ထွန်းအုပ်၊ သခင် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သခင်ထွန်းအုပ်
သခင်အမည် သခင်ထွန်းအုပ်
ဗိုလ်ဘွဲ့အမည် ဗိုလ်ဘွဲ့အမည် မခံပါ။
နိုင်ငံသား  မြန်မာ
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကွယ်လွန်ရက် ၁၉၇၀-ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့


သခင်ထွန်းအုပ်သည် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ တို့ဗမာအစည်းအရုံးကြီး၏ ထက်မြက်သောခေါင်းဆောင် တစ်ဦးဖြစ်သည့် ရဲဘောသုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် ပြည် ခရိုင် ပေါင်းတည်မြို့နယ် ပုတီးကုန်းမြို့နယ်ခွဲအပိုင် သိုက်တော ရွာဇာတိဖြစ်သည်။


သခင်ထွန်းအုပ် (ဝါ) မောင်ထွန်းအုပ်၏ မိဘများမှာ သိုက်တောရွာ မြေပိုင်ရှင် ဦးရွှေ၊ ဒေါ်ရွှေသားတို့ဖြစ်။ မောင်ထွန်းအုပ်ကို ၁၂၆၉ ခုနှစ် နတ်တော်လဆန်းသုံးရက်နေ့တွင် ဖွားမြင်သည်။ မောင်ထွန်းအုပ် လေးနှစ်သားအရွယ်တွင် မိခင ်သေဆုံးသွား၍ ၁၄ နှစ်သား အရွယ်တွင် ဖခင်သေဆုံးသွားသည်။

