မာတိကာသို့ ခုန်သွားရန်

ဣဒ္ဓိပါဒ်

ဝီကီပီးဒီးယား မှ

[၁] (က)ပြီးစီးထမြောက်သောတရား အစု (ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသာဟူသောတစ်ပါးပါးသောတရား)။

(ခ) သတ္တဝါတို့ ကြီးပွါး တိုးတက်ကြောင်း တရားတို့၏တည်ရာ မှီရာ အခြေခံအကြောင်း တရား။

(ဂ) ဣဒ္ဓိမည်သော-ပြီးစီးထ မြောက်သော-သတ္တဝါတို့ ကြီးပွါးတိုးတက် ကြောင်းဖြစ်သော-(ဥပစာရဈာန် အစရှိသော ကုသိုလ်စိတ်နှင့် ယှဉ်သော) ဆန္ဒ, သမာဓိ, ပဓာနသင်္ခါရတရားတို့၏တည်ရာမှီရာ အခြေခံဖြစ်သော (၎င်းတရား တစ်ပါးပါးမှ) ကြွင်းကျန်သော စိတ်စေတသိက်ဟူသော-တရား အစုအဝေး-နာမက္ခန္ဓာတရားလေးပါး။[၂]

ဣဒ္ဓိ, ဣဒ္ဓိပါဒ်[ပြင်ဆင်ရန်]

(ဤနည်း၌ ဆန္ဒ, သမာဓိ, ပဓာန သင်္ခါရ မည်သော သမ္မပ္ပဓာန် ဝီရိယဟူသော တရား သုံးပါးတို့သည် ဣဒ္ဓိလည်း မည်၏၊ ဣဒ္ဓိပါဒ်လည်း မည်၏၊ ၎င်းတို့မှ ကြွင်းသော နာမက္ခန္ဓာတရား လေးပါးတို့ကား ဣဒ္ဓိပါဒ်သာ မည်၏၊

ထို့အတူ ဝီရိယ, သမာဓိ, ပဓာန သင်္ခါရ (သမ္မပ္ပဓာန်ဝီရိယ) ဟူသော တရား သုံးပါးတို့သည်၎င်း၊

စိတ္တ, သမာဓိ, ပဓာန သင်္ခါရ ဟူသော တရားသုံးပါးတို့သည်၎င်း၊

ဝီမံသာ, သမာဓိ, ပဓာန သင်္ခါရဟူသော တရားသုံးပါးတို့သည်၎င်း ဣဒ္ဓိလည်း မည်၏၊ ဣဒ္ဓိပါဒ်လည်း မည်၏၊

၎င်းသုံးပါးတို့မှ ကြွင်းသော နာမက္ခန္ဓာတရား လေးပါးတို့ကား ဣဒ္ဓိပါဒ်သာမည်၏။ ဣဒ္ဓိနှင့် ဣဒ္ဓိ-ပါဒအရ နောက်ထပ်အရကောက်ယူပုံ အမျိုးမျိုးကို အဘိ၊ဋ္ဌ၊၂၊၂၉၃-စသည်၌ကြည့်။) [၃] [၂]

ဣဒ္ဓိပါဒ်(၄) ပါး[ပြင်ဆင်ရန်]

၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊
၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။


၁။ ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူးထက်သန်သော ဆန္ဒကြောင့် ပြီးစီးပြည့်စုံ လာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည်ကပင် ကောင်းသေး၏ဟု မရဘဲ နေရသည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုးဖြစ်သည်။

၂။ ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေးအကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးရှိသည့် ဝီရိယကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည်ရောက်မည်ပေါက်မည်ဟု အထင်ရှိနေသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပန်းခံရသော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။

၃။ စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာရသည့်အခါမှစ၍ အလွန်အကြူး ထက်သန်ခိုင်မာသော စိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွားမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန်ပရိယတ်မှုများ၌ နေရသော်လည်း ထိုအမှုတို့၌ စိတ်မပါ စိတ်မရှိ၊ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည်နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။

၄။ ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင်နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မသဘာဝတို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသောသူသည် လောကီတရား ချမ်းသာစီးပွားမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။[၄]

ဣဒ္ဓိဆယ်မျိုး[ပြင်ဆင်ရန်]

ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဣဒ္ဓိဝိဓနိဒ္ဒေသမှာ..

