မင်းခေါင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗိုလ်မင်းခေါင် (ရွှေတူ)
Bominkhawng.png
မွေးသက္ကရာဇ် ၁၉၊ ၁ဝ၊ ၁၉၂ဝ
မွေးဖွားရာဒေသ ကြို့ပင်ကောက်မြို့
အမည်ရင်း မောင်စောလွင်
ဗိုလ်ဘွဲ့အမည် ဗိုလ်မင်းခေါင်
မိဘအမည် ဦးသောကြာ + ဒေါ်ကြော့
နိုင်ငံသား Flag of Myanmar.png
လူမျိုး မြန်မာd
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ရန်ကုန်မြို့ မြို့မ အမျိုးသား အထက်တန်းကျောင်းမှ ၁ဝ တန်း အောင်မြင်
အလုပ်အကိုင်

သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ တို့ဗမာ အစည်းအရုံးဝင် အမှုဆောင် တဦး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ၊

အလုပ်သမား သမဂ္ဂ ပေါင်းစုံ ညီညွတ်ရေး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
ဆုတံဆိပ် လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်နှင့် နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ရ၊ အင်္ဂလန်နိုင်ငံ သူရဲကောင်း ထူးချွန်ဆု၊ အီသီယိုးပီးယားနိုင်ငံ၏ လူစွမ်းကောင်း ဘွဲ့တံဆိပ်၊ အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်များ၊ ဂျပန်နိုင်ငံမှ ချီးမြှင့်သော သင်တန်းသားကောင်း တံဆိပ်နှင့် ရွှေစလွယ်ဆု
ကြင်ဖော် ဒေါ်မြသွဲ့၊ ဒေါ်မိမိလေး
ကွယ်လွန်ရက် ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်
လက်မှတ် Bo min khaung sig.png

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်နှင့် နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ရ ဝန်ကြီးဟောင်း ဗိုလ်မှူး ဗိုလ်မင်းခေါင်သည် ၁၉၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြို့ပင်ကောက်မြို့၌ အဖ ဦးသောကြာ၊ အမိ ဒေါ်ကြော့တို့မှ မွေးဖွားသော အထွေးဆုံး သားဖြစ်သည်။ ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် စတင် ပညာသင်ခဲ့သည်။ ထို့နောက်ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပြီး ၁ဝ တန်း အောင်မြင်သည် အထိ ပညာ ဆည်းပူးခဲ့သည်။ ငယ်နာမည်မှာ မောင်စောလွင် ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ကျောင်းသား သပိတ်တွင် လူငယ် ခေါင်းဆောင် တဦးအဖြစ် ကြို့ပင်ကောက်မြို့မှ ပါဝင်ခဲ့ပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်တွင် သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တို့ဗမာ အစည်းအရုံးဝင် အမှုဆောင် တဦးလည်း ဖြစ်သည်။ ထိုကာလမှ စ၍ သခင်စောလွင် အဖြစ် လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။

၁၉၄၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ စစ်ပညာ သင်ကြားရန် ဒုတိယ အသုတ် စေလွှတ်ခြင်း ခံရသော ရဲဘော်သုံးကျိပ်ဝင် တဦး ဖြစ်လေသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယိုးဒယားနိုင်ငံ၌ ရဲဘော်သုံးကျိပ်ဝင်များအား ဗိုလ်နာမည်များ မှည့်ခေါ်ရာတွင် ဗိုလ်မင်းခေါင် အမည်ခံယူသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းသည့် အခါ ဗိုလ်ကြီးအဆင့် ရရှိသည်။ ဗိုလ်မင်းခေါင်သည် ရေကြောင်းချီ အဖွဲ့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ရာ ရန်ကုန်မြို့ အဝင်တွင် အင်္ဂလိပ်များ၏ ဖမ်းဆီးခြင်း ခံရသည်။ ရန်ကုန်ထောင်ကြီးမှ မိမိ တပ်ဖွဲ့နှင့် အတူ ဖောက်ထွင်း လွတ်မြောက်ခဲ့ပြီး ကြည့်မြင်တိုင်တွင် ရေတပ် စခန်းဖွင့်ကာ တပ်စွဲခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဗမာ့ ကာကွယ်ရေး တပ်မတော်တွင် ဗိုလ်မှူး အဆင့်ဖြင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ် လည်းကောင်း၊ စစ်သေနာပတိချုပ်၏ တပ်ရင်းနှင့် ကိုယ်ရံတော် တပ်မှူး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလတွင် စစ်သေနာပတိချုပ်နှင့် အတူ လိုက်ပါ၍ မျိုးချစ် ဗမာ့ တပ်မတော် ဌာနချုပ်ကို သရက်ခရိုင်၊ သရက်ချောင်းရွာကြီး၌ ဖွင့်လှစ်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဗမာ့ တပ်မတော်ကို ပြန်လည် ဖွဲ့စည်းသည့် အခါ နိုင်ငံရေး လောကသို့ ပြန်ဝင်ကာ ပြည်သူ့ ရဲဘော် အဖွဲ့အစည်းတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ပြီး ရန်ကုန်ခရိုင် ခေါင်းဆောင်တဦး ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ အမတ်အဖြစ် အရွေးခံခဲ့သည်။ ထို့ပြင် ဗိုလ်မင်းခေါင်သည် မြန်မာနိုင်ငံ ဆိုရှယ်လစ် ပါတီ အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။

