စီဝရသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အရှင်မဟာကဿပထေရ်နှင့် အရှင်အာနန္ဒာထေရ်တို့ မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်ဝယ် သီတင်းသုံးတော်မူနေစဉ် အရှင်အာနန္ဒာထေရ်၏တပည့် ရဟန်းငယ်(၃၀)တို့ လူထွက်မှုကိုအကြောင်းပြု၍ အရှင်မဟာကဿပထေရ်က “တိကဘောဇဉ် ပညတ်တော်မူခြင်းအကြောင်းများကို မေးမြန်းတော်မူပြီး အရှင်အာနန္ဒာထေရ်အား ကြောင်းကျိုးဖော်ပြ “ကုမာရကဝါဒ”ဖြင့် ဩဝါဒပေးတော်မူခြင်းနှင့် စပ်လျဉ်း၍ ထုလ္လနန္ဒာဘိက္ခုနီက အရှင်မဟာကဿပထေရ်အား “အညတိတ္ထိယပုဗ္ဗ” ဟု စွပ်စွဲပြောဆိုမှုနှင့်စပ်လျဉ်း၍ အရှင်မဟာကဿပထေရ်က “မိမိ အညတိတ္ထိယပုဗ္ဗ မဖြစ်ခဲ့ဖူးပုံနှင့် မိမိ၏ ရဟန်းအဖြစ် သန့်ရှင်းစင်ကြယ်ခဲ့ပုံ ဘုရားရှင်၏ ချီးမြှောက်မှုများကို မိန့်ကြားတော်မူပါသည်။ ထုလ္လနန္ဒာဘိက္ခုနီ ဗြဟ္မစရိယ (သာသနာတော်)မှ ရွေ့လျားသွားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-ဒက္ခိဏာဂိရိဇနပုဒ်အကြောင်း၊ ဒေသစာရီနှစ်မျိုး၊ ဒက္ခိဏာဂိရိ၌ အရှင်အာနန္ဒာ ဒေသစာရီလှည့်လည်ချိန်၊ တပည့်ရဟန်းငယ်များ လူထွက်ကြပုံ၊ တိကဘောဇဉ်အကြောင်း၊ ကုမာရကဝါဒ၊ အရှင်မဟာကဿပမထေရ်အား “အညတိတ္ထိယပုဗ္ဗ”ဟု စွပ်စွဲခြင်းအကြောင်း၊ ဃရာဝါသသမ္ဗာဓဖြစ်ပုံ၊ အဒ္ဓါနမဂ္ဂ ပဋိပန္န၊ အရှင်မဟာကဿပထေရ်၏ အနုပုဗ္ဗိကထာ၊ ပရိဘောဂလေးမျိုး၊ ထုလ္လနန္ဒာ ဘိက္ခုနီ၏ စွပ်စွဲချက်သည် ဒုဗ္ဘာသိတဖြစ်ပုံ၊ အရှင်မဟာကဿပထေရ်၏ သီဟနာဒ၊ အစရှိသော ဖွင့်ပြချက်များကို သိရှိနိုင်ပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ်ရာများကို ဖွင့်ပြထားပါသည်။

တိပိဋကအဘိဓာန်မှ[ပြင်ဆင်ရန်]

(က) ရဟန်း ၃-ပါး သုံးဆောင်ခြင်းငှါ ခွင့် ပြုအပ်သော တိကဘောဇဉ်ကို သီလမရှိသော ရဟန်းတို့ကို နှိပ်၍, သီလရှိသော ရဟန်းတို့ ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အလိုဆိုးရှိသော ရဟန်းတို့ အသင်းအပင်းဖွဲ့၍ သံဃာ သင်း မခွဲနိုင်ခြင်း၊ ဒါယကာ ဒါယိကာမတို့ လူ, နတ်, နိဗ္ဗာန် ၃-တန်သော အကျိုးတို့ကို ရရှိနိုင်ခြင်း၊ ဤအကျိုး ၃-မျိုးကို ရည်ရွယ်၍ မြတ်စွာဘုရား ခွင့်ပြုတော်မူသည်၊ သို့ဖြစ်ပါလျက် ရှင်အာနန္ဒာသည် ဣန္ဒြေကို မစောင့်စည်း ပစ္စည်း ၄-ပါး၌ အတိုင်းအရှည်ကို မသိ ထကြွ လုံ့လဝီရိယမရှိသော ရဟန်းငယ်တို့နှင့် ရောနှောကာ သွားလာနေထိုင်ဘိ၏၊ ထိုကဲ့သို့သော ရဟန်းငယ်တို့နှင့် လှည့်လည် သွားလာ နေထိုင်ခြင်းသည် ဒါယကာ ဒါယိကာမတို့ကို ချီးမြှောက်ရာမရောက်၊ ဖျက်ဆီးရာ ရောက်၏၊ ဤသူငယ်(ရှင်အာနန္ဒာ)သည် အတိုင်းအရှည်ကို မသိတတ်။ ဤသို့ မိန့်အပ်သော ရှင်မဟာကဿပစကားကို ထုလ္လနန္ဒာ ရဟန်းမ ကြားလေသည်၊ “တိတ္ထိတို့တပည့် ဖြစ်ဘူးသော ရှင်မဟာကဿပက ပညာရှိ ရှင်အာနန္ဒာကို သူငယ်ဟု မောင်းမဲပြောဆိုဘိ၏”ဟူသော ထုလ္လနန္ဒာရဟန်းမ စကားကို ရှင်မဟာကဿပ ကြားလေသည်၊ ထိုအခါ ရှင်မဟာကဿပက ငါ တောထွက်လာစဉ် ရာဇဂြိုဟ်နှင့် နာလန္ဒာအကြား ပညောင်ပင်မှ ဘုရားရှင်က ကြိုဆို ချီးမြှောက်တော်မူသည်။ ထေရ, နဝ, မဇ္ဈိမဖြစ်သော သီတင်း သုံးဖော် သံဃာတော်တို့၌ မမော်မှိန်ကုတ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနှင့် ချိုကျိုးနွားမျှ နှိမ့်ချရိုသေ ရှက်ကြောက်လေ၊ အပြစ် ကင်းခြင်း ကောင်းခြင်းမင်္ဂလာ စပ်ရာစကား လေးစားရိုသေ နားထောင်လေ၊ သုံးဆဲ့နှစ်ခု ဆံအစု ပွါးရှူနေထိုင်လေ၊ ဤဩဝါဒ ၃-မျိုးဖြင့် တသာသနာတွင် တစ်ယောက် ရဟန်း အဖြစ်ရောက်ချီးမြှောက်တော်မူသည်၊ ဘုရားရှင်သည် သင်္ကန်းချင်း လဲလှယ်တော်မူခြင်း ဖြင့်လည်းကောင်း, အဘိညာဉ်သမာပတ် အရာတို့၌၎င်း ကိုယ်တော်နှင့်ထပ်တူ ချီးမြှောက်တော်မူသည်။ ၇-တောင် ၇-တောင်ထွာရှိသောဆင်ကို ထန်းလက်ငယ်ဖြင့် မဖုံးအုပ်နိုင်သလို ငါ့အား ဘုရားရှင်၏ ချီးမြှောက်မှုတို့ကို ဖုံးအုပ် ချန်ထား၍မရ။ ဤသို့စသောချီးမြှောက် မှုတို့ဖြင့် ရှင်မဟာကဿပသည် တိတ္ထိတပည့် မဟုတ်, ဘုရားတပည့်အဖြစ်ကို ထင်ရှားစေတော်မူသည်။ ရှင်မဟာကဿပအား ဘုရားရှင် ချီးမြှောက်မှုတို့တွင် သင်္ကန်းချင်းလဲလှယ်သော ချီးမြှောက်မှုကို အစွဲပြု၍ စီဝရသုတ် မည်သည်။ [၂]


