ရန်အောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရဲဘော်သုံးကျိပ်တို့၏ ပထမဆုံး ခရီးအဖြစ် နိုင်ငံခြားသို့ ထွက်ခွာသွားသည့် သူနှစ်ဦးအနက် တဦးမှာ ဗိုလ်ရန်အောင် အမည်ခံ သခင်လှမြိုင် ဖြစ်သည်။သခင်အောင်ဆန်း နှင့် အတူမြန်မာနိုင်ငံမှ တရုပ်ပြည် အမွိုင်မြို့ သို့ ပထမဆုံး ထွက်ခွာသွားသူဖြစ်သည်။

ဗိုလ်ရန်အောင်
မွေးသက္ကရာဇ် ၂ မတ် ၁၉?
မွေးဖွားရာဒေသ လှည်းကူးမြို့နယ် ဒါးပိန်ရွာ
အမည်ရင်း လှမောင်
သခင်အမည် သခင်လှမြိုင်
ဗိုလ်ဘွဲ့အမည် ဗိုလ်ရန်အောင်
ဂျပန်အမည် Itoda Tei-ichi
မိဘအမည် ဦးဘအောင် + ဒေါ်သိန်းမြ
နိုင်ငံသား Flag of Myanmar.svg
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကွယ်လွန်ရက် ၁၉၆၈-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့
လက်မှတ် Bo yan ag sig.jpg


နိုင်ငံရေး လှုပ်ရှားမှု အစ[ပြင်ဆင်ရန်]

တို့ဗမာအစည်းအရုံး အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွင် ရှေ့တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သံလျင် ဘီအိုစီ ရေနံမြေ လုပ်သားထု ၏ လှုပ်ရှားမှုတို့တွင် သခင်လှမြိုင်သည် ထင်ရှားကျော်ကြားသည့် အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သည်။ မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှု သမိုင်းတွင် သခင်လှမြိုင်၏ နာမည် ကို ချန်ထား၍ မဖြစ်ပေ။

အမွိုင်ခရီးစဉ်[ပြင်ဆင်ရန်]

သခင်အောင်ဆန်း နိုင်ငံခြားသို့ ထွက်ခါမည့် အချိန်တွင် မူလက စီစဉ်ထားသော သခင်ကျော်စိန် မလိုက်ဖြစ်သော အခါ၌ သခင်လှမြိုင် လိုက်ပါသွားရလေသည်။ ၁၉၄ဝပြည့်နှစ်၊ ဩဂုတ်လ(၈)ရက်တွင် သခင်အောင်ဆန်းနှင့် အတူ တရုတ်လူမျိုးအသွင် ရုပ်ဖျက်၍ မြန်မာပြည်မှ နော်ဝေးနိုင်ငံပိုင် ဟိုင်လီသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ၁၉၄ဝပြည့်နှစ်၊ ဩဂုတ်လ(၂၄)ရက်တွင် အမွိုင်မြို့ကို ရောက်ရှိသည်။ နိုဝင်ဘာ(၁)ရက်နေ့တွင် ဂျပန်ပြည်၊ တိုကျိုမြို့သို့ ရောက်ရှိသည်။ တိုကျိုမြို့၌ ကာနယ်ဆူဇူကီးနှင့် တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။

ရဲဘော်သုံးကျိပ် ဝင် ဖြစ်လာပုံ[ပြင်ဆင်ရန်]

သခင်အောင်ဆန်း မြန်မာနိုင်ငံ သို့ တခေါက်ပြန်လာသောအခါ ဂျပန်နိုင်ငံတွင်ပင် နေရစ်ခဲ့သည်။ ထို့နောက် ရဲဘော်သုံးကျိပ် အား ဟိုက်နန်ကျွန်းတွင် စစ်ပညာသင်ကြားသောအခါ၌ သခင်လှမြိုင်လည်း ပါဝင်သင်ကြားခဲ့သည်။ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ဖွဲ့စည်းသောအခါ ဗိုလ်ရန်အောင် ဟု အမည်ခံပြီး နယ်ချဲ့တော်လှန်ရေး တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်။

ဘဝခရီးနှင့် ဗကပ ပါတီ[ပြင်ဆင်ရန်]

