ကျော်ထွန်း၊ ဦး (အရေးပိုင်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပညာရှိ အရေးပိုင် ဦးကျော်ထွန်းကား မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ တနင်္လာနေ့တွင် ရွှေတောင်မြို့၌ ဖွားမြင်ခဲ့သည်။

ပညာသင်ကြားခြင်း[ပြင်ဆင်ရန်]

ကိုကျော်ထွန်းသည် ခရစ် ၁၈၈၆ ခုနှစ်၊ အသက် ၂ဝ အရွယ်တွင် အင်္ဂလိပ် အလယ်တန်း စာမေးပွဲကို ပြည်မြို့မှ ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ခရစ်နှစ် ၁၈၉ဝ ပြည့်နှစ်တွင် ဘင်္ဂလားစာမေးပွဲ (ကာလကတ္တား တက္ကသိုလ်ဝင် စာမေးပွဲ) ကို ဖြေဆို အောင်မြင်ခဲ့ပြန်သည်။ အသက် ၂၂ နှစ်အရွယ်မှ စ၍ ကိုကျော်ထွန်းသည် အာလံမြို့ (ယခု အောင်လံမြို့) မြူနီစပယ် အင်္ဂလိပ်ကျောင်းတွင် ကျောင်းဆရာ အဖြစ် အမှုထမ်းဆောင်ခဲ့သည်။

အစိုးရဝန်ထမ်း ဦးကျော်ထွန်း[ပြင်ဆင်ရန်]

ကျောင်းဆရာ လုပ်သက် (၄) နှစ် ရှိသောအခါ ဆရာ အဖြစ်မှ နုတ်ထွက်၍ မုံရွာမြို့ အရေးပိုင်ရုံးတွင် စာရေးကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ များမကြာမီ ဦးကျော်ထွန်းသည် အခွန်ဝန် အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။ မုံရွာမြို့မှ ရွှေဘိုမြို့သို့ ယင်းရာထူးဖြင့်ပင် ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရပြန်သည်။ အထက်အောက် ဆက်ဆံရေး ပြေပြစ်ခြင်းနှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မှုတို့ကြောင့် ထီးချိုင့်မြို့သို့ ပြောင်းရွှေ့ကာ မြို့ပိုင်အဖြစ် အမှုထမ်းဆောင် ခဲ့ရပြန်သည်။ ယင်းရာထူး အပြင် ငွေတိုက်အရာရှိ အဖြစ်၊ ပညာအုပ် အရာရှိ အဖြစ်၊ စသည့် တာဝန်များကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။


ထို့နောက် ဦးကျော်ထွန်းသည် အထက်မြန်မာပြည်မှ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့လာပြီးလျှင် ဓနုဖြူ၊ မအူပင်၊ ဖျာပုံ၊ ကျောက်တန်း၊ တိုက်ကြီးမြို့များသို့ လည်းကောင်း၊ တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) နှင့် ကရင်ပြည်နယ် ဖြစ်သော ဖားအံမြို့၊ သထုံမြို့များသို့ လည်းကောင်း၊ ငွေတိုက်ဝန်ထောက် ရာထူးဖြင့် အမှုထမ်းဆောင်ခဲ့သည်။


ယင်းနောက် နယ်ပိုင်ဝန်ထောက် အဖြစ်ဖြင့်လည်း ထမ်းဆောင်ခဲ့ရသည်။ ၁၉၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ အသက် ၄၇ နှစ်ခန့် အရွယ်တွင် အင်္ဂလိပ် အစိုးရက အမှုထမ်းကောင်း ချီးမြှင့်သော ကေအက်စ်အမ် (ခေါ်) ကျက်သရေဆောင် ရွှေစလွယ်ရမင်းဘွဲ့ကို ရရှိခဲ့သည်။


နယ်ပိုင်ဝန်ထောက် ဦးကျော်ထွန်းသည် အစိုးရတာဝန်ကို ထမ်းဆောင်ရင်း တဖက်မှလည်း မိမိပညာရေး တိုးတက်ရာ တိုးတက်ကြောင်း အတွက် လေ့လာလိုက်စား အားထုတ် ဆည်းပူးခဲ့ရာ ၁၉၁၄ ခုနှစ်၊ အသက် ၄၈ နှစ် အရွယ်တွင် မွန်ဘာသာ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ယင်းအပြင် ပါဠိ၊ သက္ကတ စာပေများကိုလည်း လေ့လာ လိုက်စား ဆည်းပူးခဲ့သည့် အပြင် မြန်မာစာပေကိုလည်း လက်မလွှတ်ဘဲ အပတ်တကုတ် အားထုတ်ကြည့်ရှု မှတ်သားခဲ့သည်။


