သာသနာပိုင်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ သာသနာပိုင်
အမျိုးအစားဖျက်သိမ်း
ခန့်အပ်သူမြန်မာ ဘုရင်
သက်တမ်းတသက်တာ
ဖွဲ့စည်းခြင်း၁၄၀၀ ခန့်
ပထမဆုံး ထမ်းဆောင်သူရှင်အရဟံ
နောက်ဆုံး ထမ်းဆောင်သူတောင်ခွင်ဆရာတော်
ဖျက်သိမ်းခြင်း၁၉၃၈
၁၉၀၂ ၌ မန္တလေးတောင်အနီးရှိ သုဓမ္မာဇရပ်တွင် သာသနာပိုင် ရွေးချယ်တင်မြောက်ခြင်း။

မြန်မာနိုင်ငံဗုဒ္ဓသာသနာ၏အကြီးအမှူးကို သာသနာပိုင်သံဃိဿရသံဃဦးကိုင်သံဃရာဇာ စသဖြင့် ခေါ်ဝေါ်ကြသည်။ ရှေးပုဂံမင်းများလက်ထက်မှစ၍ ဗြိတိသျှအစိုးရခေတ်တိုင်အောင် သီလဝန္တသိက္ခာ ကာမဖြစ်သောသံဃာတော်ကို သာသနာပိုင်အဖြစ် တင်မြှောက်ခြင်းများရှိခဲ့သည်။ ယနေ့ခေတ်ကာလအနေအထား၌ အနည်းငယ်ပြောင်းလဲသွား၏။ နိုင်ငံတော်မှ အတည်ပြုထားသော မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ဂိုဏ်းကိုးဂိုဏ်းရှိကာ သက်ဆိုင်ရာဂိုဏ်းများတွင် သက်ဆိုင်ရာ သာသနာပိုင်များရှိကြသည်။[၁]

သာသနာပိုင်ဟူသည် ဗုဒ္ဓသာသနာကို ကြီးမှူးအုပ်စိုးသော ပုဂ္ဂိုလ်ဖြစ်သည်။ ယင်း သာသနာပိုင်ကို ဘုရင်မင်းမြတ်နှင့်အစိုးရတို့ကလည်းကောင်း၊ ရဟန်းသံဃာတို့နှင့် တိုင်းသူပြည်သားတို့ကလည်းကောင်း တင်မြှောက်ကြသည်။ တင်မြှောက်ရာ၌လည်း ပိဋကတ်တော်၌ ကျွမ်းကျင်လိမ္မာ၍ သီလဝန္တသိက္ခာကာမဖြစ်သော ရဟန်းတော်ကိုသာတင်မြှောက်လေ့ရှိကြသည်။

ဝေါဟာရ နှင့် အခေါ်အဝေါ်[ပြင်ဆင်ရန်]

သာသနာပိုင်ကိုပါဠိဘာသာဖြင့်သံဃရာဇာ၊ မဟာသံဃရာဇာဟုသုံးစွဲကြသေးသည်။ ယင်းပါဠိကိုတိုက်ရိုက် မြန်မာဘာသာပြန်ဆိုလျှင်ရဟန်းသံဃာတို့၏မင်း၊ ရဟန်း သံဃာတို့၏မင်းမြတ်ဖြစ်သည်။ ထိုသို့သုံးစွဲကြသော်လည်း သာသနာပိုင်ကိုသာသံဃရာဇာဟု သုံးစွဲကြသည်မဟုတ်။

ရဟန်းသံဃာတို့အတွက် လှူဒါန်းထားသောဝတ်မိုးဝတ် ကိုလည်းသံဃရာဇာဟုသုံးစွဲကြသေးသည်။ သာဓကကား ပင်းယပြည်ဥစ္စနာမင်းကြီးသည် စကားခုနစ်ကျောင်းကို ဆောက်လုပ်ပြီးလျှင် အရှင်သုဓမ္မမဟာသာမိစသောဆရာတော် ခုနစ်ပါးတို့အားတင်လှူတော်မူ၏။ ကျောင်းနေတပည့်သံဃာများသုံးစားရန် ဝတ်မိုးဝတ်မြေတို့ကိုလည်းလှူဒါန်းတော်မူ၏။ အရှင်သုဓမ္မမဟာသာမိသည် ထိုဝတ်မိုးဝတ်မြေတို့မှ ရရှိသောအခွန်ဘဏ္ဍာတို့ကိုလုံ့လမပြုလို၍ ရဟန်းသံ ဃာတို့ကို (၁)ဝတ္ထုကံသိမ်း၊ (၂)သာသနာစိုး၊ (၃)ဝတ်စားသံဃာဟု သီးခြားထားသည်။ ဝတ္ထုကံသိမ်းကားအခွန် ကောက်ခံသိမ်းဆည်းရသည်။ သာသနာစိုးကားတရားနှင့်အညီ ကျင့်ဆောင်ကြရန်ဆုံးမ၏။ ဝတ်စားသံဃာ ကားဝေဖန်သော အဖို့အစုကိုစားရသည်။

