ရန်နိုင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗိုလ်ရန်နိုင်
(၁၉၁၈-၁၉၈၉)
BoYanNaing.gif
မွေးသက္ကရာဇ် ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် စနေနေ့
မွေးဖွားရာဒေသ သရက်ခရိုင်အောင်လံမြို့နယ်ကာမမြို့၊ ကာမကလေးရွာ
အမည်ရင်း မောင်ထွန်းရှိန်
သခင်အမည် သံမဏိ ဗိုလ်ထွန်းရှိန်
ဗိုလ်ဘွဲ့အမည် ဗိုလ်ရန်နိုင်
ဂျပန်အမည် Yamashita Teruo
မိဘအမည် ဦးခန့် + ဒေါ်သန့်
နိုင်ငံသား Flag of Myanmar.svg
လူမျိုး မြန်မာ
ဆုတံဆိပ် ဘီအိုင်အေ၏ သူရဲကောင်း တံဆိပ် (ဒုတိယဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)
ကြင်ဖော် ဒေါ်တင်စာမော်
သားသမီး ၁၀ ဦး
ကွယ်လွန်ရက် ၂၈ ဇန်နဝါရီ ၁၉၈၉
လက်မှတ် Bo yan ng sig.png


"မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင် သံမဏိ ဗိုလ်ထွန်းရှိန်၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ရန်နိုင် အမည်များဖြင့် ထင်ရှားသည်။ ၁၉၄၂ ခုနှစ်၊ ရွှေတောင်တိုက်ပွဲနှင့် တွဲလျက် နာမည်ထွက်ပေါ်လာ၍ ဘီအိုင်အေ၏ သူရဲကောင်း တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ဂျပန်ခေတ်တွင် ယခု ဗိုလ်ချုပ်အောင်ဆန်းဈေးဟု ခေါ်နေသည့် စကော့မားကတ်ကို ထိုစဉ်က ရန်နိုင်ဈေးဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဗိုလ်ရန်နိုင်၏ အမည်သည် ရွှေတောင်တိုက်ပွဲနှင့် အတူ ပြည်သူများ၏ ပါးစပ်တွင် ရေပန်းစားခဲ့ရာ နေရာအနှံ့ ရန်နိုင်ဈေး၊ ရန်နိုင်လမ်း၊ ရန်နိုင်မုန့်၊ ရန်နိုင် စက်ဘီးပြင်ဆိုင်၊ ဓာတ်ပုံဆိုင်၊ ပုံနှိပ်တိုက် အမည်များ ထွက်ပေါ်လာခဲ့သည်။ ဂျပန်ခေတ် ဒုတိယပိုင်းတွင် အဓိပတိ ဒေါက်တာဘမော်၏ စစ်ဘက်ဆိုင်ရာ အတွင်းဝန်၊ ကိုယ်ရံတော် ဗိုလ်မှူး၊ ဗမာ့တပ်မတော် ဗဟိုစစ်ဌာနချုပ် စစ်ဆင်ရေး ဦးစီး ဗိုလ်မှူးကြီး၊ မင်္ဂလာဒုံ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ပြီးနောက် တပ်မတော်မှ ထွက်၍ မဟာဗမာ ပါတီဝင် အတိုက်အခံ နိုင်ငံရေးသမား အဖြစ် ရပ်တည်ခဲ့ပါသည်"


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် (၁၉၁၈-၁၉၈၉)[ပြင်ဆင်ရန်]

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် စနေနေ့တွင် သရက်ခရိုင် အောင်လံမြို့နယ်ကာမမြို့၊ ကာမကလေးရွာ၌ ဖွားသည်။ အဖ ဦးခန့်၊ အမိ ဒေါ်သန့် ဖြစ်ပြီး မိဘများမှာ တောင်သူမျိုးရိုး ဖြစ်သည်။ အမည် မောင်ထွန်းရှိန် ဖြစ်သည်။

ကာမကလေးရွာ ဆရာကြီး ဦးချမ်းသာ၏ တိုင်းရင်းမြန်မာ စာသင်ကျောင်း၌ စတင် ပညာသင်သည်။ သုံးတန်းအောင်လျှင် အောင်လံမြို့ အင်္ဂလိပ် မြန်မာ အလယ်တန်းကျောင်း၌ ဆက်လက် သင်ယူရာ အလယ်တန်းအောင်သည်။ ၁၉၃၄ ခုနှစ်တွင် ပြည်မြို့ အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်းသို့ ပြောင်း၍ ပညာသင်ကြားပြီး၊ ၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာ ထက်မြက်၍ စာမေးပွဲများ နှစ်စဉ် ထူးချွန်စွာ အောင်သည်။ ၁၉၃၆ ခုနှစ်၊ ဒုတိယအကြိမ် တက္ကသိုလ် ကျောင်းသားသပိတ်တွင် ပြည်မြို့ ကျောင်းသားခေါင်းဆောင် အဖြစ် တက်တက်ကြွကြွ ဦးဆောင်ခဲ့ပြီး ပြည်မြို့ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။

၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ရန်ကုန် တက္ကသိုလ်၌ ပညာ ဆည်းပူးခဲ့သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် သထုံကျောင်းဆောင် ကိုယ်စားလှယ် အဖြစ် ရန်ကုန် တက္ကသိုလ် သမဂ္ဂ၌ ပါဝင် ဆောင်ရွက်သည်။ ၁၉၃၇ မှ ၁၉၄၁ ခုနှစ်တိုင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) အမှုဆောင် အဖွဲ့ဝင်နှင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အမှုဆောင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄ဝ တွင် တကသနှင့် ဗကသ နှစ်ဖွဲ့စလုံး၏ အထွေထွေအတွင်းရေးမှူး အဖြစ် တပြိုင်တည်း ရွေးချယ်ခံရသည်။ ၁၉၃၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ပုသိမ်မြို့၌ ကျင်းပသော တတိယအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်ကို တက်ရောက်ခဲ့သည်။ ထိုကွန်ဖရင့်က ကျောင်းသား သံမဏိတပ်များ ဖွဲ့စည်းရန် ဆုံးဖြတ်၍ နိုင်ငံအနှံ့ ကျောင်းသား သံမဏိတပ်များ ဖွဲ့စည်းရာ တပ်မှူး အဖြစ် တာဝန်ယူ၍ သံမဏိ ဗိုလ်ထွန်းရှိန်ဟု အမည်တွင်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အိန္ဒိယပြည် ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်းသခင်သန်းထွန်းသခင်ခင်အောင်သခင်တင်မောင်၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း တို့နှင့်အတူ တက်ရောက် လေ့လာခဲ့သည်။

အိန္ဒိယမှ အပြန် ထွန်းရှိန်၊ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်းချုပ် အတွင်းရေးမှူး အမည်ဖြင့် 'ကိုယ်တွေ့အိန္ဒိယ (၁၉၄ဝ)' စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်မှာပင် နာဇီဝါဒ ပျက်စီးကျဆုံးရန် ရည်ရွယ်ချက်ဖြင့် ရေးသော 'ဂျာမနီ မိုက်သလား' ကို ရေးသား၍ နဂါးနီတိုက်မှ ထုတ်ဝေခဲ့သည်။ စာအုပ် ရောင်းချရန် ရည်ရွယ်၍ စာရေးသူ အမည်ကို ကိုသိန်းဖေ (ဦးသိန်းဖေမြင့်) အမည်ခံ၍ ဖော်ပြထားသည်။ ၁၉၄ဝ ပြည်နှစ်၊ ဇူလိုင်လ တတိယ အပတ်အတွင်း ရန်ကုန် တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ၌ တို့ဗမာ အစည်းအရုံး ဌာနချုပ် ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ၍ ကျင်းပသော လျှို့ဝှက် အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံခြား အကူအညီ ရှာဖွေရေး အတွက် ယိုးဒယားနယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်မှု မရခဲ့ချေ။ ၁၉၄၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံခြားမှ လျှို့ဝှက်စွာ ပြန်ရောက်နေသော သခင်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ဂျပန် စစ်ပညာသင် ပထမအသုတ် အဖြစ် ပင်လယ်ခရီး စွန့်စား ထွက်ခွာခဲ့သည်။ ပထမအသုတ်တွင် သခင်လှဖေ (ဗိုလ်လက်ျာ) သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး) တို့ ပါဝင်သည်။

