ဇင်ယော်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
ဗိုလ်ဇင်ယော်
မွေးသက္ကရာဇ်၁၉၁၉-ခု၊ နိုဝင်ဘာ ( ၂၁)ရက်၊
မွေးဖွားရာဒေသခရမ်းမြို့နယ်၊ ရန်ကုန်တိုင်း
အမည်ရင်းကိုသန်းညွန့်
သခင်အမည်သခင်သန်းညွန့်
ဗိုလ်ဘွဲ့အမည်ဗိုလ်ဇင်ယော်
ဂျပန်အမည်Okawa
မိဘအမည်ဦးပို + ဒေါ်နုင်းမြ
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းဆရာဖြစ်သင်တန်း
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်၊ နိုင်ငံဂုဏ်ရည် ပထမဆင့်
လက်မှတ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇင်ယော် ၂၁ နိုဝင်ဘာ ၁၉၁၉ ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းမြို့နယ် အေးရွာတွင် ဦးပို ဒေါ်နှင်းမြ တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာ ဝင်ဖြစ်သည်။ အမည်ရင်းမှာ ကိုသန်းညွန့်ဖြစ်သည်။ တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်သော အခါ သခင်သန်းညွန့် ဖြစ်လာသည်။ ဂျပန်အမည်မှာ အိုကာဝါ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည် ခံယူရာတွင် ဗိုလ်ဇင်ယော် ဖြစ်လာသည်။

ကျောင်းသားဘဝ နှင့် ပညာရေးရာ[ပြင်ဆင်ရန်]

ခရမ်းမြို့နယ် အေးရွာတွင် အလယ်တန်းအဆင့်ထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ပုဇွန်တောင် မြူနီစပယ် အထက်တန်း ကျောင်း တွင် ပညာ ဆက်လက် သင်ကြားခဲ့ရာ နဝမတန်း အောင်မြင်ခဲ့သည်။ ထို့နောက် ဆရာဖြစ်သင်တန်း တက်ရောက် အောင်မြင်ခဲ့သည်။

အသက်မွေးမှုဘဝ[ပြင်ဆင်ရန်]

၁၉၅၀ ပြည့်နှစ်တွင် အဆောက်အအုံ ကန်ထရိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ စကြာကုမ္ပဏီ တွင် မန်နေဂျာ အဖြစ် ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေး အစိုးရ လက်ထက်တွင် သစ်လုပ်ငန်း ကော်ပိုရေးရှင်း၌ အထူးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်[ပြင်ဆင်ရန်]

၁၉၃၉ ခုနှစ်တွင် တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ သို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် စတုတ္ထ အသုတ် မြန်မာမျိုးချစ်လူငယ် များနှင့်အတူ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ကိုရီမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၂ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၂၄ ဇူလိုင် ၁၉၄၁ ခုနှစ် တွင် ရှန်ဟိုင်း မှ လေယာဉ်ပျံ ဖြင့် ဂျပန်နိုင်ငံ ကျူးရှုးကျွန်း နာဂါစကီးမြို့ အနီးရှိ ရေတပ်စခန်း သို့ ရောက်ရှိခဲ့သည်။ ထိုမှ တဆင့် ဟာကိုနီ တောင်ပေါ်စခန်း မြို့သို့ သွားရောက်ကာ အပန်းဖြေ ခဲ့ကြသည်။ ၈ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံ ဖြင့် သွားရောက်ရာ ၁၁ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်း တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ်နှင့် မော်လမြိုင် စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်၍ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်။ ရွှေကျင်တိုက်ပွဲတွင် ဗိုလ်စောအောင် ကျဆုံးပြီးနောက် ဗိုလ်ဇင်ယော် ဦးစီး၍ ဆက်လက် တိုက်ခိုက်ရာ အနိုင်ရခဲ့သည်။

၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဘီဒီအေ တပ်ရင်း ၃ တပ်ခွဲ ၃၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် စက်မှုလက်မှု တပ်ရင်း ၁ ၏ တပ်ခွဲမှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် အနောက်တိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၄၄ ခုနှစ် နိုဝင်ဘာ တွင် မန္တလေး အထက်မြန်မာပြည် တိုင်း တပ်ရင်းမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ဖက်ဆစ်ဂျပန် တော်လှန်ရေး ဖြစ်ပွားလာသဖြင့် ဆေးရုံမှ ဆင်းကာ တိုင်း၄ (ပဲခူး၊ ရွှေကျင် နှင့် သထုံ) နှင့် ဆက်သွယ်ကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည်။

ကန္ဒီ စာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော် ဖျက်သိမ်းသောအခါ တပ်မတော်မှ ထွက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းသော ပြည်သူ့ရဲဘော်တပ်ဖွဲ့ တွင် ပါဝင်ပြီး ရန်ကုန်ခရိုင် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဉက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

ပါတီနိုင်ငံရေး[ပြင်ဆင်ရန်]

၁၉၅၈ ခုနှစ်တွင် နိုင်ငံရေး နယ်ပယ် သို့ ပြန်လည်ဝင်ရောက်ကာ ဦးနု ဦးဆောင်သော သန့်ရှင်း ဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယ အကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ အမတ်လောင်း အဖြစ် ကဝမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

အခြားဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော သတ္တမ အကြိမ်မြောက် ကမ္ဘာ့စစ်ပြန်ညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၃-၆၄ ခုနှစ်များတွင် မြန်မာနိုင်ငံ စစ်ပြန် စစ်မှုထမ်းဟောင်း များ အဖွဲ့ချုပ် ဉက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆုတံဆိပ်ရေးရာ[ပြင်ဆင်ရန်]

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၇ ဇွန် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်၏ အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၃၁ ဒီဇင်ဘာ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ် (ပထမ အကြိမ် ed.)။ အင်းဝ စာအုပ်တိုက်။