် ရဲဘော်သုံးကျိပ်တွင် ညီအကို တော်သူ ၂ ဦးပါဝင်ခဲ့ရာ ထူးသည်ဟု မဆိုသာပေ။ အကို မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် ဖြစ်သည်။

ဗိုလ်စောနောင်
မွေးသက္ကရာဇ်၂ စက်တင်ဘာ ၁၉၂၀
မွေးဖွားရာဒေသရှမ်းစုရပ်၊ ကမာရွတ်၊ ရန်ကုန်မြို့
အမည်ရင်းမောင်သစ်
သခင်အမည်သခင်သစ်
ဗိုလ်ဘွဲ့အမည်ဗိုလ်စောနောင်
ဂျပန်အမည်(Osawa)
မိဘအမည်ဦးဘိုးညွန့်+ဒေါ်ရွှေမှတ်
နိုင်ငံသား
လူမျိုးရှမ်း
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
လက်မှတ်

ငယ်စဉ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

ဗိုလ်စောနောင် ခေါ် သခင်သစ်ကို ၁၉၂၀ စက်တင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ် ရှမ်းစုရပ် နေ ဦးဘိုးညွန့်+ဒေါ်ရွှေမှတ် တို့မှ ဖွားမြင်သည်။ သားချင်း ၆ ယောက် အနက် ပဉ္စမမြောက် ဖြစ်ပြီး စတုတ္ထမြောက် သားချင်း အကို သခင်ငွေမှာလည်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် ဖြစ်သည်။ မောင်သစ်သည် ဦးစံလှ အလွတ် ပညာသင်ကျောင်း မှ အင်္ဂလိပ် မြန်မာ ၂ ဘာသာ သတ္တမ တန်း စာမေးပွဲကို အောင်မြင်ပြီး မိဘများ၏ ကျောက်လုပ်ငန်းကို ကူညီလုပ်ကိုင်ခဲ့သည်။

တို့ဗမာအစည်းအရုံး သို့ ဝင်ခြင်း

[ပြင်ဆင်ရန်]

မောင်သစ် ၁၅ နှစ်ခန့် ၁၉၃၄ က အကိုများဖြစ်သော သခင်အောင်တင် နှင့် သခင်ငွေ မှာ တို့ဗမာအစည်းအရုံး ဝင်များ ဖြစ်ကြသဖြင့် ခေါင်းဆောင်များ ဖြစ်ကြသော သခင်ဗစိန်၊ သခင်ထွန်းအုပ် နှင့် သခင်ချစ်တင် တို့နှင့် ဆက်သွယ်မိလေသည်။ ကမာရွတ် တို့ဗမာအစည်းအရုံး သည် နိုင်ငံရေး လှုပ်ရှားမှုများတွင် များစွာအောင်မြင်သည့် အလျောက် ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်ကြသော သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်) တို့ အပြင် အခြားနိုင်ငံခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

ကမာရွတ် တို့ဗမာအစည်းအရုံး သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများကို များစွာ အားပေးကူညီခဲ့သည်။ သခင်ဗစိန်၊ သခင်သိန်းဖေ စသော တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်အဖြစ်မှ သခင်ခေါင်းဆောင်များ ဖြစ်လာကြသူတို့သည် ကမာရွတ် တို့ဗမာအစည်းအရုံး နှင့် ဆက်သွယ်၍ နိုင်ငံရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြလေသည်။

ပထမအကြိမ် ဂျပန်ခရီးစဉ်

[ပြင်ဆင်ရန်]

၁၉၃၉ ခုနှစ်တွင် ဂျပန်သို့သွားရန် သခင်သစ်သည် သခင်ငွေ၊ သခင်ကျော်စိန် တို့နှင့် အတူ ကမာရွတ် တို့ဗမာအစည်းအရုံး မှ ရွေးချယ်ခံခဲ့ရသည်။ သူတို့အား တို့ဗမာအစည်းအရုံး မှ ယိုးဒယား နိုင်ငံမှတဆင့် ဂျပန် သို့သွားရန် တာဝန် ပေးအပ်လေသည်။ သခင်သစ်နှင့် သခင်ကျော်စိန် တို့သည် ရန်ကုန် ဘူတာကြီးမှ တဆင့် မော်လမြိုင်သို့ သွား၍ ထိုမှတဆင့် ကျုံဒိုးရွာ၊ ထို့နောက် ကော့ကရိတ်မြို့သို့ အဆင့်ဆင့် သွားရောက်ခဲ့ကြသည်။ ကျုံဒိုးတွင် တညအိပ်ပြီး မြဝတီသို့ ခရီးဆက်ကြသည်။

မြဝတီ တွင် မိတ်ဆွေ ကိုခွေးဆိုသူ၏ အိမ်တွင် တည်းခိုစဉ် ပုလိပ်ဖက်မှ လာရောက်စုံစမ်း သည်ဟု ပြောသဖြင့် သောင်ရင်းမြစ်ကို ခက်ခဲစွာ ကူးဖြတ်ပြီး မြစ်ကမ်းမှ ၄ မိုင် ကွာသော ယိုးဒယား နိုင်ငံ မဲဆောက်သို့ အခက်အခဲများမှ သွားရောက် ခဲ့လေသည်။ မဲဆောက်ရောက်ပြီး ရန်ကုန်မြို့မှ လိုက်ပို့သော သခင်စံသိန်း ပြန်သွားလေရာ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ကြိုတင် ချိန်းထားသော ဂျပန်သံရုံးမှ သူလျှိုဂျပန် ကို ရှာမတွေ့၍ ၎င်းဂျပန်နှင့် အဆက်အသွယ်ရှိသော မစ္စတာ အမ်းဖိုး ထံသို့သာ သွားရောက်ခဲ့သည်။