ထိုင်ဝမ်ကျွန်း (ဖော်မိုဆာ) တွင် စစ်ပညာ သင်ကြားနေစဉ် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော သခင် အဖွဲ့ဝင်များနှင့် သခင်ဗစိန်၊ သခင်ထွန်းအုပ် ဦးဆောင်သော သခင်အဖွဲ့ဝင်များ စုစည်း ညီညွတ်စွာ ပူးပေါင်းရေး အတွက် သခင်အောင်ဆန်း၊ သခင်လှဖေ တို့နှင့်အတူ ဦးဆောင်ခဲ့သည်။ အထူးသဖြင့် သခင်အောင်ဆန်း၊ သခင်လှဖေတို့ ကိုယ်စား ကျန်စစ်ပညာသင်များနှင့် ဆက်သွယ် ဆောင်ရွက်ပေးခဲ့ရသည်။ စစ်သင်တန်းပြီးနောက် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်း၍ စစ်ကြောင်းများ ခွဲဝေရာ တတိယစစ်ကြောင်း (ကော့သောင်းအငူမှ) ဦးစီး တပ်မဟာမှူး အဖြစ် တာဝန် ပေးအပ်ခဲ့ရသည်။ ဗိုလ်မင်းခေါင်နှင့် ဗိုလ်တောက်ထိန်တို့က တပ်မှူး အဖြစ် ဆောင်ရွက်သည်။ စစ်ကြောင်းကို တပ်သား ၂၅ ယောက်ဖြင့် စတင်ခဲ့ရာ မြိတ်မြို့ကို သိမ်းပိုက်ပြီးနောက် တပ်သား ၁၅ဝ ခန့် တိုးလာခဲ့သည်။ မြိတ်မှ ကျိုက္ခမီဘားအံဘက် ချီတက်ချိန်တွင် တပ်သား ၁,ဝဝဝ နီးပါး ရှိလာသည်။ ဘားအံမှ ကျိုက္ခမီသို့ ပြန်လှည့်ကာ မုတ္တမ ပင်လယ်ကွေ့ကို ဖြတ်လျက် မြစ်ဝကျွန်းပေါ် ဒေးဒရဲဟင်္သာတမြန်အောင်မြို့များကို သိမ်းပိုက်ခဲ့သည်။ ဟင်္သာတ၊ မြန်အောင်၊ တဲကြီးကုန်း တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။

စစ်ကြောင်းတလျောက် တိုက်ပွဲများတွင် ၁၉၄၂ ခုနှစ်၊ မေလ ၂၉ ရက်၊ ၃ဝ ရက်နေ့များ၌ ရင်ဆိုင် တိုက်ခိုက်ရသော ရွှေတောင်တိုက်ပွဲသည် ပြင်းထန်သည်နှင့်အမျှ ဗိုလ်ရန်နိုင်၏ သူရဲကောင်း ဂုဏ်သတင်းကို ကြီးမား ထင်ရှားစေခဲ့သည်။ အမှတ် (၃) ဂျပန် တပ်မဟာနှင့် ဗိုလ်ရန်နိုင် ဦးဆောင်သော ဘီအိုင်အေတပ်က တဖက်၊ ဆုတ်ခွာနေသော အင်္ဂလိပ်တပ်များက တဖက် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားသည်။ တနေ့နှင့် တည တိုက်ပွဲ ဆင်နွှဲပြီးနောက် အင်အား ၂ ဆကျော်ရှိသော အင်္ဂလိပ်တပ်များ ဆုတ်ခွာ ပြေးရသည်။ ရွှေတောင်တိုက်ပွဲ အောင်မြင်မှုကြောင့် ဗိုလ်ရန်နိုင်သည် ဘီအိုင်အေ၏ သူရဲကောင်း တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ၁၉၄၂ ခုနှစ်မှာပင် မြဒေါင်းညို၏ 'ရွှေတောင်တိုက်ပွဲ' စာအုပ် ထွက်ပေါ်လာခဲ့သည်။ ရွှေတောင်မှ တဆင့် ဒုရင်္ဂဗိုလ်၊ ရွာထောင်၊ အောင်လံသရက်မင်းဘူးပေါက်ဆားလင်းကြီးမုံရွာရွှေဘိုမန်လည်တကောင်း၊ မြတောင်၊ ကျောက်ထုံးကြီး၊ ရွှေဂူ အစဉ်အတိုင်း ချီတက်ခဲ့သည်။ ထို့နောက် တပ်ခေါက်၍ မန္တလေးနန်းတွင်းတွင် တပ်စွဲနေစဉ် ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၌ ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖျက်သိမ်း၍ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို အသစ်ဖွဲ့ရာ တပ်မှူးများ အဖြစ် တပ်ရင်း (၁) ကို ဗိုလ်မှူးကြီး နေဝင်း၊ တပ်ရင်း (၂) ကို ဗိုလ်မှူးကြီး ရန်နိုင်၊ တပ်ရင်း (၃) ကို ဗိုလ်မှူးကြီး ဇေယျတို့ ခန့်အပ်ခံရသည်။ ၁၉၄၂-၄၃ တွင် ရန်ကုန် မြို့စောင့်တပ်မှူး၊ ၁၉၄၃-၄၄ တွင် အဓိပတိ၏ စစ်ဘက်ဆိုင်ရာ အတွင်းဝန်၊ နောင် ကိုယ်ရံတော်တပ် ဗိုလ်မှူးကြီး၊ ၁၉၄၄-၄၅ တွင် မင်္ဂလာဒုံ စစ်တက္ကသိုလ် ကျောင်းအုပ်၊ ဗမာ့တပ်မတော် ဗဟို စစ်ဌာနချုပ် စစ်ဆင်ရေး ဦးစီး ဗိုလ်မှူးကြီး အဖြစ် ဂျပန်-မြန်မာ-အိန္ဒိယ တပ်မတော် သုံးခု၏ စစ်ဆင်ရေး စစ်ဦးစီးများ တွဲဖက်ကောင်စီတွင် ဗမာ့တပ်မတော် ကိုယ်စားလှယ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ဘန်ကောက်မြို့၌ မဟာမိတ်တပ်များက ဖမ်းဆီး၍ ရန်ကုန်သို့ ပြန်ပို့ခဲ့သည်။

ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးထွန်းအောင် တို့နှင့်အတူ စစ်ဘက်ဆိုင်ရာ အတွင်းဝန် အဖြစ် ဂျပန်ပြည်သို့ သွားရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ်၊ ဇွန် ၂၃ ရက် သောကြာနေ့တွင် နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်နှင့် ဒေါ်ခင်မမမော်တို့၏ သမီးကြီး ဒေါ်တင်စာမော် (အမ်အေ) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ် မင်္ဂလာပွဲ အတွက် အိန္ဒိယပြည် ယာယီအစိုးရ အဖွဲ့ ခေါင်းဆောင် ဆူဘက်ချန္ဒရာဘို့စ်က ငွေငါးသိန်း လက်ဖွဲ့ခဲ့သည်။ ယင်းလက်ဖွဲ့ငွေကို ဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေ အဖြစ် လွှဲပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် တပ်မတော်မှ ထွက်၍ ရန်ကုန် တက္ကသိုလ်၌ ပညာ ပြန်လည်ဆည်းပူးရာ ၁၉၄၆ ခုနှစ်တွင် ဘီအေဘွဲ့ရသည်။ ထို့နောက် ဘီအယ်လ် ဥပဒေတန်းကို ဆက်လက် တက်ရောက်၍ မဟာဗမာအဖွဲ့တွင် ပါဝင် ဆောင်ရွက်သည်။ ထိုစဉ် ဗီယက်နမ် လွတ်လပ်ရေး တိုက်ပွဲအတွက် အကူအညီပေးရန် အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ဆူဘက်ချန္ဒရာဘို့စ်၏ အစ်ကို ဆာရတ်ဘို့စ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရရာ ဖဆပလ အတိုက်အခံ နိုင်ငံရေးသမား အဖြစ် ပုဒ်မ (၅) ဖြင့် ဖမ်းဆီးခြင်း ခံရသည်။ အင်းစိန်ထောင်၌ တလ၊ တောင်ငူထောင်၌ တနှစ်နီးပါး အကျဉ်းချခံရသည်။ တောင်ငူထောင်မှ လွတ်၍ ၂ လနှင့် ၅ ရက် အကြာတွင် ဖဆပလ အစိုးရ၏ ပုဒ်မ (၅) ဖြင့် ထပ်မံ ဖမ်းဆီးခြင်းခံရပြီး ၂ နှစ်နီးပါး အကျဉ်းချခံရသည်။ ၁၉၅၂ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဖဆပလ အတိုက်အခံ နိုင်ငံရေးသမား တဦးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည်။ ထို့နောက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာ၊ ၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့ဝင် အဖြစ် အိန္ဒိယနိုင်ငံ၊ ဥရောပနှင့် အင်္ဂလန်၊ ၁၉၆၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

တော်လှန်ရေး ကောင်စီ အစိုးရလက်ထက် ၁၉၆၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဇလီမော် တို့နှင့်အတူ ထိုင်းနိုင်ငံသို့ လျှို့ဝှက် ထွက်ခွာခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဦးစီးချုပ်၊ အမျိုးသား လွတ်မြောက်ရေး ကော်မတီဝင် အဖြစ် ဆောင်ရွက်သည်။ ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဦးနု ဦးဆောင်သော ပါလီမန် ဒီမိုကရေစီ ပါတီတွင် အလုပ်အမှုဆောင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံ အစိုးရ၏ အမိန့်အမှတ် ၂/၈ဝ အရ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ချီးမြှင့်ခံရသည်။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ စက်မှုသုတေသန အဖွဲ့ လက်ထောက်မန်နေဂျာ မစ္စတာဟာရာ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ ရောက်နေစဉ် ထိုစဉ်က ဂျပန်ဘဏ္ဍရေး ဝန်ကြီး မစ္စတာ ယိုချီယိုဟာယာချီ၊ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးရေး ဖိုရမ် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲ တရပ်တည်း ပြုလုပ်ခဲ့သည်။

ရဲဘော်သုံးကျိပ်ဝင်၊ အတိုက်အခံ နိုင်ငံရေးသမား ဗိုလ်ရန်နိုင်သည် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၈၁ (စီ) နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ဗိုလ်ရန်နိုင်နှင့် ဒေါ်တင်စာမော် တို့တွင် သားသမီး ၁ဝ ဦး (သား ၄ ဦး၊ သမီး ၆ ဦး) ထွန်းကားခဲ့ပါသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်