မေအောင်၊ ဦး (စွယ်စုံပညာရှင်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဦးမေအောင်
စွယ်စုံပညာရှင် ဦးမေအောင်
ကွယ်လွန် ၁၉၂၆၊ ဇွန်လ ၅ ရက်
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
ပညာရေး ကိန်းဘရစ် တက္ကသိုလ်
အလုပ်အကိုင် ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) စတင်တည်ထောင်သူ၊ ဝတ်လုံတော်ရ၊ တရားသူကြီး၊ ပြည်ထဲရေး ဝန်ကြီး
ကြင်ဖော် မသိန်းမြ
သားသမီး သာဒိုးအောင်၊ ထွန်းလှအောင်(လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး)၊ ဒေါ်မြစိန်

ဦးမေအောင် (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ဦးမေအောင်သည် ပထမဆုံး ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ ဖြစ်သည်။

ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တဦး ဖြစ်သည်။

အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေတဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူးချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံရသည်။ ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့ (L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်းမှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆုမှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တဆု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ - ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်းဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာ သင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင်  ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရားလက်ထက် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲတရားသူကြီး)၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ မောင်ထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင်၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့်ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ်ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး နှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ မောင်ထော်လေး၏ မြစ်ဖြစ်သည်။

ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသအမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေတို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။

၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝရ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန်စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။

စာပေ ယဉ်ကျေးမှု[ပြင်ဆင်ရန်]

စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့တို့ကို အထူးရိုသေလေးစားသူတဦး အဖြစ် ထင်ရှားသည်။ ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တခု အဖြစ် စနစ်တကျ သင်ကြားခွင့် မရသော်လည်း ဘိလပ်ပြန် ဝတ်လုံတော်ရ ဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်းဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -

  1. ရခိုင်မင်း (အဒူမင်းညို)
  2. သခင်ထွေး ဧချင်း (ရှင်သူရဲ)
  3. မင်းတရား ရွှေထီး ဧချင်း (လှော်ကားသုံးထောင်မှူး)
  4. မင်းတရား ရွှေထီးနားတော်သွင်း ဧချင်း (လှော်ကားသုံးထောင်မှူး)
  5. မင်းတရားမယ်တော် ဧချင်း (နဝဒေးကြီး)
  6. နတ်သျှင်မယ်တော် ဧချင်း (ဆီးကိုင်းစား)
  7. မဟာဥပရာဇ ဧချင်း (တလုပ်မြို့စား)
  8. မင်းရဲကျော်စွာစုန် ဧချင်း (ရာဇဗာဟု)
  9. သခင်ကြီး ဧချင်း (ပယ်သူငယ်စား ရှင်မြတ်ခေါင်)
  10. ယိုးဒယား မိဖုရား ဧချင်း (နဝဒေးကြီး)
  11. မင်းရဲနရာ ဧချင်း (မင်းဇေယျရန္တမိတ်)
  12. မင်းရဲဒိဓ္ဓ ဧချင်း (ရှင်သံခို) တို့ ပါဝင်သည်။

ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂) တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူ ကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်းဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန်က မြန်မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာ ဦးမေအောင် ကဲ့သို့ ဘိလပ်ပြန် ဝတ်လုံတော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင်သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ပါသည်။

၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။

“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊

ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။

မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။

နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။

မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။

ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။

မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊

မြန်မာတို့ ကိုးကြစရာ၊ ဖြိုးကသမ္ဘာ၊

ဩဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”

ဟူ၍ ဖြစ်သည်။

ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister-at-Law ဖြစ်သည်။ မောင်အေးမောင်မှာ ထက်မြက်သော ဥပဒေ ပညာရှင် ဖဆပလခေတ် တရားရေး ဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။

ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ ပညာရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုသည် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ်ယဉ်ကျေးမှု ဩဇာ အလေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူ တဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းများစွာ ရွေးချယ် ခံခဲ့ရရုံမျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါးများ ရေးသာခဲ့ရာ ယင်းတို့မှာ -