ငယ်စဉ်က သိုက်တောရွာ မြန်မာအလယ်တန်းကျောင်း၊ ထိုနောက် မှော်ဇာမြို့၊ ရန်ကုန်မြို့တို့တွင် ကျောင်းနေခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် သီဟိုဠ်ကျွန်း ကိုလံဗိုမြို့ရှိ အာနန္ဒာကောလိပ် ကျောင်းသို့ သွားရောက်ပညာသင်ကြားခဲ့ရာ စီနီယာကိမ်းဗရစ် အတန်းကို အောင်မြင်ခဲ့သည်။ ထိုနောက် မြန်မာနိုင်ငံသို့ ပြန် ရောက်သောအခါ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ သခင် အမည်ခံကာ အမျိုးသားရေးလုပ်ငန်းများကို စတင် လုပ်ကိုင်လာ ခဲ့၏။ အလုံဆူပါဗင်လမ်းရှိ အစည်းအရုံးတည်ရာဌာနမှစ၍ ဗိုလ်ချုပ်လမ်းအစည်းအရုံး၊ လွစ္စလမ်း ဌာနအစည်းအရုံး၊ ၄၇ လမ်းဌာနအစည်းအရုံး၊ ပန်းဆိုးတန်းဌာနအစည်းအရုံး စသည် တို့တွင် အငတ်ငတ် အပြတ်ပြတ် အဆင်းရဲခံကာ နိုင်ငံရေးကြိုး ပမ်းခဲ့သည်။ ဗြိတိသျှလက်အောက်ခေတ် ကိုလိုနီနယ်ချဲ့စံနစ် ကို အမြစ်ပါမကျန် တိုက်ဖျက်ချေမှုန်းကြရမည်ဆိုသော အသိ စိတ်ပေးလျက် နိုးကြားတက်ကြွစွာဖြင့် ဆူပူအုံကြွ ကန့်ကွက် လာအောင် ဟောပြောစည်းရုံးခဲ့သည်။ ဤသို့ လွတ်လပ်ရေး အတွက် ကြိုးပမ်းမှုတွင် ဘက်စုံပါဝင် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံရေးသမားတိုင်း၏ တွေ့ကြုံရမြဲဓမ္မတာ နိုင်ငံရေးလောကဓံ မုန်တိုင်းဒဏ်များကြောင့် ထောင်တန်း အကြိမ်ကြိမ်အကျခံခဲ့ရ သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ ရဲဘော်သုံးကျိပ်ဝင် ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ဂျပန် တပ်နှင့်မြန်မာပြည် ပြန်ဝင်ရာတွင်ပါလာ၏။ ဂျပန်စစ်သေနာ ပတိ ဂျင်နရယ်အီဒါ၏အမိန့်အရ မေမြို့တွင် မြန်မာနိုင်ငံ အုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ကြီးကို ဖွဲ့စည်းသောအခါ သခင်ထွန်းအုပ် လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ရသည်။ ထိုအဖွဲ့ကြီးက နိုင်ငံတော်အစိုးရအဖွဲ့ကို စံနစ်တကျဖွဲ့စည်းသောအခါတွင် သစ်တောရေးနှင့် သတ္တုတွင်းဌာနဝန်ကြီးဟူ၍ ဖြစ်လာ၏။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်ကပေးသော လွတ်လပ်ရေးရရှိသဖြင့် ဒေါက်တာဘမော်က အစိုးရအဖွဲ့ပြန် လည်ဖွဲ့စည်းသောအခါ သခင်ထွန်းအုပ်သည် အစိုးရအဖွဲ့တွင် မပါဝင်ရတော့ပဲ စင်္ကာပူသို့ပို့၍ ပြည်နှင်ဒဏ်ပေးခြင်းခံရလေ သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီးနောက် ဘုရင်ခံဆာဒေါ်မန်စမစ်၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် စီမံကိန်းဌာနဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ရသည်။ သို့သော် ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက အမှုဆောင်ကောင်စီအဖွဲ့ကို စိတ်တိုင်းကျဖွဲ့လာနိုင်သောအခါ သခင်ထွန်းအုပ်သည် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့ရလေသည်။ ထိုနောက်တွင် သခင်ထွန်းအုပ်သည် မိမိယုံကြည်သောနိုင်ငံရေး လမ်းစဉ်ကိုပင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ခိုင်မြဲစွာ ဆောင်ရွက်ခဲ့ရာ လွတ်လပ်သော ပြည်ထောင်စု၏ ဤမှဘက် ပိုင်းတွင်လည်း ထောင်ကျခံခဲ့ရဖူးလေသည်။ နောက်ဆုံးတွင် သခင်ထွန်းအုပ်သည် ဦးနှောက်ရောဂါ၏ ဖိစီးမှုကြောင့် နှစ် ရှည်လများ ဆင်းရဲချို့တဲ့စွာ ဝေဒနာခံရပြီးလျှင် ၁၃၃၁ ခုနှစ် ပြာသိုလပြည့်ကျော် ၂ ရက် (၂၄-၁-၇ဝ) နေ့တွင် ကွယ်လွန် သွားလေသည်။

သခင်ထွန်းအုပ်သည် ဂျပန်ခေတ်က ကျွနု်ပ်၏စွန့်စား ခန်း ဟူသောစာအုပ် ရေးသားထုတ်ဝေခဲ့၏။[၁]


လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်း[ပြင်ဆင်ရန်]

သခင်ထွန်းအုပ်သည် အိန္ဒိယနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ မေတ္တာဝါဒကို နှစ်ခြိုက်စွဲလမ်းသည်။ သီရိလင်္ကာမှ မြန်မာနိုင်ငံသို့ပြန်ရောက်သောအခါ တို့ဗမာအစည်းအရုံးတွင် ပါဝင်ခေါင်ဆောင်နေသော သခင်ဗစိန်နှင့်တွေ့ရှိသိကျွမ်းရာမှ တို့ဗမာအစည်းအရုံးသည် နိုင်ငံလွတ်လပ်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်နေသော နိုင်ငံရေးအသင်းတစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိသောကြောင့် သခင်လူငယ်များနှင့်အတူ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး သခင်ထွန်းအုပ်ဖြစ်လာလေသည်။ ထိုစဉ်က ပုလိပ်နှင့် နယ်ချဲ့အလိုတော်ရိများ၏ လက်သုံးစကားဖြစ်သော `သခင်ပေါက်စ ထောင်ခြောက်လ´ စာရင်းတွင် သခင်ထွန်းအုပ်၏ အမည်တစ်ခုထပ်တိုးခဲ့လေသည်။