(၁) အဓိဋ္ဌာနဣဒ္ဓိ၊

(၂) ဝိကုဗ္ဗနဣဒ္ဓိ၊

(၃) မနောမယဣဒ္ဓိ၊

(၄) ဉာဏဝိပ္ဖါရဣဒ္ဓိ၊

(၅) သမာဓိဝိပ္ဖါရဣဒ္ဓိ၊

(၆) အရိယဣဒ္ဓိ၊

(၇) ကမ္မဝိပါကဇဣဒ္ဓိ၊

(၈) ပုညဝန္တဣဒ္ဓိ၊

(၉) ဝိဇ္ဇာမယဣဒ္ဓိ၊

(၁၀) သမ္မာပယောဂဣဒ္ဓိ-

အားဖြင့် ဣဒ္ဓိဆယ်မျိုးရှိကြောင်းကို ပြဆိုထား၏ (ဣဒ္ဓိ= ပြီးစီးပြည့်စုံစေခြင်း၊ အလိုရှိအပ်သောအရာ ပြီးစီးပြည့်စုံစေနိုင်မှုကို ပါဠိလို ဣဒ္ဓိ မြန်မာလို တန်ခိုးဟူ၍ ခေါ်၏။)[၅]

(၁) အဓိဌာနဣဒ္ဓိဟူသည် မိမိတကိုယ်တည်းကိုပင် အရာအထောင် လိုသလောက် ဖြစ်လာပါစေဟူ၍ ဉာဏ်ဖြင့် အဓိဋ္ဌာန်လိုက်၏၊ ဆောက်တည်လိုက်၏။ စိတ်မှာ စွဲမြဲစွာထားလိုက်၏၊ ဆောက်တည်လိုက်တိုင်း မိမိအလိုရှိသမျှ အရာအထောင် နိမ္မိတရုပ်ပွါးများ အံ့ဩလောက်အောင် ဖြစ်ပွါးပြည့်စုံလာရခြင်းသည် အဓိဋ္ဌာနဣဒ္ဓိ မည်၏။ (ဤအဓိဋ္ဌာနဣဒ္ဓိသည် မိမိတည်းဟူသော ဣဒ္ဓိရှင် တန်းခိုးရှင်၏ ပင်ကိုမူလရုပ် မပျောက်မကွယ်ပဲ အလွတ်ပြင်ပမှာ မိမိကိုယ်နှင့် တူ-မတူ အမျိုးမျိုးအဖုံဖုံ ဖြစ်စေမှုနှင့်သာ သက်ဆိုင်သော တန်းခိုးဣဒ္ဓိဖြစ်ပေ၏။)[၅]

(၂) မိမိကိုယ်ကို နဂိုရ်အတိုင်းမဟုတ်ပဲ နဂါးကြီးသဏ္ဌာန်ဖြစ်စေ၊ ဂဠုန်ကြီးသဏ္ဌာန်ဖြစ်စေ ဤသို့စသည်ဖြင့် ပြောင်းလဲ ဖန်ဆင်းလိုက်ခြင်းသည် ဝိကုဗ္ဗနဣဒ္ဓိမည်၏။ (ဝိ= အထူးထူးအထွေထွေ၊ ကုဗ္ဗန= ပြုလုပ်ဖန်ဆင်းခြင်း၊ မိမိကိုယ်ကို နဂိုရ်အသွင်သဏ္ဌာန်မှ ပြောင်း၍ အထူးထူးအထွေထွေ အလိုရှိရာ ပြုလုပ်ဖန်ဆင်းခြင်းဟု ဆိုလိုသည်။)[၅]