  1. ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
  2. . ‘Shwe Zan Aung’s logic in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
  3. ‘Note on Saya Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
  4. ‘Critical note on Mr.Taw Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1, Pt.2 (Dec 1911) P.43-46.
  5. ‘Shwe Nat-Taung Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
  6. ‘Name of Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
  7. ‘Garu and Lahu.’ JBRS. Vol.1, Pt.1 (June 1911) P.88-91
  8. ‘The chronology of Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
  9. ‘Prome and Pyus’. JBRS. Vol.2, Pt.1 (June 1912) P.72-74
  10. ‘Origin of the world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
  11. ‘To the editor,Rangoon (Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
  12. ‘Burmese(Myanmar) prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
  13. ‘The Burmese (Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
  14. ‘Note to the legend of the Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
  15. ‘Burmese spelling’. JBRS. Vol.2, Pt.2 (Dec 1912) P. 260-262
  16. ‘Archaeology in Burma (Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
  17. ‘Burmese sketches.’ JBRS. Vol.3, Pt.2 (Dec 1913) P. 191-192.
  18. ‘The derivation of Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
  19. ‘Note on Saya Thein’s Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
  20. ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.

မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေးနွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက်ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။

ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိတိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ်သည်။

နိုင်ငံရေးလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁- ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္တလေး) တို့နှင့်အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။

ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။

ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက်ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။

ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ်ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်

အထူးဝမ်းနည်းဖွယ်[ပြင်ဆင်ရန်]

ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်) ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော ကွ္ဆန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။

အထင်မမှားအပ်ပေ[ပြင်ဆင်ရန်]

ဦးမေအောင် - ပြည်ထဲရေး ဝန်ကြီးချုပ် ရာထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက်တလမ်း ပြုလုပ်သည်ဟု အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည် အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ ဝိုင်အမ်ဘီအေ အသင်း၌ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင် ဝတ်လုံ အတတ်ကို အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက် မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက် မိမိတို့ မျိုးရိုးဇာတိ အဝတ်အစားကို မပြောင်းလဲဘဲ အမြဲဝတ်ဆင်လေ့ ရှိသူမှာ ဦးမေအောင်ပင် ဖြစ်ရကာ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည် မိမိ အလိုအလျောက်အားဖြင့် တိုင်းသူပြည်သားတို့ ဆန့်ကျင်၍ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက်သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည် တိုင်းသူ ပြည်သားတို့၏ အလိုနှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)

အညွှန်း။[ပြင်ဆင်ရန်]

  1. ဇော်ဂျီ၊ သခင် ကိုယ်တော်မှိုင်း ဋီကာ၊ ဒု-နှိပ်၊ ရန်ကုန်၊ ၁၉၆၉၊ စာ ၄၇။
  2. ၂၅ နှစ်မြောက် ဓမ္မဗျူဟာ ငွေရတုစာစောင်။ ရန်ကုန်၊ ဓမ္မဗျူဟာ စာစောင်တိုက်၊ ၁၉၈၆။
  3. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
  4. ‘အထူးဝမ်းနည်းဖွယ်’၊ ဒီဒုတ်ဂျာနယ် အတွဲ၂၊ အမှတ်၂ (၁၂ဇွန် ၁၉၂၆ ) စနေ၊ စာ ၁။
  5. Twentieth Century Impressions of Burma. London: Lloy’ds Greater Britain Publishing
  6. Pe Maung Tin, U. ‘The late U May Oung, obituary notice’ JBRS.Vol.16, Pt.2(Dec 1926) P.158.
  7. Who’s who in Burma (Myanmar).
  8. Calcutta: Indo-Burma Publishing Agency, 1926.P.172

[မိုးဂျာနယ်၊ အမှတ် ၂၊ ဖေဖော်ဝါရီ ၂ဝဝ၅]