ဗလ၊ ဗိုလ် (ရဲဘော်သုံးကျိပ်)
ဗိုလ်ဗလ ကို ၁၇ မတ် ၁၉၁၇ တွင် မြောင်းမြခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာတွင် ဦးကျော်ဟန်၊ ဒေါ်သိန်း တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အမည်ရင်းမှာ ကိုသန်းရင် ဖြစ်သည်။ တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ပြီး နောက် သခင်ထွန်းလွင် ဖြစ်လာခဲ့သည်။ ဂျပန်အမည်မှာ အိုတာနီ ဟုရိုရှိ ဖြစ်သည်။
ကျောင်းသားဘဝ နှင့် ပညာရေးရာ
[ပြင်ဆင်ရန်]လပွတ္တာ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြားခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်များ
[ပြင်ဆင်ရန်]၁၉၃၈ ခုနှစ်တွင် မြောင်းမြ စီရင်စု တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၈-၃၉ မြောင်းမြ စီရင်စု ဗမာ့ လက်ရုံးတပ်များ တည်ထောင်သောအခါ ခေါင်းဆောင်တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ သာယာဝတီ တို့ဗမာ အစည်းအရုံး ညီလာခံတွင် မြောင်းမြခရိုင် ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည်။ ထိုညီလာခံတွင် သခင်ထွန်းလွင်သည် တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၃၈ ခု တို့ဗမာ အစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ တို့ဗမာအစည်းအရုံး တွင် ပါဝင်ခဲ့သည်။
ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် စတုတ္ထ အသုတ် မြန်မာမျိုးချစ်လူငယ်များ နှင့် အတူ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ကိုရီယုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၂ ဇူလိုင် ၁၉၄၁ တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၂၄ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါစကီး မြို့အနီးရှိ ရေတပ်စခန်း သို့ရောက်ရှိခဲ့သည်။ ထိုမှတဆင့် ဟာကိုနီ တောင်ပေါ်စခန်း မြို့သို့ သွားရောက်ကာ အပန်းဖြေခဲ့ကြသည်။ ၈ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံဖြင့် သွားရောက်ကာ ၁၁ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ဖျက်သိမ်း၍ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလက ဗိုလ်ဗလ ဦးစီးသည့် တပ်ရင်း(၇) သည် ရှေ့တန်း စစ်ဦးစီးဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိပြီး တိုင်း(၆) နှင့် တိုင်း(၇) ဒေသအတွင်း ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
ပါတီနိုင်ငံရေး
[ပြင်ဆင်ရန်]၁၉၅၈ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး နိုင်ငံရေး နယ်ပယ်သို့ ပြန်ဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အမတ်လောင်း အဖြစ် ချောက်မြို့ မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံရာ လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
စာပေရေးရာ
[ပြင်ဆင်ရန်]၁၈ ဇူလိုင် ၁၉၇၃ ခုနှစ် ကြေးမုံ သတင်းစာတွင် “ထိုနေ့” ဆောင်းပါးကို ရေးသားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် လွတ်လပ်ရေး ခရီးတစ်ထောက် စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ၁၁ ဧပြီလ ၁၉၇၄ ခုနှစ် ကြေးမုံသတင်းစာတွင် “ရဲဘော်သုံးကျိပ် ၃၄ နှစ် ခရီး” ဆောင်းပါးကို ရေးသားခဲ့သည်။ လွတ်လပ်ရေး ခရီးတထောက် ပ/ဒုတွဲ
ဆုတံဆိပ်ရေးရာ
[ပြင်ဆင်ရန်]ဇန်နဝါရီ ၁၉၅၅ ခုနှစ်တွင် ယူဂိုစလားဗီးယား သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (တတိယဆင့်) Military Merit (Third Class) ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။
၇ ဇွန် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်၏ အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဗိုလ်မှူးဗလသည် မန္တလေး ပန်းချီကျောင်းအုပ်ဟောင်းနှင့် မြို့ပိုင် ဦးမောင်မောင်ကြီး၊ ဒေါ်စိမ်းမြတို့၏ သမီး ဒေါ်ခင်ခင်ပြုံးနှင့် ၁၉၄၂-ခုနှစ်တွင် လက်ထပ်၍ သမီးခြောက်ယောက်ထွန်းကားခဲ့သည်။
ထို့နောက် ဗိုလ်မှူးဗလသည် အသက်(၈၂)နှစ် အရွယ် ၁၉၉၈-ခုနှစ် နိုဝင်ဘာလ(၁)ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခဲ့ချိန်၌ သမီး ဒေါ်ခင်ဥမ္မာ(DCPI)၊ ဦးတင်စိုး (အလုပ်ရုံမှူး M.P.E)၊ ဒေါ်ခင်စစ်အေး (ဦးအောင်ဖုန်း-ဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)၊ သား ဦးသူရဗလ၊ (ဦးသီဟဗလ) ဒေါ်ဝင်းဝင်းမြင့်၊ ဦးသုခဗလ (2nd Officer Initeam Shipping) (ဒေါ်ခင်စောတင့်)၊ ဦးသုတဗလ (အကောက်ခွန်ဦးစီး) (ဒေါ်ညိုညိုဝင်း)နှင့် မြေး ဦးစစ်တိုင်းအောင်၊ ဒေါ်ယဉ်ဝင်းဝင်းအောင်၊ မောင်စစ်သွေးအောင်၊ မခင်ပန်းပွင့်၊ မောင်သုနောင်၊ မပန်းအိဖြူ၊ မောင်ထွန်းသီဟထက်၊ မယမုံဦး တို့နှင့် မြစ် မတိုင်းနန်ဒီအောင်တို့ ကျန်ရစ်ခဲ့သည်။ [၁]