ဦးကျော်ထွန်းသည် သထုံမြို့တွင် နယ်ပိုင်ဝန်ထောက် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၁၈ ခုနှစ်တွင် တာဝန်ကျေသူပီပီ နယ်ပိုင်ဝန်ထောက် ရာထူးမှ အရေးပိုင်ရာထူးသို့ တိုးတက် ခန့်အပ်ခြင်း ခံရသည်။ ထိုစဉ်အခါ အရေးပိုင်ရာထူး ဟူသည်မှာ မျက်နှာဖြူ အင်္ဂလိပ် လူမျိုးများသာ ခန့်အပ်ခြင်းခံရသော ရာထူး ဖြစ်သည်။

ပညာရှိ အရေးပိုင် ဦးကျော်ထွန်း[ပြင်ဆင်ရန်]

ဦးကျော်ထွန်းမှာ မြန်မာလူမျိုးတို့ အတွက် အမြင့်ဆုံးသော ရာထူးပင် ဖြစ်သည်။ အရေးပိုင်မင်း ဦးကျော်ထွန်းသည် အစိုးရ အမှုကို ထမ်းဆောင်ရင်း မြန်မာစာပေ ကြီးပွား တိုးတက်ရေးကိုလည်း အားထုတ် ကြိုးပမ်းခဲ့သည်။ ရှင်မဟာရဋ္ဌသာရ စီကုံး ရေးသားခဲ့သော ကိုးခန့်ပျို့ကို ကိုးခန်းပျို့ အဖြေကျမ်းကြီး အဖြစ် ၂ တွဲ ပြုစုကာ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ယင်းကိုးခန်းပျို့ အဖြေကျမ်းကြီးကား စံထားထိုက်သော အဖြေကျမ်းကြီး တစောင်ပင် ဖြစ်ပေသည်။

မြန်မာစာ ညွန့်ပေါင်းကျမ်း ပြုစုခြင်း[ပြင်ဆင်ရန်]

၁၉၁၉ ခုနှစ်တွင် ဦးကျော်ထွန်းသည် ပညာရေး ဌာနက တာဝန် ပေးအပ်သဖြင့် မြန်မာစာညွန့်ပေါင်းကျမ်းကို ကြီးကြပ်ပြုစုရန် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ သွားရသည်။ ဦးကျော်ထွန်းသည် အယ်ဒီတာ အဖြစ်ဖြင့် ဆောင်ရွက်၍ အကြံပေး အဖွဲ့နှင့် လက်ထောက် အယ်ဒီတာများ ဖြစ်ကြသော ဦးသန့်ဇင်နှင့် မော်ပီဆရာသိန်းကြီး တို့၏ အကူညီကို ယူကာ မြန်မာစာ ညွန့်ပေါင်းကျမ်း အုပ်တွဲ ၄ တွဲ ကို ပြုစု လုပ်ဆောင် ပေးခဲ့သည်။


မြန်မာစာညွန့်ပေါင်းကျမ်းကြီး တာဝန် ပြီးစီးသော အခါ အရေးပိုင်မင်း အဖြစ်နှင့်ပင် မကွေးမြို့သို့ ပြောင်းရွှေ့ သွားရသည်။ ထိုမှတဖန် မင်းဘူးမြို့သို့ ဆက်လက် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရပြီးနောက် တနှစ်ခွဲခန့်မျှ ကြာသောအခါ အရေးပိုင် ရာထူးအဖြစ်မှ အငြိမ်းစားယူကာ သထုံမြို့သို့ ပြန်လည် နေထိုင်ခဲ့သည်။

ဘာသာရေးဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ကျက်သရေဆောင် ရွှေစလွယ်ရမင်း အငြိမ်းစား အရေးပိုင် ဦးကျော်ထွန်းသည် မြန်မာစာပေ၏ အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်း အပြင် မြန်မာ အမျိုးသားတို့၏ ကြီးပွားရာ ကြီးပွားကြောင်းနှင့် ဗုဒ္ဓဘာသာ၏ တိုးတက်ရာ တိုးတက်ကြောင်းတို့ကိုလည်း တဖက်တလမ်းမှ ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။