အင်္ဂလိပ်နယ်ချဲ့များကို တွန်းလှန်ရန် အရှေ့တိုင်းသားချင်းဖြစ်သော ဂျပန်နှင့်ပူးပေါင်းဆောင်ရွက်လျှင်သင့်မြတ်သည်ဟု ယူဆ၍ ဂျပန်နှင့်ပတ်သက်သော စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုသည်။ ဂျပန်များသည် စစ်ရေး၊ စီးပွားရေး နှင့်တကွ အဘက်ဘက်မှတိုးတက်နေသည်ကိုသိရ၍ များစွာအားကျခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးတရားများ ဟောပြောခဲ့သောကြောင့် သခင်ထွန်းအုပ်မှာ ထောင်သို့နှစ်ကြိမ်ရောက်ခဲ့သည်။ ထောင်ထဲတွင် အေကလပ်စ်ခေါ် ပထမတန်းအဆင့်ဖြင့်နေရစေရန်တောင်းဆိုသော အခွင့်အရေးကိုမရ၍ ၁၅ ရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြခဲ့သည်။ ထောင်အာဏာပိုင်တို့က အကြိမ်ကြိမ်တိုက်ပိတ်၍ အပြစ်ပေးခဲ့သည်။

ရန်ကုန်မြို့တွင်နေထိုင်၍ ဆေးကုသပေးနေသော ဂျပန်ဆရာဝန်ကြီးတစ်ဦးက သခင်ထွန်းအုပ်ကို ဂျပန်ကောင်စစ်ဝန် မစ္စတာဖူးကိုင်းခေါ် မစ္စတာဟုန်းမားနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ပေးခဲ့သည်။ နယ်ချဲ့အစိုးရကိုတော်လှန်ပုန်ကန်ရန် သခင်ထွန်းအုပ်တို့ကတင်ပြသည်ကို ဂျပန်ကောင်စစ်ဝန်ကလက်ခံပြီး သူ၏အကြံပေးချက်အရ သခင်လှဖေကို ထိုင်းနိုင်ငံသို့ စေလွှတ်ရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။ ဒုတိယအကြိမ်အဖြစ် တို့ဗမာအစည်းအရုံးခေါင်းဆောင်တစ်ဦးဖြစ်သော သခင်ဗစိန်ကို ထိုင်းနိုင်ငံသို့သွား၍ ဂျပန်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် စေလွှတ်ခဲ့သော်လည်း သခင်ဗစိန်မှာ နယ်ချဲ့စုံထောက်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး ထောင်သွင်းအကျဉ်းချခံရသည်။ နောက်ထပ် သခင်အောင်သန်းကို ထိုင်းနိုင်ငံသို့စေလွှတ်လိုက်ရာ ဂျပန်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးလျှင် မြန်မာလူငယ် (၄၀) ကို စစ်ပညာသင်ကြားရန် ဂျပန်ပြည်သို့ရွေးချယ်စေလွှတ်ရေးအတွက် ဆောင်ရွက်ကြရန် သခင်ထွန်းအုပ်ထံသို့ စာဖြင့်အကြောင်းကြားခဲ့သည်။ အင်္ဂလိပ်စုံထောက်များသည် သခင်ထွန်းအုပ်တို့လုပ်ငန်းကို စုံစမ်းထောက်လှမ်းမိလာကြသောကြောင့် ပုလိပ်များရန်မှကင်းဝေးစေရန် ပြည်ခရိုင် ပုတီးကုန်းမြို့အနီးရှိ ဇာတိသိုက်တောရွာသို့ သွားရောက်ပုန်းအောင်းနေထိုင်ခဲ့သည်။ ထိုအချိန်တွင် သခင်ထွန်းအုပ်အား ရန်ကုန်မြို့မှ ဂျပန်ကောင်စစ်ဝန်က ဂျပန်ပြည်သို့ စစ်ပညာများသင်ကြားရန် တိတ်တဆိတ် ခေါ်ယူလေသည်။ သခင်ထွန်းအုပ်သွားရမည့် ခရီးစဉ်နှင့် စီးရမည့်သင်္ဘောတို့ကိုလည်း ဂျပန်ကောင်စစ်ဝန်က ပြည့်စုံသွားအောင်စီစဉ်ပေးလေသည်။