ယိုးဒယား အချုပ်မှ မြန်မာပြည်သို့

[ပြင်ဆင်ရန်]

အကူအညီ တောင်းသော်လည်း အမ်းဖိုးမှာ ကြောက်လန့်ပြီး ယိုးဒယား ရဲ လက်သို့ အပ်လိုက်ခြင်းခံရသည်။ သခင်သစ်နှင့် သခင်ကျော်စိန် တို့ကို အချုပ်ခန်းတွင် ၄၈ နာရီ ချုပ်နှောင် ထားပြီး မြို့မတရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့၍ တရားရုံး က မြန်မာပြည် နယ်စပ်သို့ ပြည်နှင်ဒဏ် ပေးခြင်း ခံရပြန်သည်။ သို့ဖြင့် အပြန်ခရီးတွင် ပုလိပ်နှင့် စုံထောက်များ အတန်တန် စစ်ဆေးနေသည့် ကြားမှ ရန်ကုန်သို့ ဘေးမသီ ရန်မခ ဘဲ ပြန်လည် ရောက်ရှိခဲ့ပေသည်။

ပြန်ရောက်ပြီးနောက် တို့ဗမာအစည်းအရုံး ခေါင်းဆောင်များထံ အဖြစ်အပျက်များကို သတင်းပို့ခဲ့လေသည်။ ထိုအချိန်တွင် ပုလိပ်များမှာ သတင်းရ၍ နောက်မှ ခြေရာခံလိုက်သဖြင့် ကမာရွတ် ဥယျာဉ်ခြံများတွင် တလှည့်စီ ပုန်းနေခဲ့သည်။

ဟိုက်နန်သို့ရောက်ပြီ

[ပြင်ဆင်ရန်]

တလခန့် ကြာသွားသောအခါ ဂျပန်သို့သွားရန် အစီအစဉ် အသစ် ပေါ်ပြီး ရန်ကုန် ဂျပန်သံရုံး နှင့် တို့ဗမာအစည်းအရုံး တို့၏ ဆောင်ရွက်ချက်ဖြင့် သခင်ထွန်းအုပ် နှင့် သခင်ရှုမောင် ခေါင်းဆောင်လျက် မျိုးချစ်လူငယ် ၁၁ ဦးတို့သည် ဂျပန် ကုန်တင်သင်္ဘော ကောရီရိုမရူး နှင့် ၁၉၄၁ ဇူလိုင် တွင် ဂျပန်သို့ ထွက်ခွာနှိင်ခဲ့သည်။ ထိုအဖွဲ့မှာ နောက်ဆုံးအသုတ်ပင် ဖြစ်သည်။

တရုတ်ပြည် ရှန်ဟဲမြို့သို့ ရောက်၍ တဖက်ကမ်းတွင် ရှိသော ဂျပန် ရေတပ်စခန်းမှ ဗိုလ်မှူးကြီးတဦး က မော်တော်ဘုတ် ဖြင့် စခန်းသို့ လျှို့ဝှက်စွာ ခေါ်ဆောင်နိုင်ခဲ့ပြီး စခန်းတွင် ၂ ရက် အနားယူခဲ့သည်။ ထို့နောက် စခန်းမှ ၄ မိုင်အကွာရှိ လေယာဉ်ကွင်း မှ ဂျပန်လေယာဉ်ဖြင့် ဂျပန်နိုင်ငံ ကျူရှူကျွန်း ဂျပန်ရေတပ်အခြေခံစခန်းကြီး သို့ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့လေသည်။ ထိုမှ တဆင့် ဖူကူအိုကာ၊ ထိုမှ ဟာကိုနေ ခေါ် တောင်ပေါ် အနားယူ စခန်း၊ ထိုမှ တိုကျိုမြို့သို့ ပြန်လာပြီး နောက်ဆုံးစခန်းဖြစ်သော စစ်ပညာသင်ကြားပေးမည့် ဟိုက်နန်ကျွန်းသို့ ခရီး ဆက်ကြပြန်သည်။ သိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်း တွင် စစ်ပညာ သင်ကြားခဲ့သည်။

တပ်သားသစ် ၁၀၀၀

[ပြင်ဆင်ရန်]

ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဗိုလ်ဘွဲ့ခံယူပြီး စစ်သားစုဆောင်းရေး တာဝန်ယူခဲ့သည်။ တပ်သားသစ် ၁၀၀၀ ကျော် စုဆောင်းနိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျပန်စစ် အရာရှိကြီးများ၏ ချီးကျူးခြင်းခဲ့ရသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ် နှင့် မော်လမြိုင်စစ်ကြောင်း ဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှတပ်များကို တိုက်ခိုက်ခဲ့သည်။

ကျရာတာဝန်

[ပြင်ဆင်ရန်]

ဘီအိုင်အေ တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ တွင် ဘီအိုင်အေ ဖျက်သိမ်း၍ ဗမာ့ လွတ်လပ်ရေး တပ်မတော် ဘီဒီအေ ဖွဲ့စည်းသော အခါ ဘီဒီအေ တပ်ရင်း ၄ တပ်ခွဲ ၁ တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက်စစ်ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်သည်။ ဖက်စစ်တော်လှန်ရေးကာလ က ရှေ့တန်းစစ်ဌာနချုပ်တွင် တပ်ခွဲမှူးတာဝန်ဖြင့် ဖက်စစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၇ မတ် ၁၉၅၉ တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တွင် ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ကြိုးပမ်းမှုများကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၃၀ ဇန်နဝါရီ ၁၉၇၆ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]