မော်လမြိုင်မြို့ရှိ ရှင်မဟာဗုဒ္ဓဃောသ အမည်ရှိ ဗုဒ္ဓဘာသာကျောင်းကို စတင် တည်ထောင်သူများတွင် ဦးကျော်ထွန်းသည် တဦး အပါအဝင် ဖြစ်သည်။ ယင်းကျောင်းမှာ ဗုဒ္ဓဘာသာ မြန်မာလူငယ်များ အတွက် တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ အမျိုးသားကျောင်းများ မပေါ်ပေါက်မီ နှစ်ပေါင်း အတော်ကြာကပင် ပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်သည်။ မြန်မာပြည်၌ ဗုဒ္ဓဘာသာကျောင်းများ အနက် အဦးဆုံး ပေါ်ပေါက်ခဲ့သော ကျောင်းလည်း ဖြစ်သည်။ ဦးကျော်ထွန်းသည် ထိုရှင်မဟာဗုဒ္ဓဃောသကျောင်း စတင် ဖွင့်လှစ်သောနေ့တွင် ဖတ်ကြားရန် အတွက် ရတုကိုပင် ရေးသားစီကုံး ပေးခဲ့သည်ဟု ဆိုသည်။


အင်္ဂလိပ် အစိုးရ လက်ထက်တွင် အင်္ဂလိပ်-မြန်မာ ကျောင်းများ၌ ဗုဒ္ဓဘာသာကို ဘာသာတရပ် အဖြစ် သင်ကြားရေး အတွက် ဆောင်ရွက် စီစဉ်ရန် ကော်မတီတရပ် ဖွဲ့စည်းရာတွင်လည်း ဦးကျော်ထွန်းမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရသည်။

မဟာဝိဇ္ဇာဘွဲ့ချီးမြှင့်ခံရခြင်း[ပြင်ဆင်ရန်]

ဦးကျော်ထွန်းသည် စာပေဘက်တွင် ဗဟုသုတ ပညာဉာဏ် ကြီးမားရုံမျှမက စာပေကြီးပွားရေးနှင့် အမျိုးသား ကြီးပွားရေးကိုလည်း ဆောင်ရွက်ခဲ့သူ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထို့ကြောင့် ၁၉၃၂ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်က ဦးကျော်ထွန်းအား မဟာဝိဇ္ဇာဘွဲ့ထူးဖြင့် ချီးမြှင့် ဂုဏ်ပြုခဲ့ပေသည်။ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့တွင်လည်း အဖွဲ့ဝင် တဦးအဖြစ် ပါဝင် ဆောင်ရွက်စေခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

မဟာဝိဇ္ဇာဘွဲ့ရ ကျက်သရေဆောင် ရွှေစလွယ်ရ အငြိမ်းစား အရေးပိုင်မင်း ဦးကျော်ထွန်းသည် သထုံ၌ နေစဉ်အတွင်း အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံ (ယခု သီရိလင်္ကာနိုင်ငံ) သို့ ဘုရားဖူး ထွက်ခဲ့သေးသည်။ ပြန်ရောက်သော အခါ သင်္ကန်းဝတ်၍ ၅ ဝါတိုင်တိုင် ရဟန်းဘဝနှင့် တရားအားထုတ်ခဲ့သည်။ ထို့နောက် လူဝတ်လဲကာ စာပေဆိုင်ရာ ကိစ္စအဝဝကို လုပ်ဆောင်နေစဉ် မြန်မာ သက္ကရာဇ် ၁၂၉၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ ခရစ်နှစ် ၁၉၃၅ ခု၊ မေလ ၁၈ ရက်နေ့၊ အသက် (၇၁) နှစ် အရွယ်တွင် သထုံမြို့၌ ကွယ်လွန်ခဲ့သည်။ ဦးကျော်ထွန်း ကွယ်လွန်သော အခါ သမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။


ဦးကျော်ထွန်း ပြုစုခဲ့သော ကျမ်းများမှာ ကိုးခန်းပျို့ အဖြေကျမ်းကြီး၊ မြန်မာစာ ညွန့်ပေါင်းကျမ်း (ပ၊ ဒု၊ တ၊ စ၊ ၄ တွဲ)၊ ပဏာမ မဉ္စရီ၊ နိဗ္ဗာနတ္တ ဝိစာရဏကျမ်း၊ နိဗ္ဗာနတ္တဝိသဇ္ဇနာကျမ်း၊ နိဗ္ဗာနတ္တဝိဘာဝနီကျမ်း စသည်တို့ ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလမှာ စပယ်ဦး စာပေ ဖြန့်ချိရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ' စာအုပ်မှ