သခင်ထွန်းအုပ်သည် သခင်ကျော်စိန် (ဗိုလ်မှူးမိုးညို) နှင့်အတူ သမ္ဗာန်ဖြင့် ရေလယ်သို့ရောက်အောင်လာပြီးမှ ရေလယ်တွင်ဆိုက်ကပ်ထားသော ဂျပန်သင်္ဘောသုံးစီးတွင် မည်သည့်သင်္ဘောပေါ်သို့တက်ရမှန်း မသေချာ၍ ဆိပ်ကမ်းသို့ပြန်ခဲ့ရလေသည်။ နောက်တစ်နေ့တွင် ဂျပန်ကောင်စစ်ဝန်ထံသွားရောက်ပြီး အခြေအနေကိုတင်ပြပြောဆိုရာ နောက်သင်္ဘောနှင့်မှလိုက်ရန် စီစဉ်ပေးမည်ဟု အဖြေပေးလေသည်။ နောက်တစ်လကျော်ခန့်ကြာသောအခါ သခင်ထွန်းအုပ်ထံသို့ သင်္ဘောအမည်၊ ခရီးစဉ်နှင့် လမ်းတွင်သုံးစွဲရန် ငွေတို့ကိုပါ ဂျပန်သံအမတ်ထံမှ လာရောက်ပို့ထားလေသည်။ ရေလယ်သို့ သမ္ဗာန်ဖြင့်သွားရောက်ပြီး သင်္ဘောနောက်ပိုင်းရှိ ကြိုးချထားသောနေရာမှတက်ရန်ပြုသောအခါ သမ္ဗာန်ကုလားက ၎င်းနေရာမှတက်လျှင် ပုလိပ်ဖမ်းမည်ကိုစိုးရိမ်ရသည်ဟ ုပြောသောကြောင့် နောက်ဆုံးတွင်တံတားတစ်ခုတွင် ဆိုက်ကပ်လိုက်ရ၏။ မြန်မာစစ်စစ်မှ ဂျပန်တစ်ဦးအသွင် ရုပ်ဖျက်ထားသော သခင်ထွန်းအုပ်ကို ငှက်ပျောသီးတစ်ဖီးနှင့်အတူတွေ့လိုက်ရသော ၎င်းတံတားပေါ်မှ ဂျပန်သင်္ဘောသားအကြီးအကဲတစ်ဦးက အခြေအနေကိုအကဲခတ်မိပြီး ၎င်းတို့နှင့်အတူ သင်္ဘောပေါ်သို့ခေါ်ဆောင်သွားခဲ့သည်။ ဂျပန်သင်္ဘောသားတစ်ဦးမှ ၎င်း၏ဦးထုပ်ကို သခင်ထွန်းအုပ်အားပေးဆောင်းစေပြီး သင်္ဘောပေါ်သို့တက်ကြလေသည်။ သင်္ဘောပေါ်တွင် ပုလိပ်နှစ်ဦးသုံးဦးကိုတွေ့သော်လည်း အခက်အခဲမရှိခဲ့ပေ။ ဂျပန်သင်္ဘောသားတစ်ဦးသည် ပုလိပ်အရာရှိကို အရက်တိုက်ပြီး မိန်းမကိုယ်လုံးတီးပုံများဖြင့် မြှူဆွယ်ထားခိုက်ဖြစ်သောကြောင့် သခင်ထွန်းအုပ်မှာဘေးမသီရန်မခဘဲ သင်္ဘောပေါ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သခင်ထွန်းအုပ်တို့အား အဝတ်အစားလဲလှယ်စေပြီး သင်္ဘောဝမ်းဗိုက် အောက်ဆုံးထပ်ရှိ အခန်းထဲသို့ပို့ထားလိုက်လေသည်။ ထိုအခန်းထဲတွင် သခင်ထွန်းအုပ်နှင့်အတူ ခရီးထွက်ကြမည့် ရဲဘော်များရောက်နေကြသည်ကို အမှောင်ထဲတွင်ကြားရသော စကားသံများကြောင့် သိသာနိုင်သည်။ အင်္ဂလိပ်ရေကြောင်းပြအရာရှိသည် ပင်လယ်ဝအထိ အထူးသင်္ဘောကလေးဖြင့် လိုက်ပါလာ၍ ပင်လယ်ဝသို့ မရောက်မချင်းသင်္ဘောကုန်းပတ်ပေါ်သို့ တက်ခွင့်မရပေ။ ရှန်ဟိုင်းမြို့သို့ရောက်သောအခါ ဂျပန်အခြေခံရေတပ်စခန်းမှ စစ်အရာရှိများက သခင်ထွန်းအုပ်တို့အား သခင်ဗစိန်အခြေအနေကိုမေးမြန်းသေးသည်။ ထိုင်းနိုင်ငံသို့ထွက်ခွါလာစဉ် အင်္ဂလိပ်စုံထောက်များ ဖမ်းမိသွားကြောင်း ပြောပြသောအခါ ဂျပန်အရာရှိများက များစွာနှမြောကြလေသည်။

