အပရအစ္ဆရာသံဃာတဝဂ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဤဝဂ်၌ သုတ်တော်ပေါင်း (၁၈၁) သုတ်ကို ဘုရားရှင် ဟောတော်မူပါသည်။ ဘာဝနာလုပ်ငန်းအားထုတ်ရမည့် ဓမ္မများနှင့် ပွားများသည့်ပုဂ္ဂိုလ်များ ခံစားနိုင်သည့် အကျိုးများကို ဟောတော်မူပါသည်။ ။
ယင်းဓမ္မ (၁၈၁)မျိုးကို လက်ဖျစ်တစ်တွက်အချိန်မျှ ပွားများသောရဟန်းသည် အရိတ္တဇ္ဈာန, သတ္ထုသာသနကရ, ဩဝါဒပဋိကရ, အမောဃရဋ္ဌပိဏ္ဍဘုဉ္ဇနပုဂ္ဂိုလ်ဖြစ်ပုံ, အကြိမ်ပေါင်းများစွာ ပွားများလျှင် ပြောစရာမရှိအောင်ပင် အကျိုးများပုံကို ဘုရားရှင် ဟောတော်မူပါသည်။ ပွားများရမည့် ဓမ္မ (၁၈၁) မျိုးသည်- အမှတ် ၁-သုတ်မှ ၄-အထိ ရူပါဝစရဈာန် (၄) ပါး၊
- ၅။ မေတ္တာစေတောဝိမုတ္တိ၊
- ၆။ ကရုဏာစေတောဝိမုတ္တိ၊
- ၇။ မုဒိတာစေတောဝိမုတ္တိ၊
- ၈။ ဥပေက္ခာစေတောဝိမုတ္တိ-ဟူသော ဗြဟ္မဝိဟာရတရား (၄)ပါး၊
-အမှတ် ၉-သုတ်မှ ၄၅-သုတ်အထိ ဗောဓိပက္ခိယတရား (၃၇)ပါး၊
-အမှတ် ၄၆-သုတ်မှ ၅၃-သုတ်အထိ အဘိဘာယတနတရား (၈)ပါး၊
-အမှတ် ၅၄-သုတ်မှ ၆၁-သုတ်အထိ ဝိမောက္ခတရား (၈)ပါး၊
-အမှတ် ၆၂-သုတ်မှ ၇၁-သုတ်အထိ ကသိုဏ်း (၁၀)ပါး၊
-အမှတ် ၇၂-သုတ်မှ ၈၁-သုတ်အထိ အသုဘသညာအစရှိသော ညာ (၁၀)ပါး၊
-အမှတ် ၈၂-သုတ်မှ ၉၁-သုတ်အထိ အနိစ္စသညာအစရှိသော သညာ (၁၀) ပါး၊
-အမှတ် ၉၂-သုတ်မှ ၁၀၁-သုတ်အထိ အနုဿတိ (၁၀) ပါး၊
-အမှတ် ၁၀၂-သုတ်မှ ၁၈၁-သုတ်အထိ ရူပါဝစရဈာန် (၄) ပါး နှင့်မေတ္တာစေတောဝိမုတ္တိအစရှိသော ဗြဟ္မဝိဟာရ (၄)ပါးတို့ကို ဣန္ဒြေငါးပါး, ဗိုလ်ငါးပါးတို့ဖြင့် တစ်ပါးစီ တစ်ပါးစီတွဲ၍ ပွားများဖို့ရန် ဘုရားရှင်ဟောကြားတော်မူပါသည်။
အဋ္ဌကထာ၌ -ယင်းတရား (၁၈၁)ပါးတို့၏ အကျယ်ဖွင့်ပြချက်များ၊ ဝတ္တမာနုပ္ပန္န အစရှိသော ဥပ္ပန္န (၄)ပါး၊ သမုဒါစာရုပ္ပန္နအစရှိသော ဥပ္ပန္န (၄)ပါး၊ ကိလေသာတို့ကို မဂ်ဉာဏ်ဖြင့်ပယ်သတ်ပုံ၊ သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင်သမာဓိတို့ အစွန်း ရောက်သည်အထိ တစ်ပါးနှင့်တစ်ပါး မလွန်ကဲအောင် ထားသင့်ပုံ လွန်ကဲလျှင် ဖြစ်ပေါ်တတ်သော အပြစ်များ၊ ညီမျှရာ၌ အကျိုးကျေးဇူးများ “ဘေသဇ္ဇသမုဋ္ဌိတော ရောဂေါ အတေကိစ္ဆော ဟောတိ” “သတိ ပန သဗ္ဗတ္ထ ဗလဝတီ ဝဋ္ဋတိ” သီဟိုဠ်ကျွန်း မဟာမိတ္တထေရ်နှင့် ပိဏ္ဍပါတိယတိဿထေရ်ဝတ္ထုအကျယ်၊ ဒါယဇ္ဇမဟတ္တ အစရှိသော မဟတ္တလေးမျိုး၊ သံဝေဂဝတ္ထု ရှစ်မျိုး၊ မဂ္ဂင်ရှစ်ပါးဟောစဉ်၊ ကမ္မဋ္ဌာန်းအားထုတ်ရန် အစီအစဉ် အစရှိသော မှတ်သားဖွယ်ရာများကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း အသေးစိတ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]
၁၈-အပရအစ္ဆရာသင်္ဃာတဝဂ်
[ပြင်ဆင်ရန်]လက်ဖျစ်တတီး ကာလမျှလည်း ပဌမဈာန်ကို ရဟန်းပွားများအံ့၊ ဤရဟန်းကို ဈာန် မဆိတ်သုဉ်းပဲနေသောရဟန်း၊ ဘုရားရှင်၏ သွန်သင်ဆုံးမမှုကို လိုက်နာနေသောရဟန်း၊ ပြည်သူတို့ဆွမ်းကို အကျိုးရှိအောင် စားသုံးသောရဟန်းဟု ဆိုထိုက်သည်၊ ထိုဈာန်ကို အဖန်ဖန် လေ့လာသော ရဟန်းများအဖို့ ဆိုဖွယ်မရှိတော့ပြီ။
ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာဈာန် (ပျက်စီးစေလိုခြင်း ဗျာပါဒမှ စိတ်လွတ်မြောက်ကြောင်း) ကရုဏာဈာန် (ညှဉ်းဆဲလိုခြင်း ဝိဟိံသမှ စိတ်လွတ်မြောက်ကြောင်း) မုဒိတာဈာန် (မမွေ့လျော်ခြင်း အရတိမှ စိတ်လွတ်မြောက်ကြောင်း) ဥပေက္ခာဈာန် (တပ်မက်ခြင်းရာဂမှ စိတ်လွှတ်မြောက်ကြောင်း)ကို ပွားများအံ့။
သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄၊ ဣန္ဒြေ ၅၊ ဗိုလ် ၅၊ ဗောဇ္ဈင် ၇၊ မဂ္ဂင် ၈-ပါး ပွားများငြားအံ့။ (သရုပ်များကို ပိဋက ဘာသာပြန်ကြည့်လေ၊ နောက် နည်းတူ။)
အဘိဘာယတန ၈-ပါး၊ ဝိမုတ္တာယတန ၈-ပါး၊ ကသိုဏ်း ၁၀-ပါး၊ အသုဘ စသော သညာ ၁၀-ပါး၊ အနိစ္စစသော သညာ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ ပထမဈာန်နှင့် တကွ ဖြစ်သော ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ပေါင်း ၁၀-ပါးကို ပွားများငြားအံ့။
ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်နှင့်တကွဖြစ်သော ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ပေါင်း ၁၀-ပါးကို ပွားများငြားအံ့၊ ဤရဟန်းကို ဈာန်မဆိတ်သုဉ်းပဲ နေသောရဟန်း (လ) ပြည်သူတို့ဆွမ်းကို အကျိုးရှိအောင်စားသုံးသော ရဟန်းဟု ဆိုထိုက်သည်၊ ထိုဥပေက္ခာဈာန် နှင့်တကွဖြစ်သော ပညာဗိုလ်ကို အဖန်ဖန်လေ့လာသော ရဟန်းများအဖို့ ဆိုဖွယ်မရှိတော့ပြီဟု မိန့်တော်မူသည်။
အဂ္ဂိက္ခန္တုပမသုတ်နှင့် စပ်၍ဟော
[ပြင်ဆင်ရန်]အပ္ပနာရောက် မေတ္တာကျိုးမှာ ဆိုဖွယ် မရှိပြီဟု ထိုဖြစ်ရပ်နှင့်စပ်ပြီး ဤဒေသနာကို ဘုရားဟောတော်မူသည်။
ဈာန် ၂-မျိုးရှိရာ
[ပြင်ဆင်ရန်]သမာပတ် ၈-ပါးတို့သည် အာရမ္မဏူပနိဇ္ဈာန် မည်၍ ပထဝီ ကသိုဏ်းစသော အာရုံကို ကပ်ရှူတတ်သည်၊ ဝိပဿနာမဂ်ဖိုလ်တို့သည် လက္ခဏူပနိဇ္ဈာန် မည်၍ အနိစ္စစသည်နှင့်စပ်၍ သင်္ခါရသဘောကို ကပ်ရှူတတ်သည်၊ ဝိပဿနာ၏နိဇ္ဈာန ကိစ္စသည် မဂ်ဖြင့်ပြီး၍ မဂ်သည် လက္ခဏူပနိဇ္ဈာန် သုညတစသည် သဘောရှိသော နိဗ္ဗာန်ကို ကပ်ရှုတတ်၍ ဖိုလ်သည်လည်း လက္ခဏူပနိဇ္ဈာန် မည်သည်၊ ဤသုတ် ဆိုင်ရာ၌ အာရမ္မဏူပနိဇ္ဈာန်ကို လိုအပ်သည်။
သတိပဋ္ဌာန် ၄-ပါး
[ပြင်ဆင်ရန်]ကာယာနုပဿနာ သတိပဋ္ဌာန်သည် ရုပ်သက်သက် သုံးသပ်၍ ဝေဒနာစိတ္တတို့ကား နာမ်သက်သက်၊ ဓမ္မအား ရုပ်နာမ် ၂-ပါးလုံး သုံးသပ်သည်။
သမ္မပ္ပဓာန်ဆိုင်ရာဖြစ်ပြီး အကုသိုလ်ဟူရာ၌
[ပြင်ဆင်ရန်]ဥပ္ပန္န ၄-ပါးတွင် ဖြစ်ဆဲပစ္စုပ္ပန် သင်္ခတ တရားသည် ဝတ္တမာနုပ္ပန္န မည်၍ ဖြစ်ပြီး အတိတ်သင်္ခတ တရားသည် ဟုတွာ ပဂတုပ္ပန္န မည်သည်၊ အတိတ်ကံနှင့် အနာဂတ် အကျိုးဝိပါက်တရားကား ဩကာသကတုပန္န၊ ဥပါဒါနက္ခန္ဓာများ၌ ဖြစ်ပေါ်လာနိုင်သည့် ကိလေသာများမှာ ဘူမိလဒ္ဓုပ္ပန္န မည်ကြသည်။
မဂ်ပယ်ဥပ္ပန္န
[ပြင်ဆင်ရန်]ယင်း ၄-ပါးတွင် ကာလ ၃-ပါးလည်း မဟုတ်၊ အဘာဝပညတ်လည်း မဟုတ်သော ဘူမိလဒ္ဓုပ္ပန္နကိုသာ မဂ်ကပယ်သည်၊ မှန်၏။ အတိတ် ကိလေသာကား ချုပ်ပြီးဖြစ်၍ ပယ်ဖို့မလို၊ အနာဂတ် ကိလေသာလည်း အနာမရှိခင် ဆေးတင် မဖြစ်သလို မဖြစ်သေး၍ ပယ်ရန်မလို၊ ပစ္စုပ္ပန်ကိလေသာမှာလည်း ကိလေသာဖြစ်ဆဲ၊ မဂ် မဖြစ်နိုင်၊ စိတ်၂-မျိုး တပြိုင်နက် မဖြစ်ကောင်း၍ ပယ်မဖြစ်ပါ၊ ဖြစ်လာမည့်ကိလေသာများ မဖြစ်အောင် တားခြင်းကို (ဖြစ်ခွင့်မရခြင်းကို) မဂ်ကပယ်သတ်သည်ဟုဆိုလိုသည်။