ယင်းသုံးပါးတို့တွင် အခွန်ဘဏ္ဍာတို့ကို ကောက်ခံသိမ်းဆည်းရသောဝတ္ထုကံသိမ်း ကိုလည်း ထိုစဉ်အခါကသံဃရာဇာဟုသုံးစွဲလေ့ရှိခြင်းဖြစ်သည်။ ထိုသံဃရာဇာဟူသောစကားကိုလည်း သာသနာပိုင်ဟူသောစကားကိုမသုံးစွဲမီ၊ ပုဂံပြည်မင်းငါးဆဲ့ငါးဆက်ရှိရာ၊ နှစ်ဆယ်ဆက်မြောက်မင်း အကြောင်းအရာကို ရေးသားထားသော မဟာရာဇဝင်တော်ကြီး၌ မိဖုရားဆရာသံဃာရာဇာ မင်းဖြစ်တော်မူ၏။ ပါပစုတ်သား မင်းတရားလည်းဟူ၏။ ပုပ္ပါးစောရဟန်းလည်းဟူ၏ဟု အဆိုရှိသည်။ ယင်းစကားကို ထောက်လျှင် ထိုစဉ်အခါက စတင်၍ သံဃရာဇာဟူသောစကားကိုသုံးစွဲလာကြောင်း ထင်ရှားသည်။ ထိုမင်းကား ရဟန်းလူထွက်ဖြစ်၏။ ရဟန်းဖြစ်စဉ်က အရည်းကြီး ရဟန်းတို့အနွယ်အဆက်ဖြစ်၍ ယင်းရဟန်းတို့ကိုကြီးမှူအုပ်စိုး သော သံဃရာဇာ ဖြစ်ခဲ့ဟန်တူသည်။

သာသနာပိုင်ကိုသာသနာပြုဟူ၍လည်း သုံးစွဲကြသေးသည်။ မြတ်စွာဘုရားလက်ထက်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိနေသော်လည်း ထိုထို စာအုပ်စာတမ်းတို့၌ ဗုဒ္ဓသာသနာကိုကြီးမှူးအုပ်စိုးသော ရဟန်းတော်ကို သာသနာပိုင်ဟုသုံးစွဲလေ့မရှိကြ။ သာသနာပြုဟူ၍သာသုံးစွဲလေ့ရှိကြ သည်။ သာဓကကား တတိယသင်္ဂါယနာတင်ပြီး သောအခါ ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်သည်။ သာသနာပြုမထေရ် သာသနာပြုအပ်သည်စသောစကားတို့ဖြစ်သည်။

တာဝန်များ[ပြင်ဆင်ရန်]

သာသနာပိုင်၏တာဝန်ဝတ်တရားမှာ ဗုဒ္ဓသာသနာတော်အတွင်း၌ ဖြစ်ပေါ်လာသောအဓိကရုဏ်းမှု၊ သာသနာ တော်ထမ်း ရဟန်းသာမဏေတို့ကို ငြိမ်ဝပ်ပိပြားအောင်အုပ်ချုပ်မှု၊ ဝါဆိုဝါကပ်ရက်ငင်စသောသာသနာရေး သာသနာ တော်မှုတို့ကို မြတ်စွာဘုရားတရားတော်နှင့်အညီ စီရင်ဆုံးဖြတ်ရခြင်းတို့ ဖြစ်သည်။

အဆောင်အယောင်များ[ပြင်ဆင်ရန်]

အဆောင်အယောင်တို့မှာ အခမ်းအနားဖြင့် ကြွတော်မူလျှင်အသုံးပြုရန်လူထမ်းသောပြာဿာဒ်ယာဉ်၊ ကန်တော့ အမြောက်ကိုးချက်၊ မှန်စီရွှေချသိုင်းနှစ်၊ ကျိုင်းနှစ်၊ ယက်မားနှစ်၊ ရွှေထီးရှစ်၊ ထီးဖြူလေး၊ ရှေ့ဝင်းလက်နက်ကိုင် ၁ဝဝ၊ နောက်ဝင်းလက်နက်ကိုင်၁ဝဝ တို့ကိုဘုရင်မင်းမြတ်နှင့် အစိုးရတို့ကစီမံပေး၍ မဟာဒါန်ဝန်၊ မဟာဒါန်စာရေး၊ မဟာဒါန်လုလင်တို့ခြံရံလိုက်ပါလာရသည်။

ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

ပုဂံပြည်အလောင်းစည်သူမင်းကြီးလက်ထက်သာသနာနှစ် ၁၆ဝဝ ကျော်လောက်က အကြောင်းအရာတို့ကို ရေးသားထားသော မဟာရာဇဝင်တော်ကြီးနျင့် သာသနာလင်္ကာရစာတမ်းတို့၌ ရှင်အရဟံ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ရှင်အရဟံ ပရိနိဗ္ဗာန်ပြုတော်မူလျှင်ရှင်အရဟံ၏အရာကို စိမ်းညက်မင်းသားတော် မဟာထေရ်ကိုပေး၍ သာသနာပိုင်ပြုရ၏။ သွားလေရာရာ၌ ရွှေထီးစင်နှင့် သွားရ၏ဟုအဆိုရှိသည်။ မဲထီးဆရာတော်ဘုရားကြီး စီရင်အပ်သော ဝံသဒီပနီ ၌ကား 'ရှင်အရဟံသက်တော် ရှစ်ဆဲ့တစ်နှစ်တွင်ပရိနိဗ္ဗာန်ပြုတော်မူသည်။ ရှင်အရဟံပရိနိဗ္ဗာန်ပြုတော်မူလျှင် စိမ်းညက် မင်းသားတော် ဆရာပံ့သုကူမထေရ်ကိုသာသနာရေးအပ်နှင်းတော်မူ၍ ပြုစုရသည်'ဟုအဆိုရှိသည်။ ယင်းစကား တို့ကို ထောက်လျှင် ဗုဒ္ဓသာသနာကိုကြီးမှူးအုပ်စိုးသောရဟန်းတော်ကိုသာသနာပိုင်ဟု ထိုစဉ်အခါက စတင်သုံးစွဲခဲ့ကြောင်းထင် ရှားသည်။ သုံးစွဲရာ၌လည်း စိမ်းညက်မင်းသားတော် မဟာထေရ်ကိုသာ သုံးစွဲသည်ဟုမယူဆသင့်၊ ရှင်အရဟံကိုပါသုံးစွဲ သည်ဟု ယူဆသင့်သည်ဟု မြန်မာ့စွယ်စုံကြမ်းက ဆိုသည်။

အထူးအားဖြင့် ပုဂံခေတ်မှစ၍အင်္ဂလိပ်တိုင်အောင် သာသနာကိုစောင့်ရှောက်ထိန်းသိမ်းသောရဟန်းသံဃာတို့မှာ ဆရာတပည့်အစဉ်အဆက်ဆင်းသက်လျက် ရှိသော်လည်း အချို့မင်းတို့သည်သံဃရာဇာသာသနာပြုသာသနာပိုင် တင်မြှောက်ကြ၏။ အချို့မင်းတို့သည်မတင်မြှောက်ကြကုန်၊ ထိုသို့ထင်ရှားသောသံဃရာဇာသာသနာပြု၊ သာသနာပိုင် တို့ကို ရာဇဝင်၊ မဟာဝင်၊ သီလဝိသောဓနီ၊ ဝံသဒီပနီ၊ သာသနာလင်္ကာရစာတမ်း၊ သာသနဝံသပ္ပဒီပိကာပါဌ်၊ အာစ ရိယဝံသပါဌ်အနက်၊ သာသနဝံသစာတမ်း၊ ဆရာတော်သံဃာတော်တို့စာရင်း၊ သာသနဝံသဒီပနီနှင့် ထိုဆရာတော်တို့ ၏ထေရုပ္ပတ္တိများတွေ တွေ့ရှိနိုင်သည်။

ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသော သာသနာပိုင်များ[ပြင်ဆင်ရန်]

အောက်ပါ စာရင်းသည် မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားထားသော ခေတ်အဆက်ဆက်မှ သာသနာပိုင်များဖြစ်ကြသည်။

သာသနာပိုင်မဲဆန္ဒဖြင့်ရွေးခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - မိုးထားဆရာတော် နှင့် တောင်ခွင်ဆရာတော်
၁၉၀၃ တွင် သာသနာအပိုင်အဖြစ် တင်မြှောက်ခြင်းခံရခြင်း၊ စီတန်းလှည့်လည်ပုံကို ပြသထားသည်။