သခင်ထွန်းအုပ်တို့အား ဂျပန်ရေတပ်စခန်းမှ ကောင်းစွာပြုစုဧည့်ခံပြီးနောက်တစ်နေ့၌ ဂျပန်သို့လေယာဉ်ဖြင့်ပို့ပေးလိုက်လေသည်။ လေယာဉ်မှာ ၂၁ ယောက်စီးလေယာဉ်ဖြစ်ပြီး ရာသီဥတုမကောင်းသောကြောင့် ကျူရှူကျွန်းတွင်ဝင်ရောက်ရပ်နားရလေသည်။ တိုကျိုမြို့သို့ရောက်ပြီး ခေတ္တနားနေပြီးလျှင် ဟာကိုနီ တောင်စခန်းမြို့လေးသို့ပို့၍ ရက်အတန်ကြာ အနားယူစေသည်။ ဂျပန်စစ်အရာရှိများဖြစ်ကြသော ဗိုလ်မှူးကြီး ကာဝါရှီးမားတို့က လာရောက်တွေ့ဆုံလျက် ဂျပန်ပြည်တွင်နေထိုင်စဉ်အခါ ပြုမူပြောဆိုရမည့်အခြေအနေတို့ကို နည်းလမ်းပြသကြသည်။ ဂျပန်ပြည်၌ရှိနေစဉ် ဂျပန်နာမည်များကိုပြောင်းယူရန်၊ ဗမာဖြစ်ကြောင်းမည်သူ့ကိုမျှမပြောရန်နှင့် ဂျပန်အဝတ်အစားများကိုသာ ဝတ်ဆင်နေထိုင်ကြရန်မှာကြားခဲ့သည်။ သခင်ထွန်းအုပ်၏ ဂျပန်အမည်မှာ အီယှိဟာရအီယှီရို ဖြစ်သည်။