တနည်း ဥပ္ပန္န ၄-ပါး
[ပြင်ဆင်ရန်]ဖြစ်ဆဲ ပစ္စုပ္ပန် သင်္ခတတရားသည် သမုဒါစာရုပ္ပန္န၊ အမှတ် ရတိုင်း ပေါ်လာနိုင်သည့် ကိလေသာမျိုးသည် အာရမ္မဏဓိဂ္ဂဟိတုပ္ပန္န၊ ဝိက္ခမ္ဘနပဟာန်ဖြင့် မပယ်ရသေးသည့် ကိလေသာသည် အဝိက္ခမ္ဘိတုပ္ပန္န၊ သမုစ္ဆေဒပဟာန်ဖြင့် မပယ်ရသေးသည့် ကိလေသာသည် အသမူဟတုပ္ပန္န မည်သည်၊ ယင်း ၄-မျိုးတွင် ၂-၃-၄-သည် အကြောင်းသင့်လျှင် ပေါ်လာနိုင်၍ ဘူမိလဒ္ဓုပ္ပန္နနှင့်တူရကား ယင်းနောက် ၃-မျိုးကိုသာ မဂ်ကပယ်သည်။
ဣန္ဒြေ ၅-ပါးစင်ကြယ်ကြောင်း
[ပြင်ဆင်ရန်]၃-ပါးစီ သဒ္ဓါနည်းသူ ရှောင်၊ သဒ္ဓါရှိသူမှီဝဲ၊ ကြည်ညိုဖွယ်ရာ သုတ္တန်များ ဆင်ခြင်က သဒ္ဓါဣန္ဒြေစင်ကြယ်သည်၊ ပျင်းသူရှောင်၊ ဝီရိယ ရှိသူပေါင်း၊ ဝီရိယကျိုးဆင်ခြင်၊ ဝီရိယစင်ကြယ်သည်၊ မေ့တတ်သူရှောင်၊ သတိကောင်း သူပေါင်း၊ သတိအကျိုးဆင်ခြင်၊ သတိစင်ကြယ်သည်၊ စိတ်မခိုင်သူရှောင်၊ တည်ကြည် သူပေါင်း၊ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်၊ သမာဓိ စင်ကြယ်သည်။ ပညာမဲ့သူရှောင် ပညာရှိသူပေါင်း၊ သိမ်မွေ့နက်နဲသော ခန္ဓာစသည်ကို ဆင်ခြင်၊ ပညိန္ဒြေ စင်ကြယ်သည်။ ဗောဇ္ဈင် ၇-ပါး သစ္စာ ၄-ပါး သိကြောင်း တရားအပေါင်းသည် ဗောဓိ မည်ရှိ တရားအစိတ်အစိတ်သည် ဗောဇ္ဈင်မည်သည်၊ အောက်မေ့ဆင်ခြင်မှုရှိခြင်း၊ သတိကင်း သူကိုရှောင်ခြင်းစသည်ဖြင့် သတိဖြစ်ကြောင်း ၄-ပါးရှိသည်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၇-ပါး
[ပြင်ဆင်ရန်]တွင်းပြင်ဝတ္ထုများ သန့်ရှင်းစေခြင်းဟူသည် လက်သည်း ခြေသည်းရှည်ခြင်း၊ ခန္ဓာကိုယ် အပြစ်ဒေါသနှင့် ချွေးစသည် ရှိခြင်းများသည် အတွင်း မသန့်ရှင်းသည်မည်၍ သင်္ကန်းဆွေးမြေ့ ညစ်ပေခြင်း၊ ကျောင်းတွင်း အမှိုက်ရှိခြင်းများသည် ပြင်ပ မသန့်ရှင်းသည် မည်သည်၊ ယင်း အဖြစ်များ ကင်းအောင် သုတ်သင် ပြင်ဆင် ရမည်၊ သန့်ရှင်းရာ၌ စိတ်စေတသိက်များဖြစ်ရလျှင် ဉာဏ်လည်း သန့်ရှင်းတော့သည်။
ဣန္ဒြေညီမျှစေခြင်း
