ဗိုလ်လက်ျာ

ဝီကီပီးဒီးယား မှ
(ဗိုလ်လင်္ကျာ မှ ပြန်ညွှန်းထားသည်)

လက်ျာ
Let Ya
ကာကွယ်ရေးဝန်ကြီး[၁]
တာဝန်သက်တမ်း
၁ ဩဂုတ် ၁၉၄၇ – ၁၃ စက်တင်ဘာ ၁၉၄၈
ယခင်လူအောင်ဆန်း
ဆက်ခံသူဦးနု
နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၉၄၇ – ၁၉၅၂
ယခင်လူအောင်ဆန်း
ဆက်ခံသူကျော်ငြိမ်း
ဗမာ့တပ်မတော်စစ်ဦးစီးချုပ်
တာဝန်သက်တမ်း
၁၉၄၇ – ၁၉၄၈
ယခင်လူအောင်ဆန်း
ဆက်ခံသူစမစ်ဒွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားလှဖေ
၃၀ ဩဂုတ် ၁၉၁၁
ပျဉ်းမနားမြို့ဗြိတိသျှဘားမား
ကွယ်လွန်၂၉ နိုဝင်ဘာ ၁၉၇၈ (၆၇ နှစ်)
လူမျိုးဗမာ
နိုင်ငံရေးပါတီတို့ဗမာအစည်းအရုံး
ဖဆပလ
ဗမာပြည်ကွန်မြူနစ်ပါတီ
ပါလီမန်ဒီမိုကရေစီပါတီ
ဆုတံဆိပ်များလွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)
လက်မှတ်
စစ်မှုထမ်းခြင်း
နာမည်ပြောင်Tani Kiyoshi
ဗိုလ်လက်ျာ
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲဗမာ့အမျိုးသားတပ်မတော်
ရာထူးဗိုလ်ချုပ်


ဗိုလ်လက်ျာ (ခေါ်) သခင်လှဖေသည် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ ရဲဘော်သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ်လက်ျာ သည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်လက်ျာ ဒုတိယစစ်သေနာပတိ ဖြစ်လာပြီး ဖတပလဖွဲ့ချိန်မှာလည်း ဗိုလ်မှူးကြီးလက်ျာနဲ့ နေဝင်း တို့ ဦးစီးအဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်း တပ်ကထွက်ချိန်မှာ ဗိုလ်လက်ျာကို ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိအဖြစ် ဗိုလ်မှူးချုပ် ကေသောမတ်စ်အောက်မှာ ထားခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပြီး လွတ်လပ်ရေးရချိန်မှာတော့ ဒုတိယဝန်ကြီးချုပ်တာဝန်ကိုပါ ဗိုလ်မှူးချုပ် တာဝန်နဲ့အတူ ယူခဲ့ရပါသည်။ မြန်မာပြည် ကာကွယ်ရေးအတွက် လက်ျာ-ဖရီးမင်းစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့သည်။[၂]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဗိုလ်လက်ျာကို ဖျာပုံမြို့က တရုတ်ကပြား လူချမ်းသာမိဘများက ၁၉၁၁ မှာ ဖွားမြင်သည်။[၃] ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ သူ၏ညီအရင်းမှာ ဒေါက်တာလှရွှေ (နောင်အခါ ၁၉၃၈ သပိတ်က ကျောင်းသား ခေါင်းဆောင် အာဏာရှင် လှရွှေ) ဖြစ်သည်။ ဗိုလ်လက်ျာသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသူလည်း ဖြစ်သည်။

သခင်ဘဝ[ပြင်ဆင်ရန်]

တို့ဗမာအစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လက်ျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ စတင်တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ဗိုလ်လက်ျာသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံခြားအကူအညီ ရှာဖွေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တရုတ်ပြည်သို့ ပထမဆုံး သွားခဲ့သည်။ ရဲဘော်နှစ်ယောက် ချိန်းထားသည့် အဆက်အသွယ်နှင့်လွဲပြီး သောင်တင်နေစဉ် လိုအပ်နေသည့် ရန်ပုံငွေကို ရှာဖွေခဲ့သူမှာ ဗိုလ်လက်ျာပင်ဖြစ်သည်။

ဂျပန်ပြည်၌ စစ်သင်တန်းတက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ထဲသို့ ဝင်ရောက်ပြီး ကျေးလက်ပြည်သူများကို တော်လှန်ရေးလှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော်စည်းရုံးရန် တာဝန်ပေးခဲ့သည်။ ဗိုလ်လက်ျာနှင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံ တောင်ပိုင်းမှ ကျေးလက်ပြည်သူများကို စည်းရုံးပြီး တပ်သားသစ်များ စုဆောင်းခဲ့သည်။