တိုကျိုမြို့တွင် စစ်ဦးစီးမှူးဖြစ်သူ ဂျပန်ဗိုလ်မှူးချုပ်တစ်ဦးက ရဲဘော်များနှင့်လက်ခံတွေ့ဆုံပွဲ၌ သခင်ထွန်းအုပ်က `မြန်မာနိုင်ငံအားနယ်ချဲ့အစိုးရက ဖိနှိပ်ချုပ်ချယ်ချက်ရှိ၍ မြန်မာလူထုကြီးမှာ များစွာ ဆင်းရဲပင်ပန်းနေသည်။ သို့သော် မြန်မာအမျိုးသားတို့သည် သူ့ကျွန်မခံလိုသောစိတ်ဓာတ်ဖြင့် နယ်ချဲ့အစိုးရကို တော်လှန်ဆန့်ကျင်လျက်ရှိခဲ့သည်။ သာယာဝတီ ဂဠုန်တော်လှန်ရေးသည် လယ်သမားများအနေဖြင့် နယ်ချဲ့အစိုးရကို ရဲရဲတောက် တော်လှန်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ယခုမိမိတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက်နယ်ချဲ့ကိုတော်လှန်ရန် အခက်အခဲအမျိုးမျိုးကြားမှ လာခဲ့ကြပါသည်။ ဂျပန်လူမျိုးများနှင့်အတူ အရှေ့အာရှ ခေတ်သစ်ထူထောင်ရာတွင် မြန်မာနိုင်ငံအဖြစ်ပါဝင်လိုပါသည်´ ဟုပြောကြားအစီရင်ခံခဲ့လေသည်။

ဖော်မိုဆာကျွန်းနှင့်ဟိုင်နန်ကျွန်းများတွင် သခင်ထွန်းအုပ်ရှိခဲ့စဉ်က မြန်မာနိုင်ငံမှ နယ်ချဲ့အင်္ဂလိပ်အစိုးရအား နှင်ထုတ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးတာဝန်ကိုယူရန်အစီအစဉ်ရှိခဲ့သည်။ ယင်းအစီအစဉ်အရ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကြိုတင်လေ့လာထားခဲ့သည်။ သခင်ထွန်းအုပ်သည် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်မှ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းယူပြီးသည့်အခါ စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ အုပ်ချုပ်ရေးကိုသာ ဦးစီးဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဗိုလ်နာမည်မခံယူဘဲ မူရင်းနာမည်အတိုင်းသာရှိစေခဲ့သည်။ တိုကျိုမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော(ဗိုလ်တေဇ) ဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကိုဖွဲ့စည်းခဲ့လေသည်။ ဘန်ကောက်မှ အယုဒ္ဓယ၊ ဇင်းမယ်(ချင်းမိုင်) သို့ခရီးဆက်ခဲ့ပြီး မဲခေါင်မြစ်တစ်လျှောက် လှေဖြင့်လည်းကောင်းခရီးဆက်ခဲ့သည်။ ထိုင်းလူမျိုးများ နေထိုင်သောရွာများကို ကျော်လွန်လာသောအခါ ကရင်ရွာများကိုတွေ့ရပြီး ၎င်းတို့ထံမှ ရိက္ခာများရယူစားသောက်ခဲ့ကြရသည်။ ၁၃၀၃ ခု၊ တပို့တွဲလဆုတ် ရ ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ တနင်္သာရီရိုးမတောင်တန်းကြီးကို လှမ်းမြင်ရလေသည်။