[ပြင်ဆင်ရန်]သဒ္ဓါအားကောင်း၍ ကြွင်း ဝီရိယစသည်တို့ အားနည်းလျှင် ဆိုင်ရာကိစ္စ မပြုစွမ်းနိုင်၊ ဝက္ကလိမထေရ်ကား ပုံစံဖြစ်သည်၊ ဝီရိယလွန်ကဲ၍ သဒ္ဓါစသည် အားနည်းရာ၌လည်း အရှင်သောဏမထေရ်တို့လို ခရီးမတွင်ပါ၊ အထူးအဖြင့် သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ဝီရိယ မျှရန်ဖြစ်သည်၊ သဒ္ဓါလွန်၍ ပညာနည်းလျှင် မသင့်ရာ၌ ကြည်ညိုတတ်၍ ပညာလွန်၍ သဒ္ဓါပါးလျှင်လည်း အကောက်ဘက်ဝင်ကာ ဆေးကြောင့် ဖြစ်သောရောဂါကို အကုရခက်သည်။ စိတ်ထားတတ်လျှင်ကုသိုလ် ရသည်၊ ဒါနစသည် ပြုဖို့မလိုဟု အတွေးချော်ကာ ငရဲပျော်ရသည်၊ သမာဓိကြီး၌ ဝီရိယနည်းလျှင် အပျင်းဓာတ် လွှမ်းမိုးသည်၊ ဝီရိယကြီး၍ သမာဓိ ချော်လျှင်ကား စိတ်လေလွှင့်ကာ ထိန်းမရတော့ပါ၊ ထို့ကြောင့် ၂-ပါးစုံညီမျှ သင့်သည်။
တနည်း-သမာဓိထူထောင်သူအတွက် သဒ္ဓါအားကြီးမှ အပ္ပနာရ၍ ဝိပဿနာ ထူထောင်သူအတွက် ပညာအားကြီးမှ အရိယာဖြစ်နိုင်သည်၊ သတိကား နေရာအားလုံးမှာ အားကြီးရမည်၊ ဟင်းလျာအားလုံးမှာ ဆား၊ တိုင်းပြည်ရေးရာ ကိစ္စများမှာ ဝန်ကြီးချုပ် လိုအပ်သကဲ့သို့တည်း။
ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး
[ပြင်ဆင်ရန်]ငရဲပြည်၌ ဒုက္ခခံစားရချိန်၊ တိရစ္ဆာန် ဘဝ ပိုက်ကွန်တွင်း အမိခံချိန်၊ သံချွန်ထိုးခံရပြီး လှည်းဆွဲရချိန်၊ ပြိတ္တာဘဝ ငတ်မွတ် နေရချိန်များ၌ အားမထုတ်နိုင်၊ ယခုအချိန်ကား အားထုတ်ရမည့်အချိန်ပဲ ငါ့ရှင်ဟု အပါယ်ဘေး ဆင်ခြင်သူအား ဝီရိယဖြစ်တော့သည်။
လောကုတ္တရာတရား၉-ပါး လူပျင်းမရနိုင်ဟု ဝီရိယကျိုးမြင်သူဘုရားစစွာ အရိယာတို့ သွားလမ်းကို လူပျင်းမသွားနိုင်ဟု သွားလမ်းကို ဆင်ခြင်သူများအား ဝီရိယဖြစ်နိုင်သည်၊ ပစ္စည်း ၄-ဖြာ အလှူဒကာများသည် သင်နှင့် ဘာမျှ မတော်စပ် မပတ်သက် ကောင်းကျိုးရည်၍သာ လှူကြသည်၊ ဤပစ္စည်းများ သုံးဆောင်ပြီး ကိုယ်ချမ်းသာအောင် နေဖို့ ဘုရားရှင် ခွင့်ပြုသည်မဟုတ်၊ သုံးဆောင်ပြီး ရဟန်းတရား အားထုတ်၊ ဝဋ်မလွတ်မည်ဟုသာ ရည်ပြီး ခွင့်ပြုခဲ့သည်၊ ပျင်းနေလျှင် ဆွမ်းကို လေးစားသည် မမည်ဟု ဆွမ်း၌ လေးစားသင့်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။
