ချစ်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး ချစ်​ဆွေ
မွေးဖွား၁၈ ဇန်နဝါရီ ၁၉၃၂
​မော်လမြိုင်မြို့၊ မြန်မာနိုင်ငံ
ကွယ်လွန်၂၈ ဒီဇင်ဘာ၊ ၂၀၁၅(2015-12-28) (အသက် ၈၃)
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
လက်နက်ကိုင်တပ်တပ်မတော်
ရာထူးအဆင့်ဒုတိယဗိုလ်ချုပ်ကြီး
အိမ်ထောင်ဖက်ဒေါ်မြင့်မြင့်ခင်

ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေသည် မြန်မာ့တပ်မ​တော်တွင် တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးနှင့် ဆည်​မြောင်းဝန်ကြီး၊ သစ်​​တော​ရေးရာဝန်ကြီး၊ ​မွေးမြူ​ရေးနှင့် ​ရေလုပ်ငန်းဝန်ကြီး၊ သမဝါယမဝန်ကြီး စသည်ဖြင့်တာဝန်ထမ်း​ဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် နောင်စစ်သည်အမည်ဖြင့် စာပေ များ ရေးသားခဲ့ပြီး ‘သေတစ်နေ့ မွေးတစ်နေ့’မှာ အထင်ရှားဆုံးဖြစ် ကာ တတိယတွဲအထိ ရေးသား ထုတ်ဝေနိုင်ခဲ့သည်။[၁]

ငယ်ဘဝနှင့် မိသားစု[ပြင်ဆင်ရန်]

ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေကို မြန်မာနိုင်ငံမော်လမြိုင်မြို့၊ သင်္ဘောလဲရပ်၊ မက်ကရေးလမ်းတွင် မွန်လူမျိုးအဖ ဦးလှဘော်နှင့် အမိ ဒေါ်ခင်တင့်တို့မှ ၁၉၃၂−ခုနှစ်၊ ဇန္နဝါရီလ၊ ၁၈−ရက်၌ မွေးဖွားသည်။ မွေးချင်း ၆ ယောက်အနက် စတုတ္ထမြောက်ဖြစ်သည်။ ၅−နှစ်အရွယ်တွင် မော်လမြိုင် ဗုဒ္ဓဘာသာ အထက်တန်းကျောင်း၌ ပညာစတင် သင်ကြားသည်။ ဖခင်ဖြစ်သူမှာ ပဲခူးမြို့သို့ စာတိုက်အင်စပတ်​တော်အဖြစ် ​ပြောင်းစဉ်က ပဲခူးမြို့သို့ ​ပြောင်းခဲ့ကြပြီး မက္ကရက်(သ်) အင်္ဂလိပ်စာ အလွတ်သင်​ကျောင်းတွင် ပညာဆက်လက် သင်ကြားခဲ့သည်။၂နှစ်အကြာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ စစ်ကြီးပြီး​နောက် ဖခင်မှာ ရန်ကုန်စာတိုက်မှူးကြီူအဖြစ် ​ပြောင်းကာတာဝန်ထမ်း​ဆောင်ခဲ့သဖြင့် ​ရေ​ကျော်ရပ်ရှိ မက်သဒစ်​ကျောင်းတွင် ပညာသင်ခဲ့သည်။၁၉၅၁ခုနှစ်တွင် ပဲခူးမြို့ ဆရာကြီးဦးဘစိန်၏ အလွတ်သင်​ကျောင်းမှ တက္ကသိုလ်ဝင်တန်း​အောင်မြင်ခဲ့သည်။ ထို့​နောက် ရန်ကုန်မြို့ ဆိပ်ကမ်း​ကော်မရှင်နာရုံးတွင် စာ​ရေးအဖြစ် တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ကာ ရန်ကုန်တက္ကသိုလ်သို့ တက်​ရောက်ခဲ့သည်။၁၉၅၇ခုနှစ် ဇွန်လ၁၉ရက်​နေ့တွင် ​ဒေါ်မြင့်မြင့်ခင်နှင့် လက်ထက်ခဲ့သည်။[၂]

