ပြာပုံတောင်ရှင်မ

ဝီကီပီးဒီးယား မှ

ပြာပုံတောင်ရှင်မ သည် မြန်မာလူမျိုးများ ရိုးရာဓလေ့အလျောက် ကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ပြာပုံတောင်ရှင်မ၏ နတ်နန်းသည် အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်း၏ ပြာပုံတောင်တွင် တည်ရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မယ်ဖြူအဖြစ် မွေးဖွားလာခြင်း[ပြင်ဆင်ရန်]

ပြောင်းပြာရွာတွင် အမျိုးသမီးတစ်ဦး လင်သည်မရှိဘဲ ခါချဉ်အနက် ကိုက်၍ ကိုယ်ဝန်ရှိလေသည်။ ထိုကဲ့သို့ ခင်ပွန်းသည် မရှိပါဘဲ ကိုယ်ဝန်ရှိသည့်အတွက် ပြောင်းပြာရွာအနီးရှိ လက်ကောင်းရွာတွင် နေထိုင်သည့် ထိုအမျိုးသမီး၏ မောင်ဖြစ်သူသည် အစ်မဖြစ်သူအား အခေါ်အပြောမပြုဘဲ အဆက်အသွယ် ဖြတ်ထားလေသည်။

ထိုကိုယ်ဝန်ကို မွေးဖွားပြီး၍ ကင်ပွန်းတပ်သည့်အခါ ထိုအမျိုးသမီးသည် မောင်ဖြစ်သူအား ဖိတ်ကြား၏။ သမီးကလေးဖြစ်သည့်အတွက် အမည်ကို "မယ်ဖြူ" မှည့်ခဲ့သည်။ ထိုကင်းပွန်းတပ်ပွဲသို့ မောင်ဖြစ်သူ လာမည်အထင်ဖြင့် မုန့်များနှင့် လမ်းတွင် သွားရောက်ကာ ကြိုနေခဲ့၏။ မောင်ဖြစ်သူသည် ရောက်မလာခဲ့သဖြင့် မုန့်များကို ချောင်းအတွင်းသို့ လွှင့်ပစ်ခဲ့သည်။ ယခုအချိန်တွင် ထိုချောင်းသည် "မုန့်ပစ်ချောင်း" ဟု တွင်လျှက် ရှိသည်။[၁]

ကျန်စစ်မင်းတော်ကောက်ခြင်း[ပြင်ဆင်ရန်]

မယ်ဖြူသည် အရွယ်ရောက်လာသည့်အခါ ချောမောလှပ၏။ ထိုအခါ အဆက်အသွယ် ဖြတ်ထားသည့် ဦးလေးတော်စပ်သူသည် မိမိ၏ သားဖြစ်သူနှင့် လက်ဆက်ပေးလိုကြောင်း ပြောလေ၏။ ထိုအခါ မယ်ဖြူ၏ အမေသည် စိတ်နာသဖြင့် သဘောမတူ လက်မခံဘဲ နေ၏။

ထိုအခါ မယ်ဖြူ၏ ဦးလေးသည် ပေါက္ကံပြည်ရှိ ကျန်စစ်သားမင်းအား မယ်ဖြူ၏ အကြောင်းကို လျှောက်တင်လေသည်။ ထိုအခါ ကျန်စစ်မင်း၏ မယ်ဖြူအား တော်ကောက်မည် ပြု၏။

ထိုအခါတွင် မယ်ဖြူ၏ အမေသည် မင်းနှင့် မဆက်ဆံလိုသဖြင့် သမီးဖြစ်သူ၏ လက်ညှိုးကို ကိုက်ဖြတ်လေ၏။ ဤသို့ဖြင့် ကျန်စစ်မင်းသည် မယ်ဖြူအား ကောက်ယူသွားလေသည်။

ထိုသို့ဖြင့် မယ်ဖြူ၏ အင်္ဂါမစုံသည့် အဖြစ်ကို သိသောအခါ အိမ်နိမ့်၌ ထားလေသည်။ ထို့နောက်တွင် မယ်ဖြူသည် ကွမ်းရေတော်ကိုင် မောင်ငုံနှင့် မေတ္တာမျှပြီး ပြာပုံတောင်သို့ ထွက်ပြေးလေသည်။[၁]

မယ်ဖြူ၏ အတိတ်ဘဝ[ပြင်ဆင်ရန်]

မယ်ဖြူသည် ရှေးဘဝက ထိုတောင်တွင် နတ်ဖြစ်ဖူး၏။ ထိုဘဝက အတူနေခဲ့ဖူးသည့် အဖော်နတ်သမီးသည် လင်ယူသည်ကို မကြိုက်သဖြင့် မောင်ဖြူကို ကျားနှင့် တိုက်သတ်ခဲ့သည်။ ထို့နောက် မကြာမီပင် မယ်ဖြူလည်း သေခဲ့သဖြင့် နတ်ဖြစ်လေသည်။[၁]

ယုံကြည်မှုများ[ပြင်ဆင်ရန်]

မယ်ဖြူသည် လူ့ဘဝက အဝတ်တန်ဆာ ကောင်းစွာဝတ်ဆင်ရခြင်း မရှိသဖြင့် ပြာပုံတောင်သို့ လက်ကောက်၊ ပုတီး၊ နားတောင်း စသည်တို့ ဝတ်ဆင်ကာ လာရောက်သူများ ရှိပါက ချွတ်၍ သိမ်းထားကြသည်။ ထိုသို့ မဟုတ်ပါက မုန်တိုင်း၊ မိုးကြီးလေကြီးကျ၍ မူးဝေ ထိတ်လန့်တတ်သည်ဟု ယုံကြည်မှုများ ရှိသည်။

ပြောင်းပြာ၊ မြို့ကြီး စသည့်အရပ်ဒေသများမှ အမျိုးသမီးများသည် ပုတီး၊ နားတောင်း၊ လက်ဝတ်လက်စားများကို မယ်ဖြူ၏ နတ်ကွန်းတွင် တင်မြှောက်ပြီးမှ ဝတ်ဆင်ကြသည်။

မယ်ဖြူသည် မိမိ၏ ဘဝနှင့် မိမိ၏ ရွာကို စိတ်နာသဖြင့် ကျိန်ဆဲခဲ့၏။ ထိုသို့ ကျိန်ဆဲခဲ့သည့်အတိုင်း ထိုရွာသည် တစ်နှစ်လျှင် သုံးသီးစားကြရသော်လည်း ကြွေးမြီမကင်းကြပေ။ ထို့ပြင် သုံးနှစ်အတွင်း မိန်းမချောတစ်ယောက် ထွန်းကားလာပါကလည်း ပျက်စီးတတ်သည်ဟု ယုံကြည်မှုများ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၇၄၊ ၁၇၅။