သခင်ထွန်းအုပ်နှင့်အတူ ဗိုလ်မှူးမိုး၊ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူးဇင်ယော်၊ ဗိုလ်မှူးစောအောင် စသည် စစ်အရာရှိများပါဝင်လေသည်။ တပို့တွဲလဆုတ် ၈ ရက်နေ့ ည ၁၂ နာရီတွင် ထိုင်း မြန်မာနယ်စပ်ရှိသောင်ရင်းမြစ်သို့ရောက်လေသည်။ လမ်းခရီးတွင်သယ်ယူပို့ဆောင်ရေးအတွက်လိုအပ်သော ကူလီလုပ်သားများရရှိစေရန် ကရင်ရွာများ၌ သခင်ထွန်းအုပ်က တရားဟောပြောရလေသည်။ ဗိုလ်မှူးရဲထွဋ် အုပ်ချုပ်သည့်တပ်ခွဲသည် လှိုင်းဘွဲ့မြို့ကိုချီတက်တိုက်ခိုက်သောအခါ သခင်ထွန်းအုပ်လည်း အတူချီတက်ရလေသည်။ လှိုင်းဘွဲ့မြို့တွင်ခေတ္တရပ်နားပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်အတွက် စစ်သားမျာရရှိရန် ဟောပြောစုဆောင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးသည် ေမာ်လမြိုင်မြို့မုတ္တမမြို့ဖားအံမြို့ရွှေဂွန်းမြို့ တစ်ဘက်ကမ်းမှ သံလွင်မြစ်ကမ်း အနောက်တစ်လွှားတွင် ချီတက်သိမ်းပိုက်လေသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးသောအခါ ဗမာ့နိုင်ငံတော်အုပ်ချုပ်ရေးဌာနကို ဖွဲ့စည်းသည့်အခါတွင် သခင်ထွန်းအုပ်ကို တာဝန်ယူဆောင်ရွက်ရန် သခင်ထွန်းအုပ်အား ဗိုလ်မိုးကြိုးကတာဝန်ပေးခဲ့လေသည်။ သခင်ထွန်းအုပ်သည် ရန်ကုန်မြို့တော်အုပ်ချုပ်ရေးအတွက် ဗိုလ်မှူးကြီးတီရာအိုကာ ကြီးမှူးသော နေပြည်တော်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရလေသည်။ ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် ၈ တွင် အုပ်ချုပ်ရေးဌာန ဖွင့်လှစ်စီမံဆောင်ရွက်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးအတွက် ဗဟိုအုပ်ချုပ်ရေးဌာနကို သခင်ထွန်းအုပ်က ဦးစီးစီမံအုပ်ချုပ်လေသည်။ မြန်မာတစ်နိုင်ငံလုံးအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီးအဆင့်လေးဆင့်ထားလျက် အုပ်ချုပ်ရ၏။ ၎င်းတို့မှာ စီရင်စုနယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့မအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖြစ်သည်။ ဖွဲ့စည်းရမည့် အုပ်ချုပ်ရေးဌာနများတွင် တရားဌာန၊ ဘဏ္ဍာရေးဌာန၊ ကာကွယ်ရေးဌာန၊ စိုက်ပျိုးရေးဌာန၊ ကျန်းမာရေးဌာန၊ စစ်သားစုဆောင်းရေးဌာန၊ သစ်တောဌာန၊ ဆည်မြောင်းဌာန၊ ရိက္ခာဌာန၊ ဝါဒဖြန့်ဖြူးရေးဌာန စသဖြင့်ပါဝင်သည်။ မြန်မာနိုင်ငံအုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့သည် နိုင်ငံတော်အစိုးရအဖွဲ့ကို စနစ်တကျဖွဲ့စည်းသောအခါတွင် သခင်ထွန်းအုပ်မှာ အစိုးရအဖွဲ့၌ သစ်တောရေးနှင့် သတ္ထုတွင်းဌာန ဝန်ကြီးအဖြစ် ရာထူးလက်ခံရမည်။

သခင်ထွန်းအုပ်သည် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်မှ မြန်မာနိုင်ငံကိုတိုက်ခိုက်သိမ်းယူပြီးသည့်အခါ စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ အုပ်ချုပ်ရေးကိုသာ ဦးစီးဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဗိုလ်နာမည်မခံယူဘဲ မူရင်းနာမည်အတိုင်းသာရှိစေခဲ့သူဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၀-ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဘီလီလမ်း(ယခု ဝါးတန်းလမ်း) အမှတ်(၂၀၈) နေအိမ်၌ စိတ်ရောဂါဝေဒနာ ခံစားရပြီး ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်တုတ်၊ မွေးစားသား မောင်နန်းမြင့် တို့ကျန်ရစ်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။