(၃) မိမိကိုယ်ကိုလည်း တစုံတရာ မပြောင်းလဲ၊ အလွတ်သက်သက်မှာလည်း မဟုတ်ပဲ မိမိ၏ ကိုယ်အတွင်းမှပင် မိမိနှင့် သဏ္ဌာန်တူစွာ ကိုယ်ငယ်တခု ဖန်ဆင်းခြင်းသည် မနောမယဣဒ္ဓိမည်၏။ မနောမယ= စိတ်အလိုရှိတိုင်း ပြီးစီးသည်။ (ဤ မနောမယဣဒ္ဓိမှာ- အဓိဋ္ဌာနဣဒ္ဓိကဲ့သို့ ကိုယ်၏ပြင်ဖက်မှာ အရာအမျိုးမျိုးကို ဖန်ဆင်းခြင်းလည်း မဟုတ်၊ ဝိကုဗ္ဗနဣဒ္ဓိကဲ့သို့ မိမိကိုယ်ကို အသွင်သဏ္ဌာန်တမျိုး ပြောင်းလဲ ဖန်ဆင်းခြင်းလည်း မဟုတ်၊ မိမိ၏ မူလကိုယ်ကို မူလအတိုင်းထားကာ ထိုအရင်းခံကိုယ်ထဲမှာ စိတ်ဖြင့်ပြီးသော= မိမိစိတ် အလိုရှိသလောက် ကိုယ်ငယ်တခု ဖန်ဆင်း ထုတ်နုတ်ပြခြင်း ဖြစ်သည်။)[၅]

(၄) ညဏ်၏အာနုဘော် ပြန့်နှံ့သဖြင့် ဖြစ်ပေါ်သော အံ့ဩဖွယ်ရာ ပြည့်စုံမှုအထူးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟုခေါ်၏။ ဤ ဉာဏဝိပ္ဖါရဣဒ္ဓိ၏ အကြောင်းကို အရှင်ဗာကုလထေရ် စသည်တို့၏ အစွမ်းဖြင့် သိအပ်၏။[၅]

ဗာကုလထေရ်အကြောင်း[ပြင်ဆင်ရန်]

အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ဧတဒဂ္ဂဝဂ်အဖွင့် အဋ္ဌကထာ၌ အကျယ်လာရှိသော အရှင်ဗာကုလ အကြောင်းအရာမှ လိုရင်းအကျဉ်းချုပ်ကို ထုတ်နုတ်ပြဆိုပေအံ့၊ အရှင်ဗာကုလသည် ကောသမ္ဗီပြည် သူဌေး၏သားဖြစ်၍ ဖွားပြီးလျှင် မကြာမီ မင်္ဂလာအခမ်းအနား ကျင်းပသောနေ့တွင် ယမုနာမြစ်၌ ကလေးကို ရေချိုးပေးရာ ငါးတကောင် လာရောက်၍ အဟပ်အမျို ခံရလေ၏၊ မျိုမိသည်နှင့် တပြိုင်နက်ပင် ထိုငါးသည် မရပ်မတည်နိုင် ဝမ်းတွင်းမှ ပူလောင်လှသဖြင့် ပြေးသွားလေရာ ဗာရာဏသီပြည်သို့ရောက်၍ တံငါများ ဖမ်းမိသဖြင့် ဗာရာဏသီပြည်အတွင်း လှည့်လည်ရောင်းချသည်တွင် ဗာရာဏသီ သူဌေးကတော်က ကိုယ်တိုင်ဝယ်၍ ငါးဝမ်းကို ခွဲသောအခါ တင့်တယ်လှပစွာသော ကလေးကိုရသဖြင့် နဂိုရ်ကလည်း သားမရှိသောကြောင့် အလွန်ပင် သားကို တောင့်တနေသူဖြစ်ရာ “ငါ့မှာ သားရပြီ”ဟု အလွန်ဝမ်းမြောက်စွာ မွေးမြူထား၏။