၁၉၅ဝ ပြည့်နှစ်တွင် ဖဆပလ အဖွဲ့ချုပ်၌ ရန်ကုန်ခရိုင် ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ပါလီမန် အတွင်းဝန် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသဖြင့် ပညာရေး ဝန်ကြီးဌာန၊ ပြည်သူ့ လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး ဌာနတို့တွင် အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ပြည်သူ့ လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာသည်။ ၁၉၅၁ ခုနှစ်တွင် ကြို့ပင်ကောက်မြို့နယ်မှ ပါလီမန် လွှတ်တော် အမတ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့ လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလတွင် ထောက်ပံ့ရေး ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ပါလီမန် လွှတ်တော် အမတ်အဖြစ် ကြို့ပင်ကောက် မြို့နယ်မှ ပြန်လည် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဗိုလ်မင်းခေါင်သည် ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် သယ်ယူ ပို့ဆောင်ရေး၊ စာကြည့်တိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် သယ်ယူ ပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ ပြည်ထဲရေး ဝန်ကြီး ဌာန၊ သယ်ယူ ပို့ဆောင်ရေးနှင့် စာတိုက် ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ် အထိ မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၊ အမှုဆောင် အဖွဲ့ဝင်၊ ၁၉၅၇-၅၈ ခုနှစ်တွင် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမှုဆောင် အဖွဲ့ဝင်၊ ပြည်ထောင်စု အလုပ်သမား အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အလုပ်သမား သမဂ္ဂ ပေါင်းစုံ ညီညွတ်ရေး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ စသည်ဖြင့် တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၈ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ် အတွင်း ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်း ကွဲသောအခါ သန့်ရှင်း ဖဆပလ၏ တွဲဖက် အတွင်းရေးမှူး၊ ၁၉၆ဝ ပြည့်နှစ်၊ မတ်လတွင် ပြည်ထောင်စုပါတီ အထွေထွေ အတွင်းရေးမှူ၊ ဦး၊ ဗိုလ်၊ သခင် အဖွဲ့များ ကွဲသော အခါ ဦး၊ ဗိုလ် အုပ်စု နိုင်ငံရေး ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုပါတီ အမှုဆောင် အဖွဲ့ တဖွဲ့လုံးနှင့် အတူ နုတ်ထွက်ခဲ့သည်။

၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် စာအုပ်ကို ဗိုလ်မင်းခေါင် (ရွှေတူ) ရဲဘော်သုံးကျိပ် အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပြည်တွင်း ညီညွတ်ရေးနှင့် အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရွှေတူဂျာနယ်ကို တာဝန်ခံ ထုတ်ဝေခဲ့ရာ ၁၉၇၂ ခုနှစ် အထိ ဖြစ်သည်။

ရွှေတိဂုံစေတီတော် ဂေါပက လူကြီးအဖြစ် ၁၉၇၇ ခုနှစ်တွင် ပထမအကြိမ် ရွေးချယ်ခံရသည်။ ၁၉၈၂ ခုနှစ်၊ ဒုတိယအကြိမ် ရွေးချယ် ခံရပြန်သည်။ ၁၉၈၂ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီး၏ (၁၃) ကြိမ်မြောက် စေတီယင်္ဂဏပရိယတ္တိ အသင်း ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရပြီး သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံ၌ စစ်ပညာ သင်ကြားရာတွင် သင်တန်းသားကောင်း တံဆိပ်နှင့် ရွှေစလွယ်တို့ကို လည်းကောင်း၊ ၁၉၃၉-၁၉၄၅ ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံ သူရဲကောင်း ထူးချွန်ဆုကို လည်းကောင်း၊ ၁၉၅၄-၅၅ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံ၏ လူစွမ်းကောင်း ဘွဲ့တံဆိပ်၊ အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်များနှင့် ၁၉၈ဝ ပြည်နှစ်တွင် နိုင်ငံတော် ကောင်စီက ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမဆင့်တို့ကို ရရှိခဲ့သည်။ ဗိုလ်မှူး မင်းခေါင်သည် ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြသွဲ့မှ သားသမီး ငါးယောက်နှင့် ဇနီး ဒေါ်မိမိလေးမှ သားသမီး ရှစ်ယောက် ကျန်ရစ်ခဲ့သည်။ [၁]

ဗိုလ်မင်းခေါင် (ရွှေတူ) ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ၁၉၆၈

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂ဝဝ၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)' ကနေ "ဗိုလ်မင်းခေါင် (ရွှေတူ) (၁၉၂ဝ - ၁၉၈၃)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။