မကွေးဆရာတော်

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တကုမာရမဟာထေရ်
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်မဟာဝိသုတာရာမတိုက်သစ်၊မကွေးမြို့ ၊မကွေးတိုင်းဒေသကြီး
ဘွဲ့တံဆိပ်
အခြားအမည်များမကွေးဆရာတော်ကြီး
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1922-10-23)အောက်တိုဘာ ၂၃၊ ၁၉၂၂
မကွေးတိုင်းဒေသကြီး၊ (စကု)မြို့နယ်၊ လေးအိမ်တန်းကျေးရွာ
ကွယ်လွန်၂၉ မတ်၊ ၂၀၁၀(2010-03-29) (အသက် ၈၇)
မိဘဦးထွန်းကြွယ်၊ဒေါ်ပိုးမျှင်
ရာထူး တာဝန်
ဌာနနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဂုဏ်ဒြပ်ဥက္ကဋ္ဌဆရာတော်
ယခင်မြင်းခြံ ကိုးဆောင်တိုက်ဆရာတော်
ဆက်ခံဗန်းမော်ဆရာတော်

ဘဒ္ဒန္တကုမာရမဟာထေရ် (၁၉၂၂-၂၀၁၀) သည်  မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ တတိယမြောက် ဥက္ကဋ္ဌအဖြစ်ခဲ့သူဖြစ်သည်။[၁] ဆရာတော်ကြီး အား  ၁၂၈၄- ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၄)ရက်၊ တနင်္လာနေ့ တွင် ခမည်းတော် ဦးထွန်းကြွယ်၊မယ်တော် ဒေါ်ပိုးမျှင် တို့က မကွေးတိုင်းဒေသကြီး၊ (စကု)မြို့နယ်၊ လေးအိမ်တန်းကျေးရွာ တွင် ဖွားမြင်ခဲ့သည်။

ရှင်သာမဏေဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကြီး သည် သက်တော် ၁၃ နှစ် အရောက်  ၁၂၉၇-ခုနှစ်၊ တပို့တွဲလ တွင် ကျွန်းကလေး ကျောင်းဆရာတော်ဦးဝေပုလ္လကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်ကုမာရဘွဲ့ အမည်ဖြင့် ရှင်သာမဏေ အဖြစ်သို့ရောက်သည်။

ရဟန်းဖြစ်လာပုံ[ပြင်ဆင်ရန်]

သက်တော် ၂၀ အရွယ် ၁၃၀၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၆) ရက် တွင် စကုမြို့နယ်၊ ဆင်ခေါင်းရွာ၊ ကြိုယွန်းကျောင်း ဆရာတော်အရှင်ရာဇိန္ဒ မဟာထေရ်ကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မန်းချောင်း (ခ) နမ္မဒါမြစ် ဥဒကုက္ခေပသိမ်၌ ရဟန်းအဖြစ်သို့ ရောက်သည်။

စာသင်သားဘဝ[ပြင်ဆင်ရန်]

အသက် ၆နှစ်သား အရွယ် ကတည်းက  ကျွန်းကလေးကျောင်း ဆရာတော် ဦးဝေပုလ္လနှင့် ထိုဆရာတော် ၏ လက်ထောက် တပည့်ကြီးများဖြစ်ကြသော ဦးစန္ဒာဝရ၊ ဦးရေဝတ တို့ထံတွင် သင်ရိုးပညာရပ်ကို သင်ယူခဲ့သည်။ ၁၂ နှစ်သားအရွယ်တွင် ပုဒ်စစ်၊ သုတ်စစ်နှင့်တကွ ကစ္စည်းသဒ္ဒါကြီးကို သုံးခေါက်သင်ယူခဲ့သည်။၁၆ နှစ်သား အရွယ်တွင် ရေစကြိုမြို့၊ အရှင်သူရိယ၊ အေးကျောင်း ဆရာတော်အရှင်အာစာရ၊ ဒန်းပင် ကျောင်းဆရာတော် အရှင်သီလဝန္တ တို့အထံ၌ သဒ္ဒါ၊ သင်္ဂဟ၊ ဋီကာကျော်၊ ရူပသိဒ္ဓိ၊ အဘိဓမ္မာ ညဝါစသော ပိဋကတ်အခြေခံကျမ်းဂန်များ၊ မကွေးမြို့ ဝိသုတာရာမတိုက် ဆရာတော်အရှင်နာရဒ၊ အရှင် ဝိသောဘဏတို့ထံ၌ နိကာယ်ငါးရပ်၊ အဋ္ဌကထာ၊ ဋီကာ၊ မန္တလေးမြို့၊ မစိုးရိမ်ဆရာတော် အရှင် သူရိယာဘိဝံသ၊ မဟာဝေယံဘုံသာကျောင်းတိုက် ဆရာတော် အရှင်ကလျာဏ၊ အရှင်ဥက္ကံသ စသော ကျမ်းတတ်အကျော် ဆရာတော်များ ထံတွင် အထက်တန်း ပိဋကတ်ကျမ်းစာများကို ဆက်လက် နည်းခံသင်ကြားဆည်းပူးတော်မူခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများ[ပြင်ဆင်ရန်]