ကောသမ္ဗီပြည်ရှိ မိဖတို့က ဤသတင်းကို ကြားသောအခါ ငါတို့သားဖြစ်သည်၊ ပြန်၍ ပေးရမည်ဟု တောင်းလာကြ၏၊ ဗာရာဏသီ သူဌေးကတော်ကလည်း “ငါတို့နှင့်ထိုက်၍ ငါတို့လက်သို့ ရောက်လာသည်၊ ပြန်မပေးနိုင်”ဟု ငြင်းဆိုလေသည်။ တရားရုံးသို့ ရောက်သောအခါ တရားသူကြီးများက နှစ်ဦးဆိုင် အဆုံးအဖြတ် ပေးအပ်လေသည်။ ဤသို့လျှင် သူငယ်မှာ အမိနှစ်ဦး အဖနှစ်ဦး ဖြစ်နေသည်ကို အစွဲပြု၍ “ဗာကုလ”ဟု အမည်မှည့်ကြ၏။ (ဗာ= နှစ်၊ ကုလ= အမျိုး၊ အမိနှစ်ဦး အဖနှစ်ဦး စသည်ဖြင့် အမျိုးနှစ်ဦးရှိသည်ဟု ဆိုလိုသည်။)

ဤသူငယ်ကလေးမှာ ငါးမျိုဟပ်သွားသည်ကို ခံရသော်လည်း တစုံတရာ အန္တရာယ်မရှိခြင်းသည် အံ့ဩဖွယ်ရာ ထူးစွာသော အချက်ဖြစ်၏၊ ထိုအထူးသည် ယခုဘဝမှာ မချွတ်ဧကန် ရလတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်၏၊ (ဤဘဝတွင် မချွတ်ဧကန် အရဟတ္တမဂ်ဉာဏ်ကို ရစေနိုင်မည့် ရဲရဲတောက်ပါရမီဉာဏ် ပါရှိလာသူဖြစ်၍ ထိုပါရမီဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုလိုက ဆိုနိုင်ပေ၏။) ဤတန်းခိုးမျိုးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟူ၍ ခေါ်သည်။[၅]

သံကိစ္စသာမဏေ အကြောင်း[ပြင်ဆင်ရန်]

သံကိစ္စသာမဏေသည်လည်း သာဝတ္ထိပြည် သူကြွယ်သမီးတဦး၏ဝမ်း၌ ပဋိသန္ဓေ တည်နေ၍ ဖွားခါနီးမှ မိခင်ကွယ်လွန်ရာ အလောင်းကို မီးသင်္ဂြိုဟ်ကြသည်တွင် ကျွမ်းလွယ်စိမ့်သောငှါ တံစူးဝါးဖြင့်ထိုး၍ မီးတိုက်ကြကုန်၏၊ တံစူးဝါး၏အစွန်းဖြင့် ဝမ်းတွင်းရှိ ကလေး၏ မျက်စိအစွန်းတနေရာမှာ ထိခိုက်သဖြင့် ကလေးငိုသောအခါ ကလေးမသေသေးကြောင်း သိရှိကြ၍ မီးပုံထက်မှ အလောင်းကိုချပြီးလျှင် ဝမ်းကိုခွဲကာ ကလေးကို ထုတ်ယူရလေသည်။ ထိုကလေးသည် ခုနစ်နှစ်အရွယ်တွင် ရှင်ပြု၍ ရဟန္တာဖြစ်လေသည်။

