ဘသန်း (ရှင်မဟာဗုဒ္ဓဃောသ)
ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း
[ပြင်ဆင်ရန်]ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟု လူသိများသော သတင်းစာဆရာ၊ စာရေးဆရာ ဦးဘသန်းကို စစ်ကိုင်းတိုင်း၊ စာရေးကလေးရွာအပိုင် ကန်ကြီးကုန်းကျေးရွာ ၌ ၁၈၉ရခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် အဖ ဦးရွှေအင်းနှင့် အမိဒေါ်ညိုတို့က ဖွားမြင်သည်။ ဦးဘသန်းသည် ဓနုဖြူမြို့ ဂန္ဓာရုံတိုက်၌ ပိဋကတ်စာပေများကို သင်ကြားခဲ့သည်။ ရဟန်းဘဝနှင့် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်၊ ပခုက္ကူတိုက်ဟောင်းတို့တွင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို သင်ကြားခဲ့သည်။ အသက် (၃၀) အရွယ်တွင် လူဝတ်လဲပြီး ဓမ္မစကြာတရား သတင်းစာကို ရန်ကုန်မြို့၌ ထုတ်ဝေခဲ့သည်။ မော်လမြိုင် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း၌ ပါဠိနှင့် မြန်မာစာဆရာအဖြစ် (၂၄)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ ရှင်ဗုဒ္ဓဃောသကျောင်းကို ဂုဏ်ပြုလိုသောကြောင့် 'ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း'ဟူသော ကလောင်အမည်ကိုယူကာ စာပေများကို ရေးသားခဲ့သည်။
ဦးဘသန်းသည် ရန်ကုန်မြို့ နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့တွင်လည်း ဒုတိယစာပြင်မှူးအဖြစ် (၁၂)နှစ် အမှုထမ်းခဲ့သည်။ ထိုဌာနမှ အငြိမ်းစားယူပြီးနောက် မြို့မအထက်တန်းကျောင်းတွင် အထက်တန်း မြန်မာစာပြဆရာအဖြစ် နှစ်နှစ် အမှုထမ်းခဲ့ပြန်သည်။ ဦးဘသန်းသည် နိုင်ငံတော်အစိုးရက အပ်နှင်းသော ဝဏ္ဏကျော်ထင်ဘွဲ့ကိုရရှိခဲ့သည်။ ဦးဘသန်းသည် တိုးတက်ရေး၊ ကြီးပွားရေး၊ ရှုမဝ၊ မြဝတီမဂ္ဂဇင်းတို့တွင် သုတ ရသစာပေများကို ရေးသားခဲ့သည်။ ရေးသားပြုစုခဲ့သော စာအုပ်များအနက် ထင်ရှားသောစာအုပ်များမှာ 'မင်္ဂလာသင်ခန်းစာ'၊ 'မော်လမြိုင်ရာဇဝင်'(၁၉၅၀)၊ ၁၉၅၇-၅၈ ခုနှစ်တွင် စာပေဗိမာန်ဆုရ 'နွယ်မြက်သစ်ပင် ကျေးဇူး'၊ 'ရွှေကျင်သာသနာ နှစ်တစ်ရာ'(သမိုင်း)(၁၉၆၂)၊ 'မဟာစည်ထေရ်မြတ်အတ္ထုပ္ပတ္တိ'(သမိုင်း)(၁၉၆၇)တို့ဖြစ်သည်။ ဦးဘသန်းသည် စာပေလုပ်သားအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စာဆိုတော်နေ့ သက်ကြီးစာပေပညာရှင်အဖြစ် ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၃ခုနှစ်အထိ (၄)ကြိမ် ပါဝင်ကန်တော့ခံခဲ့ရသည်။ ဦးဘသန်းသည် ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ယဉ်ကျွေနှင့် သားသမီးလေးယောက် ကျန်ရစ်သည်။ [၁]
ကျမ်းကိုးစာရင်း
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၅)၊ စာ-၁၉၆ ၊ ၁၉၇။