မဟာမိတ္တထေရ်ဝတ္ထု၊ ပုံပြုဖွယ်ရာ
[ပြင်ဆင်ရန်]မထေရ်အကြောင်းကို သည်မှာ ကြည့်ပါ။
ပိဏ္ဍပါတ်ဓူတင်ဆောင် တိဿထေရ်
[ပြင်ဆင်ရန်]မထေရ်အကြောင်းကို သည်မှာ ကြည့်ပါ။
ဘုရားရှင်၏ အရိယာဥစ္စာ ၇-ဖြာအမွေကို ခံယူနိုင်မှုကား အဆင့်မြင့်သည်ဖြစ်ရာ ပျင်းသူ မယူနိုင်၊ အကျင့်ပျက်သားကို မိဘများက သားအရာမှ ပယ်ကြ၊ အမွေဖြတ် ခံရသကဲ့သို့ ဝီရိယရှိမှ အရိယာဥစ္စာအမွေ ရသည်၊ ဤသို့ အမွေခံမြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။
သန္ဓေတည်ချိန်၊ ဖွားချိန်၊ နောက်ဆုံး နိဗ္ဗူ၊ စံချိန်များမှာ လောကဓာတ်တသောင်း လှုပ်ရအောင်မြတ်သော ဘုရားသာသနာမှာနေလျှင် ပျင်းနေ၍မဖြစ်ဟု ဆရာဘုရား၏ မြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်၊ မဟာသမ္မတမင်းမျိုး သုဒ္ဓေါဒနမင်းမြေး ရာဟုလညီ ဘုရားသားဖြစ်သော သင်အား ပျင်းမဖြစ်ဟု ဇာတ်မြတ်ပုံ၊ သာရိပုတ္တရာ စသော သာဝကများ ဝီရိယဖြင့်သာ မဂ်ဖိုလ်ရကြသည်ဟု သီတင်းသုံးဖော်တို့မြတ်ပုံ ဆင်ခြင်သူအားလည်း ဝီရိယဖြစ်သည်။
သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၁၁-ပါး
[ပြင်ဆင်ရန်]တွင်းပြင်ဝတ္တု သန့်ရှင်းအောင်ပြုခြင်း၊ ဣန္ဒြေ မျှညီစေခြင်းစသော အကြောင်းများတည်း၊ အခါအားလျော်စွာ ရွှင်လန်းစေခြင်းဟူသည် ပညာအလုပ် အားနည်းခြင်း ငြိမ်းချမ်းမှု ချမ်းသာမရခြင်းများကြောင့် စိတ်သာယာမှုနည်းချိန်တွင် သံဝေဂဝတ္တု ၈-ပါးဆင်ခြင်၍ ထိတ်လန့်စေခြင်း ရတနာ ၃-ပါးဂုဏ် အောက်မေ့၍ ကြည်ညိုစေခြင်းတည်း။
သံဝေဂဝတ္ထု ၈-ပါး
[ပြင်ဆင်ရန်]ဇာတိ ဇရာ ဗျာဓိ မရဏ ၄-ပါး အပါယ်ဘေးဝဋ် ပြစ်ကြောင့်ဖြစ်သော အတိတ်ဆင်းရဲ့ အနာဂတ်ဆင်းရဲ အာဟာရရှာရမှု အကြောင်းရှိသော ပစ္စုပ္ပန် ဆင်းရဲတို့တည်း။
ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ၅-ပါး
[ပြင်ဆင်ရန်]သတ္တဝါများ၌ သင်္ခါရ၌ နှလုံးသွင်း မှန်ခြင်း၊ အစွဲသန်သူကို ရှောင်ခြင်း၊ နှလုံးသွင်းမှန်သူကို မှီဝဲခြင်း ဥပေက္ခာဖြစ်ဖို့သာ နှလုံးသွင်းခြင်းတို့ ဖြစ်သည်။
=သတ္တဝါများ၌ နှလုံးသွင်းမှန်ကြောင်း ၂-ပါး