ဤသံကိစ္စသာမဏေအလောင်း သူငယ်ကလေးသည်လည်း ယခုဘဝမှာ မချွတ် ရလတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် မီးသင်္ဂြိုဟ်ရာတွင် အသက်မသေပဲ ရှိရ၏။ (ဤဘဝတွင် မချွတ်ဧကန် အရဟတ္တမဂ်ဉာဏ်ကို ရစေနိုင်မည့် ရဲရဲတောက် ပါရမီဉာဏ် ပါရှိလာသူဖြစ်၍ ထိုပါရမီဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုလိုက ဆိုနိုင်ပေ၏။)

(၅) သမာဓိဝိပ္ဖါရဣဒ္ဓိ ဟူသည်ကား.. သမာဓိဟု ခေါ်ဆိုအပ်သော ဈာန်သမာပတ် တို့ကို ဝင်စားခါနီးဖြစ်စေ၊ ဝင်စားတုန်း ဝင်စားဆဲမှာဖြစ်စေ၊ ဝင်စား ပြီးစမှာဖြစ်စေ ဖြစ်ပေါ်လာသော အံ့ဩဖွယ်ရာအထူးသည် သမာဓိအာနုဘော် ပြန့်နှံ့ခြင်းကြောင့်ဖြစ်သော ပြည့်စုံမှု (တန်းခိုး) မည်၏။ ဤတန်းခိုးအကြောင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ အရှင်သာရိပုတြာဝတ္ထုမှစ၍ ဝတ္ထုအများ ပြထားရာ အရှင်သာရိပုတြာဝတ္ထုတခုမျှကို ထုတ်ပြပေအံ့..၊[၅]

အရှင်သာရိပုတြာအကြောင်း[ပြင်ဆင်ရန်]

တနေ့သောအခါ အရှင်သာရိပုတြာသည် အရှင်မဟာမောဂ္ဂလာန်နှင့်အတူ ကပေါတမည်သောချောက်၌ သီတင်းသုံးနေတော်မူကြစဉ် ဆံပင်ကိုရိတ်ပြီးခါစ လသာသော ညဉ့်တညဉ့်တွင် လွင်တီးခေါင် (လွင်ပြင်)၌ သမာပတ်ကို ဝင်စားနေတော်မူ၏။ ထိုအခါ ဘီလူးမိုက်တကောင်သည် အဖော်ဘီလူးနှင့် လာကြရာ အရှင်သာရိပုတြာ၏ ဦးခေါင်းပြောင်ပြောင်ကိုမြင်လျှင် အလွန်တရာ ပုတ်ခတ်ချင်သောစိတ် ဖြစ်ပေါ်လာ၍ အဖော်ဘီလူးက တားမြစ်သော်လည်း မရပဲ ဦးခေါင်းတော်ကို တအားကုန် ပုတ်ခတ်လေ၏။ ဘီလူးပုတ်ခတ်သဖြင့် မြည်သောအသံသည် မိုယ်းခြိမ်းသံနှင့်အတူ ပြင်းထန်လှပေ၏။ သို့သော်လည်း မထေရ်မြတ်မှာ ဤဘီလူးမိုက်၏ ပုတ်ခတ်ခြင်းကြောင့် တစုံတရာ နာကျင်ခြင်းမရှိ၊ ဤသို့ဖြစ်ရခြင်းမှာ ဝင်စားနေသော သမာဓိ၏ တန်းခိုးအာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟု သိမှတ်အပ်၏။[၅]