[၃] ပံသုကူဓုတင်ဆောင် ရဟန်းငါးမျိုးကို ဟောတော်မူသည့်သုတ်။ [၄]

ပံသုကူဓုတင်ဆောင် ရဟန်း ၅-မျိုး[ပြင်ဆင်ရန်]

နွားမမှနို့ရည်နို့ရည်မှ နို့ဓမ်း, နို့ဓမ်းမှ ဆီဥဆီဥမှ ထောပတ် ထောပတ်မှ ထောပတ်ကြည်ဖြစ်သည်၊ ထို၅-မျိုးတွင် ထောပတ်ကြည်သည် အကောင်းဆုံး ဖြစ်သည်ဟု ပညာနုံ့အ တွေဝေလှသောကြောင့် ပံသုကူဓူတင် ဆောက်တည်ပုံ နှင့် ပံသုကူဓုတင်၏ အကျိုးအာနိသင်တို့ကိုမသိပဲ ပံသုကူ သင်္ကန်းကို ဆောင်သော ရဟန်း,

“ပစ္စည်း ၄-ပါးဖြင့် ပူဇော်ကြလိမ့်မည် မကောင်းမှုမှ ရှက်ကြောက်သော ရဟန်းဟု ချီးကျူးကြလိမ့်မည်” ဟူသော အလိုဆိုးဖြင့် ပံသုကူ သင်္ကန်းကို ဆောင်သော ရဟန်း,

ရူးသွပ် စိတ်ပျံ့လွင့်ခြင်းကြောင့် ပံသုကူသင်္ကန်းကို ဆောင်သော ရဟန်း,

“ဘုရား, ဘုရားသာဝကတို့ ချီးမွမ်းအပ်၏” ဟူသော နှလုံးသွင်းဖြင့် ပံသုကူသင်္ကန်းကို ဆောင်သော ရဟန်း,

အလိုနည်းမှု, ရောင့်ရဲမှု ခေါင်းပါးမှ ဆိတ်ငြိမ်မှုကို အလိုရှိ၍ ပံသုကူသင်္ကန်းကို ဆောင်သော ရဟန်းဟု ပံသုကူဓုတင်ဆောင် ရဟန်း ၅-မျိုးရှိသည်၊ ထိုတွင် နောက်ဆုံးရဟန်း အမြတ်ဆုံးဟု ဟောတော်မူသောသုတ်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၁၈-၄၂၁။ သံ၊မြန်၊၁၊၄၀၇-၄၁၀။ သံ၊ဋ္ဌ၊၂၊၁၆၄-၁၈၅။ -သံ၊ဋီ၊၂၊၁၆၄-၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ကဿပသံယုတ္တ၊ ဧကာဒသမသုတ်။
  2. သံယုတ္တနိကာယ ပါဠိ၊ နိဒါနဝဂ်၊ ၅-သံယုတ်၊ ၁၁-သုတ်။ သံ၊၂၊၄၁၈-၄၂၁။
  3. -အံ၊၂၊၁၉၃။ အံ၊မြန်၊၂၊၂၄၆။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၉) ၄-အရညဝဂ္ဂ၊ ဒုတိယသုတ်၊
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. အင်္ဂုတ္တရနိကာယ ပါဠိ။ ၅-နိပါတ်၊ ၄-ပဏ္ဏာသက၊ ၄-ဝဂ်၊ ၂-သုတ်။ အံ၊၂၊၁၉၃။