[ပြင်ဆင်ရန်]မောင်လှဖြစ်စေ၊ မောင်မြဖြစ်စေ၊ မိမိကံဖြင့်လာ မိမိကံဖြင့်ပင် သွားရပေမည်၊ သင်မည်သူကို မြတ်နိုးနေရသနည်း ဟု ကံသာ ကိုယ်ပိုင်ဖြစ်ပုံကို ဆင်ခြင်ခြင်း၊ ပရမတ္ထအားဖြင့် သတ္တဝါပင်မရှိ မြတ်နိုး စွဲလမ်းဖို့မလိုဟု သတ္တဝါမဟုတ်ပုံ ဆင်ခြင်ခြင်းတို့ကြောင့် နှလုံးသွင်းမှန်ရသည်။
သင်္ခါရ၌ နှလုံးသွင်းမှန်ကြောင်း ၂-ပါး
[ပြင်ဆင်ရန်]ဤသင်္ကန်းသည် တဖြေးဖြေး ဖောက်ပြန်ဆွေးမြေ့ ကာ ခြေသုတ်ပဝါဖြစ်ပြီး တောင်ဝှေးဖြင့် ကော်ပစ်ရမည်၊ သင်တကယ် ပိုင်က ဤသို့ဖြစ်ခွင့် မပေးရာဟု မပိုင်ပုံဆင်ခြင်ခြင်း၊ ဤသင်္ကန်းကား ကြာရှည်မသုံးရ တခဏမျှသာဟု အခိုက်အတန့်သာဖြစ်ပုံ ဆင်ခြင်ခြင်းတို့ကြောင့် နှလုံးသွင်းမှန်ရသည်။
သတ္တဝါသင်္ခါရ၌ အစွဲသန်သူကိုရှောင်ခြင်း
[ပြင်ဆင်ရန်]ရဟန်းရှင်လူ မည်သူမဆို မိမိသား သမီး တပည့် စသည်များကို မြတ်နိုးကြသည်၊ ကိုယ်တိုင်ဆံရိတ် သင်္ကန်းလျှော်ပေးကြသည်၊ တခဏမျှ မမြင်လျှင် ရှင်စန္ဒ ဘယ်မှာလဲ စသည်ဖြင့် ရှာကြသည်၊ တစ်ပါးသူ့က အလုပ်ခေါ်ခိုင်းလျှင် ငါ့ကိစ္စကိုမျှ ငါတို့မခိုင်း”ဟု ဆိုကာ ခွင့်မပြုခြင်းသည် သတ္တဝါ၌ အစွဲသန်သူမည်သည်။
သင်္ကန်းသပိတ် စသည်များကို သူတစ်ပါး အကိုင်မခံ ခဏငှားလျှင် “ဟောင်းမည် စိုး၍ ငါတို့သော်မှ မသုံးရက်”ဆိုခြင်းကား သင်္ခါရ၌ အစွဲသန်သူမည်သည် သတ္တဝါ သင်္ခါရ ၂-ပါးလုံးတို့၌ နှလုံးသွင်းမှုမှန်သင့်သည်။
မဂ္ဂင် ၈-ပါး
[ပြင်ဆင်ရန်]သမ္မာဒိဋ္ဌိသည် မိမိ ဆန့်ကျင်ဘက် အခြား ကိလေသာများနှင့်အတူ မိစ္ဆာဒိဋ္ဌိကိုပယ်ခြင်း၊ နိဗ္ဗာန်ကိုအာရုံပြုခြင်း၊ မောဟကိုဖျက်ဆီးကာ မတွေမဝေယှဉ်ဖက် တရားများကိုမြင်ခြင်းဟု ၃-ကိစ္စရှိသလို သမ္မာသင်္ကပ္ပ စသည်တို့လည်း ၃-ကိစ္စစီ ရှိကြသည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၁၊၄၁-၄။ အံ၊မြန်၊၁၊၅၀-၃။ အံ၊ဋ္ဌ၊၁၊၃၈၁-၄၀၉။ အံ၊ဋီ၊၁၊၂၃၃-၂၇၅။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၈-အပရအစ္ဆရာသင်္ဃာတဝဂ္ဂ။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။