(၆) အရိယဣဒ္ဓိ ဟူသည်ကား.. အရိယာပုဂ္ဂိုလ်များသည် စက်ဆုပ်ဖွယ်ဖြစ်သော အာရုံကိုပင် စက်ဆုပ်ဖွယ် မဟုတ်သောအနေဖြင့် ရှုတော်မူလိုကြက စက်ဆုပ်ဖွယ် မဟုတ်သောအနေဖြင့် ရှုတော်မူနိုင်ကြ၏။ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုပင် စက်ဆုပ်ဖွယ်အနေဖြင့် ရှုတော်မူလိုကြက စက်ဆုပ်ဖွယ်အနေဖြင့် ထင်မြင်အောင် ရှုတော်မူနိုင်ကြ၏။ ဤသို့ မည်သည့်အာရုံကိုမဆို မိမိနှလုံးသွင်းလိုသည့်အတိုင်း ထင်မြင်လာအောင် နှလုံးသွင်းကာ ရှုတော်မူနိုင်ကြခြင်းသည် အရိယာပုဂ္ဂိုလ်များသာ တတ်စွမ်းနိုင်သော တန်းခိုးဖြစ်၍ ဤတန်းခိုးကို အရိယဣဒ္ဓိ= (အရိယာတို့၏ တန်းခိုး)ဟူ၍ ခေါ်ဆိုအပ်၏။[၅]

(၇) ကမ္မဝိပါကဇဣဒ္ဓိ ဟူသည်ကား.. ငှက်စသည်တို့၏ ကောင်းကင်မှာ ပျံသွားနိုင်ခြင်း စသည်ပင် ဖြစ်၏။ ငှက်တို့သည် ကောင်းကင်မှာ သွားနိုင်အောင် ယခုဘဝ တစုံတရာ စီမံအားထုတ်ရခြင်း မရှိ၊ ရှေးကံ စီမံလိုက်သော အကျိုးအတိုင်း ဖြစ်လာရသော သဘောတရားဟု ဆိုလိုသည်၊ နတ် ဗြဟ္မာများ ကမ္ဘာဦးသူလူများ အချို့သော ဝိနိပါတိကအသူရာများ ကောင်းကင်၌ သွားလာနိုင်ခြင်း စသည်သည်လည်း ကမ္မဝိပါကဇဣဒ္ဓိပင် ဖြစ်၏။[၅]

(၈) ပုညဝန္တဣဒ္ဓိ ဟူသည်ကား.. စကြာမင်းစသည်တို့၏ ကောင်းကင်၌ သွားနိုင်ခြင်း စသည်ပင် ဖြစ်၏။ ကောင်းမှုရှိသောသူတို့ဖြစ်၍ ကောင်းကင်၌ သွားနိုင်ခြင်းစသော တန်းခိုးရှိသည်ဟု ဆိုလိုသည်။ စကြာမင်းကြီးသွားရာ ကောင်းကင်သို့ လိုက်ပါကြသော စစ်သည်ဗိုလ်ထု ဟူသမျှသည်လည်း ပုညဝန္တအစစ်ဖြစ်သော စကြာမင်းကြီးကို အမှီပြု၍ ရရှိကြသော တန်းခိုးဟူ၍ပင် ဆိုအပ်၏။ ဇောတိကသူဌေး ဇဋိလသူဌေး ဃောသကသူဌေး မေဏ္ဍကသူဌေး စသည်တို့၏ စည်းစိမ်ချမ်းသာစုသည်လည်း ပုညဝန္တဣဒ္ဓိပင် ဖြစ်၏။[၅]

ကမ္မဝိပါကဇဣဒ္ဓိနှင့် ပုညဝန္တဣဒ္ဓိတို့ ထူးခြားပုံ[ပြင်ဆင်ရန်]

ယခုဘဝမှာ တစုံတရာ စီမံပြုလုပ် အားထုတ်ခြင်းမရှိပဲ ရှေးဘဝကံ စီမံလိုက်သည့်အတိုင်း ယခုဘဝ မွေးကတည်းကပင် ပြည့်စုံလာသော တန်းခိုးကို ကမ္မဝိပါကဇဣဒ္ဓိဟု ခေါ်ဆိုသည်။