တပ်မ​တော်သားဘဝ[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်သို့ တက်​ရောက်​နေစဉ် ဗိုလ်သင်တန်း အမှတ်စဉ်၈အတွက် သင်တန်းသား​ခေါ်ယူသဖြင့် ဝင်​ရောက်​ဖြေဆိုရာ ​အောင်မြင်ခဲ့သည်။၁၉၅၂ခုနှစ် ဒီဇင်ဘာ၂၆ရက်​နေ့တွင် သင်တန်းဆင်းကာ ကွတ်ခိုင်မြို့ရှိ အမှတ် (၁)ကယား​သေနတ်ကိုင်တပ်ရင်းတွင် ဒုတိယဗိုလ်အဖြစ် စတင်တာဝန်ထမ်း​ဆောင်ခဲ့သည်။ ထို့​နောက် မူဆယ်၊မန္တ​လေး၊မြစ်ကြီးနား၊​ကောလင်း၊ဝန်းသို၊ပင်လည်ဘူး၊ဖီ​မော်၊ဆားလင်းကြီး၊ကျားတက်၊မင်းတိုင်ပင်၊ကပိုင်၊​ချောက်၊​တောင်တွင်းကြီး၊​အောင်လံ​ဒေသများတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။

၁၉၅၉ခုနှစ်တွင် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အ​ရှေ့​တောင်တိုင်း​စစ်ဌာနချုပ်တို့တွင် တာဝန်ထမ်း​ဆောင်ပြီး ၁၉၆၆ခုနှစ်တွင် ဒုတိယတပ်ရင်းမှူး၊ ဗိုလ်မှူးအဖြစ် က​လောတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။၁၉၇၀တွင် စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ် ကာကွယ်​ရေးဦးစီးချုပ်ရုံး (စစ်ဆင်​ရေးဌာန)သို့ ​ပြောင်းကာတာဝန်ထမ်း​ဆောင်ရသည်။ တစ်နှစ်ခန့်အကြာတွင် ကယားပြည်နယ်ရှိ ခလရ-၅၄သို့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်း​ဆောင်ရသည်။​​ဝှေပုံလောင်းခရီးရှည်ချီတက်ပွဲကို ချီတက်ခဲ့ပြီး စစ်ရုံးတွင် စစ်ဦးစီးမှူး ပထမတန်း(စစ်ဆင်​ရေး)အဖြစ်နှင့် ထပ်မံတာဝန်​ပေးခံရပြန်သည်။

ထို့​နောက် ထားဝယ်စစ်ဗျူဟာတွင် ဗျူဟာမှူးအဖြစ် နှစ်နှစ်ခန့် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ဆိုဗီယက်ပြည်​ထောင်စုတွင် မြန်မာနိုင်ငံ၏ စစ်သံမှူးအဖြစ် တာဝန်​ပေးအပ်ခံခဲ့ရပြန်သည်။ ထို့​နောက် အ​ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ၂လခန့်တာဝန်ထမ်း​ဆောင်ခဲ့ပြီး အမှတ်၇၇​ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူး (ဗိုလ်မှူးချုပ်)အဖြစ် တာဝန်​ပေးခံရကာ ​နောင်တွင် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးများအဖြစ် တာဝန်ထမ်း​ဆောင်ခဲ့ပြန်သည်။၁၉၈၅ ခုနှစ်တွင် ကာကွယ်​ရေးဝန်ကြီးဌာန အမှတ်(၂)စစ်ဆင်​ရေး အထူးတပ်ဖွဲ့မှူးဖြစ်လာကာ ၁၉.၁၁.၁၉၈၆တွင် ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။[၂]

နဝတဝန်ကြီး[ပြင်ဆင်ရန်]

၁၉၈၈ခုနှစ် တပ်မ​တော်အာဏာသိမ်းချိန်တွင် နိုင်ငံ​တော်ငြိမ်ဝပ်ပိပြားမှုတည်​ဆောက်​ရေးအဖွဲ့ (နဝတ)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုသို့တာဝန်ထမ်း​ဆောင်စဉ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသစ်တောရေးရာဝန်ကြီးဌာန​မွေးမြူ​ရေးနှင့် ​ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်များပါ ထမ်း​ဆောင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး[ပြင်ဆင်ရန်]

ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေသည် သစ်​တော​ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်း​ဆောင်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးများ စဉ်ဆက်မပြတ် လုပ်​ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ​ချောက်၊ ​ရေနံ​ချောင်း​ဒေသတွင် သဲကန္တာရအ​နေအထားသို့ ​ရှေးရှု​နေ​သော အစက်၂စက်ကို ​ကောင်းကင်ဓာတ်ပုံမှ ​တွေ့ရှိသဖြင့် လူသိရှင်ကြား ​ဖော်ထုတ်ပြသကာ ထိုအစက်များ ​ပျောက်ကွယ်သွား​အောင် ​ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း စိမ်းလန်းစိုပြည်​ရေးအတွက် ကိုရီးယားနိုင်ငံမှ ယုန်အီးစီမံကိန်းကို နမူနာယူကာ ​ဂွေးချို​တောင်တန်း စိမ်းလန်းစိုပြည်​ရေးစီမံချက်ကို ​ရေးဆွဲအ​ကောင်အထည်​ဖော်ခဲ့သည်။

ထို့အပြင် ပုဂံရှိ ​လောကနန္ဒါ​ဘေးမဲ့ဥယျာဉ်၊ ပုပ္ပါးအပန်း​ဖြေစခန်း၊ လန်ပိကျွန်းအဏ္ဏဝါ​ဗေဒဥယျာဉ်တည်​ဆောက်ခြင်း၊ မြန်မာ့ကျားသတ္တဝါ ထိန်းသိမ်း​ရေး၊ တနင်္သာရီသစ်​တောထိန်းသိမ်း​ရေးလုပ်ငန်းနှင့်အတူ ပါချန်ကြိုးဝိုင်း​စောင့်​ရှောက်​ရေးများကိုပါ ​ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရှင်မ​တောင်၊ နတ်မ​တောင်၊ တက်မ​တောင်၊ နတ်​တောင်၊ မဟာမြိုင်သစ်​တော​စောင့်​ရှောက်​ရေးများ ​ဆောင်ရွက်ခဲ့သည်။

စာ​ပေ​လောက[ပြင်ဆင်ရန်]

တပ်မ​တော်နှင့် သစ်​တော​ရေးရာဝန်ကြီးအဖြစ်မှ အနားယူပြီး​နောက် ဘဝမှတ်တမ်းများကို ​နောင်စစ်သည်က​လောင်အမည်ဖြင့် ​သေတစ်​နေ့၊ ​​မွေးတစ်​နေ့ကို ၂၀၀၆ခုနှစ်တွင် အတွဲ (၃)အဖြစ် ထုတ်​ဝေခဲ့သည်။ စတုတ္ထ​မြောက်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာများကို​ရေးသားထား​သော အစက်က​လေးနှစ်စက်စာအုပ်၊ ရက်သတ္တပတ်ကိုရီးယားနှင့် အ​ရှေ့ဖျားမှ တရုတ်နဂါးကြီး ခရီးသွားမှတ်တမ်းစာအုပ်တို့ကို ​ရေးသားခဲ့သည်။​သေတစ်​နေ့၊​မွေးတစ်​နေ့စာအုပ်ဖြင့် သုတစွယ်စုံမီဒီယာဂရုမှ ချီးမြင့်​သော စာ​ပေဆိုင်ရာဆုကို ရရှိခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်​နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေ​တောင်ကြား(၁)ရပ်ကွက် ​ငွေဝတ်မှုံရိပ်သာလမ်း၊ အိမ်အမှတ် (၇၀/ဘ)​၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးသည်၊ သား၃​ယောက်နှင့် သမီးသုံး​ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 3 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 November 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "မြန်မာစွယ်စုံကျမ်း နှစ်ချုပ်၊ ၂၀၁၆"၊ စာပေဗိမာန်။ Archived from the original on 8 May 2019။