အောင်မြေသာယာသူဌေးတိုက် ဝိနည်းစာမေးပွဲ၊ ငယ်၊ လတ်၊ ကြီးတန်းတို့ကို အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်တွင် ပါဠိတက္ကသိုလ် စာချတန်း စာမေးပွဲ ကျမ်းရင်းသုံးကျမ်းနှင့် ဂုဏ်ထူးဆောင် (၆)ကျမ်း ပေါင်း(၉)ကျမ်းလုံးကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သဖြင့် သာသနဓဇသိရီပဝရ ဓမ္မာစရိယ သိရောမဏိ ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့သည်။

စာချတော်မူခြင်း[ပြင်ဆင်ရန်]

၁၃၁၄ခုနှစ်တွင် မကွေးမြို့၊ မဟာဝိသုတာရာမ တိုက်သစ်၌ ဂဏဝါစကစာချအဖြစ် ချီးမြှောက် မှုကို ခံယူပြီး စာသင်ရှင်ရဟန်းတို့အား ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်း စာဝါများနှင့် နိကာယ်ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာ များကို ပို့ချတော်မူခဲ့သည်။

ထမ်းဆောင်ခဲ့သည့် သာသနာ့တာဝန်များ[ပြင်ဆင်ရန်]

  • ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်၌ ပါဠိဝိသောဓက ဓမ္မသင်္ဂဏီ ပါဠိဘာဏက သင်္ဂီတိကာရက
  • ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ အဘိဓမ္မမဟာသိပ္ပံ၏ သြဝါဒါစရိယ
  • တိ-နိသာသနာပြုဥပဋ္ဌာကအဖွဲ့များ၏သြဝါဒါစရိယ
  • ပခုက္ကူ မဟာဝိသုတာရာမိက ဂဏဝါစကနိကာယ ကြီး၏ ဂဏအနုဝိနာယက၊ သမ္မုတိဂဏမဟာ ဝိနာယက
  • ပထမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်
  • ဒုတိယ၊ တတိယ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်၊ တွဲဖက်အကျိုးတော်ဆောင်
  • စတုတ္ထအကြိမ် နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်
  • ပဉ္စမအကြိမ်နှင့် ဆဋ္ဌအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
  • နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)တို့၏အဓိပတိ
  • အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ အဓိပတိ

ရေးသားပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

  • လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ ထေရဝါဒစွယ်စုံ ကျမ်း
  • ဥပါသကာဂုဏ်သိဖွယ်စုံတရားတော်
  • ဗြဟ္မဝိဟာရအလင်းရောင်(ခေါ်) ဗြဟ္မစိုရ်တရားတော်
  • လူငယ်မျက်ရှုအခြေပြု

ဆက်ကပ်ခံရသည့် ဘွဲ့တံဆိပ်တော်များ[ပြင်ဆင်ရန်]

ဘဝခန္ဓာဇာတ်သိမ်းခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကြီး သည်  (၂၀၁၀)ခုနှစ်၊မတ်လ ၂၉ ရက် တွင် တစ်ဘဝ ခန္ဓာဇာတ် ကင်းပြတ် ချုပ်ငြိမ်း၊ ရုပ်သိမ်း ပျံလွန်တော်မူခဲ့သည်။[၂] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ခေတ်အဆက်ဆက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော်ကြီးများ၏ ထေရုပတ္တိအကျဉ်းချုပ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ 3 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌမကွေးတိုင်း၊ မကွေးမြို့၊ မဟာဝိသုတာရာမတိုက်သစ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၏ ထေရုပ္ပတ္တိအကျဉ်းကြေးမုံသတင်းစာ ၃၁ မတ် ၂၀၁၀ ရက်ထုတ်၊စာမျက်နှာ(၁၀) (၃၁ မတ် ၂၀၁၀)။ 20 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ ၏ ဥတုဇရုပ်ဓါတ်ရုပ်ကလာပ်တော်အား ဖူးမြော်ကန်တော့ကြေးမုံသတင်းစာ ၁ ဧပြီ ၂၀၁၀ ရက်ထုတ်၊စာမျက်နှာ(၁) (၁ ဧပြီ ၂၀၁၀)။ 22 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။