ပုညဝန္တဣဒ္ဓိမှာ ပုညဟူသည် ကုသိုလ်ကံပင် ဖြစ်သော်လည်း ထိုပုညသည် ရှေးဘဝကပါလာသော ပုညသက်သက်မဟုတ်၊ ယခုဘဝမှာ အထောက်အပံ့အဖြစ် အားထုတ်ပြုလုပ် ဆောင်ရွက်အပ်သော အချက်များလည်း ပါဝင်ရသေးသည်၊ ဤသို့ မွေးကတည်းက ပါလာသည်မဟုတ်ပဲ ယခုဘဝ တစုံတရာ အားထုတ်ပြုလုပ်အပ်သော အထောက်အပံ့ အကြောင်းအချက်ရမှ ပြည့်စုံလာသော တန်းခိုးသည် ပုညဝန္တဣဒ္ဓိမည်၏။ ထင်ရှားအောင် ထပ်၍ပြဆိုရသော်-

စကြာမင်းကြီးမှာ မွေးကတည်းက စကြာရတနာ တခါတည်း ပါလာသည်မဟုတ်၊ နောက်မှ ဥပုသ်နှင့်တကွ စကြာကျင့်ဝတ်တရားများကို ကျင့်ကြံသဖြင့် စကြာရတနာတည်းဟူသော အရာဝတ္ထု ဆိုက်ရောက်လာရသည်။ သို့ဖြစ်၍ စကြာရတနာကို ရခြင်းအကြောင်းမှာ ရှေးကံသက်သက်ကြောင့်မဟုတ်၊ ယခုဘဝ အထောက်အပံ့ကံ ပါနေသည်ကိုလည်း သိအပ်၏။)[၅]

(၉) ဝိဇ္ဇာမယဣဒ္ဓိ ဟူသည်ကား.. ဝိဇ္ဇာဓိုရ်များ၏ ကောင်းကင်၌ သွားနိုင်ခြင်း စသည်တည်း။ (အထူး ဖန်တီးပြုလုပ်ထားသည့် မန္တန်အတတ် ဆေးအတတ် စသည်ကြောင့် ပြီးစီးသည့် တန်းခိုးဟု ဆိုလိုသည်။)[၅]

(၁၀) သမ္မာပယောဂဣဒ္ဓိ ဟူသည်ကား.. ထိုထိုအမှုကိစ္စကို ကောင်းစွာ အားထုတ် ပြုလုပ်မှုကြောင့် ရရှိလာသော ပြည့်စုံခြင်း အမျိုးမျိုးပင်တည်း။ (ဤသမ္မာပယောဂဣဒ္ဓိသည်ကား အရာကျယ်ဝန်းလှ၏၊ အမြတ်ဆုံးအားဖြင့် မဂ်ဖိုလ်တရားများသည်လည်း ကောင်းစွာအားထုတ်မှု အတွက်ကြောင့် ရရှိသည် ဖြစ်၍ သမ္မာပယောဂဣဒ္ဓိ မည်၏။ အလုံးစုံသိမ်းရုံး၍ အကျဉ်းဆုံးဖော်ပြရလျှင် နှုတ်မှုပညာဟူသမျှ လက်မှုပညာဟူသမျှ ဗေဒင်သုံးပုံ သင်ကြားခြင်း ပိဋကသုံးပုံ သင်ကြားခြင်း (အယုတ်သဖြင့်) လယ်ထွန်ခြင်း စိုက်ပျိုးခြင်း စသည်တို့ကိုပြု၍ ဖြစ်ပေါ်ရရှိလာသော ပြည့်စုံမှုဟူသမျှသည် သမ္မာပယောဂဣဒ္ဓိချည်းပင် ဖြစ်သည်ဟူ၍ သိအပ်၏။)[၅]