ဗိုလ်လက်ျာ
အာဏာရှင်လှရွှေ

စစ်သားဘဝ[ပြင်ဆင်ရန်]

တပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဗိုလ်လက်ျာသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်လက်ျာကို တပ်မတော်၏ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုး တာဝန်ယူစေချင်သည်ကို လုပ်ဖော်ကိုင်ဖက်များက သိကြသည်။ ဗိုလ်လက်ျာ၏ နေရာကို ပြိုင်ဆိုင်မည့် နိုင်ငံရေး ပြိုင်ဘက်များရန်မှ ဗိုလ်ချုပ်အောင်ဆန်းက သတိဖြင့် အမြဲကာကွယ်ပေးခဲ့သည်။ ယင်းအချက်သည် ၁၉၄၉ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော အာဏာရှင်နေဝင်း နှင့် ဗိုလ်လက်ျာတို့ အကြားတွင် ကြီးမားသော တင်းမာမှုများ ဖြစ်စေခဲ့သည်။

ဗိုလ်လက်ျာသည် နု-အက်တလီ စာချုပ် ၏ နောက်ဆက်တွဲအဖြစ် ကာကွယ်ရေးဆိုင်ရာ လက်ျာ- ဖရီးမင်း စာချုပ် ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့သည်။ လက်ျာ - ဖရီးမင်း စာချုပ်သည် ဗြိတိသျှတပ်များ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နှင့် ဗမာ့တပ်မတော်ကို စစ်သင်တန်းပေးမည့် အစီအစဉ်များ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့သည့်အတွက် ဗိုလ်လက်ျာကို ဗြိတိသျှလိုလားသူအဖြစ် စွပ်စွဲခဲ့ကြသည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် ဗိုလ်လက်ျာသည် တပ်မတော်တွင် ကြာကြာဆက်ရှိ မနေခဲ့တော့ပါ။ နောက်တနှစ် အကြာတွင် မြန်မာအစိုးရကို တိုက်နေသော ကရင်ခေါင်းဆောင်များကို ထောက်ခံနေသည်ဟု စွပ်စွဲခြင်းခံရပြီး ဗိုလ်လက်ျာသည် တပ်မတော်မှ နုတ်ထွက်ခဲ့ရသည်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ဗိုလ်လက်ျာသည် ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်းတွင် လက်ျာကုမ္ပဏီနှင့် မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်သည့် စီးပွားရေးသမား အဖြစ်ဖြင့် နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့သောလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဗိုလ်လက်ျာနှင့် ချမ်းသာကြွယ်ဝကြသော သူ့မိသားစုသည် မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး အသိုင်းအဝန်း၌ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။

အာဏာရှင်တော်လှန်ရေး[ပြင်ဆင်ရန်]

ဗိုလ်လက်ျာသည် ၁၉၆၂ ခုနှစ်တွင် အာဏာရှင် နေဝင်း၏ ဖြုတ်ချအာဏာသိမ်းခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်လက်ျာသည် တောခိုခဲ့ပြီး ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပူးပေါင်းခဲ့သည်။ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့သည်။ ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် ယင်းတပ်သည်ကေအင်ယူ နှင့် ပဋိပက္ခများ ကြားတွင်သာ တဝဲလည်လည် ဖြစ်နေခဲ့သည်။ ရန်ကုန်မြို့သို့ ချီတက်ပြီး အာဏာရှင်နေဝင်း ကို ဖြုတ်ချရန် အခွင့်အရေး မရခဲ့ချေ။ [၄]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်တွင် ထိုင်းမြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံဘက်ခြမ်း ပရာကျွတ်စခန်းတွင် ကေအန်ယူမှ တာမလာဘောနှင့် အတူလိုက်ပါလာသော တပ်မဟာ (၆) ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်နှင့်အတူ ကျည်ထိမှန်ကျဆုံးခဲ့ရလေသည်။ [၅]

အမည်အသံထွက်[ပြင်ဆင်ရန်]

ဗိုလ်လက်ယာ ဟုအသံ ထွက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "ကာကွယ်ရေးဝန်ကြီးဌာန"၊ Myanmar National Portal။ Archived from the original on 12 October 2019။ 
  2. https://www.bbc.com/burmese/in-depth-56211465
  3. https://www.bbc.com/burmese/in-depth-56211465
  4. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊
  5. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။