၁၉၃၉ တွင် စတင်ဖွဲ့စည်းသော ဗမာပြည် ကွန်မြူနစ်ပါတီ တွင် ပါတီဝင် တဦးအဖြစ် တက်ကြွစွာပါဝင်ခဲ့သည်။ A၁၉၄၈ ခုနှစ် ဖဆပလ အစိုးရ လက်ထက်တွင် အဖမ်းခံရသဖြင့် သာယာဝတီ ထောင်တွင်ကျခဲ့၏။ ထောင်မှလွတ်ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင် ခဲ့သဖြင့် သခင်သန်းထွန်းတို့ ကွန်မြူနစ်ပါတီက ပျဉ်းမနား ခရိုင် တောင်ညိုစခန်းသို့ ခေါ်ဆောင်ပြီး ပါတီတာဝန်အားလုံးမှ ရုပ်သိမ်း ထားလိုက်၏။ သူ့ကို မောင်းတလုံးဖြင့် ရွာဆော်ကြီးတာဝန်ကို ပေးထားလိုက်ကြ၏။ ၁၉၄၉ တွင်အထက်မြန်မာနိုင်ငံ၌ ပထမဆုံး ဖွဲ့စည်းသော စတုတ္ထ ခြေလျင်တပ်မကြီး၌ ဗိုလ်မှူးရန်အောင်ကို တပ်မမှူးအဖြစ် ခန့်အပ်ထားခြင်းခံရသည်။ ၁၉၅၀ တွင် ဗိုလ်ချုပ်အဆင်အတန်းဖြင့် တပ်မကြီး (၁) ၏ တပ်မကြီးမှူး အဖြစ်တာဝန်ယူရ၏။ ထို့ပြင် ဒု စစ်သေနာပတိ တာဝန်ကိုလည်း ယူရသည်ဟု သိရသည်။

၁၉၅၁ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မှ ဗိုလ်ရန်အောင် အား ထုတ်ပယ်ပစ်လိုက်ကြသည်။ သို့သော် ပါတီမှ ပေးအပ်သော တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ဇွန် ၁၈ တွင် ပါတီသည် ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ရဲဘော်ဌေး နှင့် ရဲဘော်ဘတင် တို့ကို စွဲချက် အမျိုးမျိုး တင်ကာ သတ်ပစ်လိုက်ကြပြီးနောက် ဗိုလ်ရန်အောင် ကိုလည်း ရဲဘော်ဌေး တို့နှင့် တကြိတ်တဉာဏ် ထဲရှိသူဟုဆိုကာ အရေးယူ ခံခဲ့ရသည်။ သခင်သန်းထွန်းတို့၏ ပီကင်းမူ ကွန်မြူနစ်လမ်းစဉ်ကို မထောက်ခံနိုင်သော ဗိုလ်ရန်အောင် အား သုတ်သင်ရှင်းလင်းရန် စွဲချက် တင်ခံရပြန်သည်။ ၁၉၆၇ ဒီ ၁၅ တွင်မူ ပါတီဝင် အဖြစ်မှ လုံးဝထုတ်ပယ်ပြီးနောက် ချုပ်နှောင်ဖမ်းဆီးထားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပါတီ၏ သတ်ဖြတ်ခြင်းကို မခံ ၊ မိမိ ဘာသာ သေစေရန် အက်စပရင် ချွေးထုတ်ဆေး အလုံး ၃၀ ကို တပြိုင်ထည်း သောက်ချခဲ့သည်။ သို့သော် ပြင်းထန်သော ဝေဒနာကို ခံစားရရုံမှ အပ တကြိမ်တည်း အသက်ထွက်မသွားဘဲ ရှိခဲ့သည်။ ၁၉၆၇ ဒီ ၂၆ ရက်တွင်မူ ဗိုလ်ရန်အောင်၏ ကျန်းမာရေး အခြေအနေမှာ အဆိုးရွားဆုံးသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကွန်မြူနစ် များက သစ္စာဖောက်သည် သူ့အလိုလို မသေစေရ၊ ကိုယ်တိုင်သတ်ကြရမည် ဟု ဆုံးဖြတ်ကာ ညနေ ၆ နာရီတွင် အသက်ငင်နေသော ဗိုလ်ရန်အောင်ကို ဗပက ပါတီဌာနချုပ် ဗဟိုစခန်းမှ တပ်နီအမျိုးသမီး အမြင့်(ခေါ်)မစန်းဝင်းက ခြေထောက်ဖြင့် လည်မျိုကို နင်း၍ သတ်ဖြတ်သည်။

ဗိုလ်ရန်အောင် ကျဆုံးသော အခါ ဇနီး ဒေါ်လှိုင်လှိုင် နှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ သားတယောက်ဖြစ်သူ ဇေလတ်မှာ တောတွင်း ကွန်မြူနစ်ပါတီ တွင် ရောက်ရှိနေသည်။[၁][၂]


မှတ်စု[ပြင်ဆင်ရန်]

A. ^ သူ့တွင် စွဲမြဲသော ပိုင်းဖြတ်ချက် တခု ရှိသည်။ ၎င်းမှာ ငါ့ဘဝတသက်တာမှာ အစမှအဆုံးသို့တိုင် ကွန်မြူနစ်ပါတီကို ဖက်ပြီးတော့သာ အသေခံမယ် ဟူ၍ ဖြစ်လေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  3. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈

စိန်တင်, တက္ကသိုလ် (၁၉၆၈). ရဲဘော်သုံးကျိပ်မော်ကွန်း