အင်္ဂလိပ်အစိုးရလက်ထက် ၁၂၆၃ ခုနှစ်သို့ ရောက်သောအခါ လစ်လပ် လျက်ရှိသော သာသနာပိုင်တစ်ပါးကိုရွေးချယ်ရန် ရှေးမြန်မာမင်းတို့ လက်ထက်က ရာဇဂုရုဘွဲ့တံဆိပ်ရရှိသော ဆရာတော် ၃၃ပါးကို သာသနာပိုင်အရွေးချယ်ခံပုဂ္ဂိုလ်များအဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်ရှိကျောင်းတက်များမှ တိုက်အုပ်၊ တိုက်ကြပ်၊ ကျောင်းထိုင်ဆရာတော်တို့ကို မဲဆန္ဒပေး ပုဂ္ဂိုလ်များအဖြစ်အများသဘောတူ သတ်မှတ်ပြဋ္ဌာန်းပြီးလျှင် ယင်းသည့်နှစ်သီတင်းကျွတ်လဆန်း ရှစ်ရက်နေ့ နံနက်၉နာရီအချိန်တွင် မန္တလးတောင်ခြေရှိသုဓမ္မာစရပ်အနီး၌ မဏ္ဍပ်ကြီးဆောက်လုပ်လျက် မဲဆန္ဒပေး၍ သာသနာပိုင် ရွေးချယ်ကြရာ မိုးထားဆရာတော်ကမဲပေါင်း ၃၉၆·ပထမ၊ တောင်ခွင်ဆရာတော်က မဲပေါင်း ၁၉၅·ဒုတိယ၊ ဒုတ်လှမ်း ဆရာတော်က မဲပေါင်း ၈၆ · တတိယရရှိကြသည်။ သာသနာပိုင်ရွေးချယ်ပွဲတွင်ပထမရရှိသောမိုးထား ဆရာတော်မှာ အစိုးရကသာသနာပိုင်အဖြစ် အသိအမှတ် ပြုရန် စီစဉ်ဆဲမှာပင်ပျံလွန်သွားသဖြင့် ဒုတိယရရှိသော တောင်ခွင်ဆရာတော်ကိုပင် လောကရေး၊ဓမ္မရေး၊ ရာဇရေးတို့၌ ကျွမ်းကျင်လိမ်မာသောဆရာတော်ဖြစ်၍ ၁၂၆၅ ခုနှစ်တွင် အစိုးရက သာသနာပိုင်အဖြစ် အသိအမှတ်ပြုသောကြောင့် မဟာသံဃရာဇာ သာသနာပိုင်အဖြစ်သို့ရောက်သည်။

ယနေ့ခေတ် အခြေအနေ[ပြင်ဆင်ရန်]

၁၃၂၁ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက ဂိုဏ်းကြီး သုံးဂိုဏ်းလုံးမှာ သက်ဆိုင်ရာဂိုဏ်း၏အကြီးအမှူး ကိုးကွယ် ရာကို နိုင်ငံတော်၏ကိုးကွယ်ရာအဖြစ်ဖြင့် သုဓမ္မာဂိုဏ်းတွင်ဆရာတော်ကြီးနှစ်ပါး၊ ရွှေကျင်ဂိုဏ်းတွင် ဆရာတော်ကြီး တပါး၊ ဒွာရပိုင်းတွင်ဆရာတော်ကြီးတစ်ပါး ဤဆရာတော်ကြီး လေးပါးတို့အား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တို့ကိုလှူဒါန်းသည်။

သာသနာရေးသာသနာမှုကို စီရင်ဆုံးဖြတ်ရန်ကား အစိုးရကသာသနာရေးဌာန သီးခြားဖွင့်လှစ်ကာ ဝိနိစ္ဆယဌာနအက်ဥပဒေ ပြဋ္ဌာန်း၍ ယင်းအက်ဥပဒေအရ ခရိုင်တိုင်း မြို့နယ်တိုင်း၌ ဝိနည်းဓိုရ်ဆရာတော်များ တင်မြှောက်၍ ဝိနိစ္ဆယဌာနများ ဖွင့်လှစ်ပြီးလျှင် သာသနာရေးဌာန၏ အကူအညီအထောက်အပံ့ဖြင့် ဝိနည်းဓိုရ်ဆရာတော်များက မိမိတို့သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တို့၌ဖြစ်ပွားသော သာသနာရေးသာသနာမှုတို့ကို စီရင်ဆုံးဖြတ်ကြလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း၊ သာသနာရေးဦးစီးဌာန။ 19 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2020 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)