အေးဇံ
ဒေါက်တာ ဦးအေးဇံ | |
---|---|
မွန်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁ မတ် ၂၀၁၇ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဦးမင်းမင်းဦး |
ဆက်ခံသူ | ဒေါက်တာတင်ဌေး (ကောင်စီဥက္ကဋ္ဌ) |
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် ၂ |
အနိုင်ရမဲ အရေအတွက် | ၂၁,၁၁၂ (၆၀.၆၃%)[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မုဒုံမြို့၊ မွန်ပြည်နယ် | ဧပြီ ၄၊ ၁၉၅၄
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်ခင်အေးမူ |
ပညာရေး | M.B.,B.S |
မိခင်ကျောင်း | ဆေးတက္ကသိုလ်(၂) ရန်ကုန် |
အစိုးရအဖွဲ့ | မွန်ပြည်နယ် အစိုးရအဖွဲ့ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဒေါက်တာအေးဇံ (၄ ဧပြီ ၁၉၅၄ မွေးဖွား) သည် မွန်လူမျိုး၊ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]
ဒေါက်တာအေးဇံကို ဖခင် ဦးကျော်ဇံနှင့် မိခင် ဒေါ်ရင်မြတို့က မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားခဲ့သည်။ မုဒုံ၊ သံဖြူဇရပ်နှင့် သီပေါမြို့များတွင် ပညာသင်ယူခဲ့ပြီးနောက် ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[၂]
နိုင်ငံရေး လုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]
ဒေါက်တာအေးဇံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၃] ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်မှတ်ပုံတင်သည့်ခုနှစ်တွင် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါက်တာအေးဇံက စတင်ဦးဆောင်ခဲ့သည်။[၄]
ဒေါက်တာအေးဇံသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။[၂]
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း[ပြင်ဆင်ရန်]
မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ဦးမင်းမင်းဦးက ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့သဖြင့် လစ်လပ်နေသော ဝန်ကြီးချုပ်ရာထူးနေရာတွင် ဒေါက်တာအေးဇံအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပြီးနောက် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်ခဲ့သည်။[၂][၅]
ဖမ်းဆီးထောင်ချခံရခြင်းများ[ပြင်ဆင်ရန်]
ဒေါက်တာအေးဇံသည် ၁၉၉၇ ခုနှစ်က နိုင်ငံပိုင်ယူကလစ်ပင်များအား ဖျက်ဆီးမှု အပက (၃) ဖြင့် ထောင် ၁ဝ နှစ် ချမှတ်ခံရဖူးသည်။
၎င်း တရားဝင်ဝယ်ယူထားသည့် ခြံထဲမှ ယူကလစ်ပင်များမှာ နိုင်ငံတော်ပိုင်ယူကလစ်များဖြစ်သည်ဆိုပြီး အမှုဖွင့် ထောင်ချခဲ့ခြင်းဖြစ်ကာ ထိုသို့ထောင်ချခံရခြင်းက နိုင်ငံရေးအကြောင်းပေါ် အခြေခံပြီး ထောင်ချခြင်းဖြစ်သည်ဟု Myanmar Now ကဖော်ပြသည်။ [၆]
၂ဝဝ၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဒေါက်တာအေးဇံ သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် အခြားသောဝန်ကြီးချုပ်များကဲ့သို့ပင် ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[၇] ၂၀၂၁ ဖေဖော်ဝါရီ ၂ရက်တွင် ဝန်ထမ်းအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ဖေဖော်ဝါရီ ၁၀ရက်တွင် ထပ်မံ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။[၈] ယင်းနောက် ပုဒ်မ ၅၀၅ (ခ)၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ယူခဲ့သော စွပ်စွဲချက်အပါအဝင် အဂတိအမှု (၉)မှု၊[၉] ရွေးကောက်ပွဲဆိုင်ရာအမှု စသည့် အမှုပေါင်း၁၁ မှုဖြင့် အမှုဖွင့်တရားစွဲခြင်းကို ခံခဲ့ရသည်။
ဒေါက်တာအေးဇံက ၎င်းအပေါ် စွပ်စွဲထားသည့် အမှုများအားမကျူးလွန်ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။[၁၀]
သို့သော်လည်း CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ကျိုက်မရောအကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ၂၀၂၁ခုနှစ်ဒီဇင်ဘာလတွင်ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။[၁၁]
ဆက်၍ ၂၀၂၂ခုနှစ် မေလ(၁၆)ရက် တွင် အဂတိအမှု(၉)မှုကို ကျူးလွန်သည်ဟု မွန်ပြည်နယ်တရားလွှတ်တော်က ဆုံးဖြတ်ပြီး ဒေါက်တာအေးဇံကို ထောင်ဒဏ်(၂၁)နှစ် ချမှတ်ခဲ့ပြန်သည်။[၁၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ နိုင်ကွန်းအိမ် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ရွေးချယ်အတည်ပြု။ VOA မြန်မာပိုင်း။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံ ကျမ်းသစ္စာဆိုမည်။ DVB (၁ မတ် ၂၀၁၇)။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဖေသက်ထက်ခင် (၂၀ ဖေဖော်ဝါရီ ၂၀၁၇)။ မွန်ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ့် ဒေါက်တာအေးဇံ ဘယ်လိုလူမျိုးလဲ။ ကုမုဒြာဂျာနယ်။ 23 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဇေယျာမော် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ကန့်ကွက်သူမရှိ အတည်ပြု။ မဇ္ဈိမ။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ https://www.myanmar-now.org/mm/news/1631
- ↑ https://www.rfa.org/burmese/news/missing-three-minister-in-mon-state-02032021052220.html
- ↑ https://www.youtube.com/watch?v=rXcGzo_levQ
- ↑ https://www.accm.gov.mm/acc/index.php?route=cms/article&article_id=684
- ↑ http://burmese.dvb.no/archives/533604
- ↑ https://www.mizzimaburmese.com/article/94521
- ↑ https://www.rfa.org/burmese/news/nld-mon-state-prime-minister-sentenced-22-years-in-prison-05162022105359.html