ဤဣဒ္ဓိဆယ်မျိုးတွင် ပဌမဖြစ်သော အဓိဋ္ဌာနဣဒ္ဓိမှာ အဓိဋ္ဌာန်ဟူသည် ပြဆိုခဲ့ပြီးသောအတိုင်း အရှင်စူဠပန္ထက မထေရ်တို့ကဲ့သို့ တကိုယ်တည်းကိုပင် အရာအထောင် စသည်ဖြစ်အောင် အဓိဋ္ဌာန်ခြင်း ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားခြင်းဖြစ်သည်။ ဣဒ္ဓိရှင်မဟုတ်သူ လူသာမန်တို့မှာလည်း ဤကဲ့သို့ ဆောက်တည်ချက် ရှိကြသော်လည်း အခြေခံဈာန်သမာဓိ မရှိကြသောကြောင့် ဆောက်တည်ချက်အတိုင်း မပြည့်စုံပဲ ရှိရသည်။ ဣဒ္ဓိရှင်တို့မှာမူ အခြေခံ ဈာန်သမာဓိ အားကြီးလှသောကြောင့် ဆောက်တည်ချက်အတိုင်း ပြည့်စုပြီးမြောက်လေသည်ဟု ယုံမှားမရှိ မှတ်ယူအပ်၏။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ဣဒ္ဓိပါဒ (ပု) [ဣဒ္ဓိ+ပါဒ]ဣဒ္ဓိပါဒ်။
  2. ၂.၀ ၂.၁ တိပိဋကအဘိဓာန် အတွဲ-၄ (က)
  3. စတ္တာရော ဣဒ္ဓိပါဒါ၊ ဆန္ဒိဒ္ဓိပါဒေါ, ဝီရိယိဒ္ဓိပါဒေါ, စိတ္တိဒ္ဓိပါဒေါ, ဝီမံသိဒ္ဓိပါဒေါ။ အဘိ၊ဝိ၊၂၃၂။ ဣဒ္ဓိပါဒါနံ ဣဇ္ဈနဋ္ဌော အဘိညေယျော။ ပဋိသံ၊၁၇။ ဣဒ္ဓိပါဒါနန္တိ ဧတ္ထ ဆန္ဒ ဝီရိယ စိတ္တဝီမံသာသု ဧကေကော ဣဇ္ဈတီတိ ဣဒ္ဓိ၊ သမိဇ္ဈတိ နိပ္ဖဇ္ဇတီတိ အတ္ထော။ ဣဇ္ဈန္တိ ဝါ ဧတာယ သတ္တာ ဣဒ္ဓါ ဝုဒ္ဓါ ဥက္ကံသဂတာ ဟောန္တိတိ ဣဒ္ဓိ၊ ပဌမတ္ထေန ဣဒ္ဓိ ဧဝ ပါဒေါ ဣဒ္ဓိပါဒေါ၊ ဣဒ္ဓိကောဋ္ဌာသောတိ အတ္ထော။ ဒုတိယတ္ထေန ဣဒ္ဓိယာ ပါဒေါ ဣဒ္ဓိပါဒေါ၊ ပါဒေါတိ ပတိဋ္ဌာ၊ အဓိဂမူပါယောတိ အတ္ထော။ ပဋိသံ၊ဋ္ဌ၊၁၊၉၁။ စတ္တာရော ဣဒ္ဓိပါဒါ၊ ဣဓ ဘိက္ခု ဆန္ဒ-သမာဓိ ပဓာန သင်္ခါရ သမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဒီ၊၂၊၁၇၂။ ဒီ၊၃၊၁၈၅။ မ၊၁၊၁၄၈။ အံ၊၁၊၄၁။ အဘိ၊ဝိ၊၂၂၅။ ဣဒ္ဓိပါဒါတိ ဧတ္ထ ဣဇ္ဈတီတိ ဣဒ္ဓိ၊ သမိဇ္ဈတိ နိပ္ဖဇ္ဇတီတိ အတ္ထော။ ... ဣဒ္ဓိပါဒန္တိ နိပ္ဖတ္တိ ပရိယာယေန ဝါ ဣဇ္ဈနကဋ္ဌေန, ဣဇ္ဈန္တိ ဧတာယ သတ္တာ ဣဒ္ဓါ ဝုဒ္ဓါ ဥက္ကံသဂတာ ဟောန္တီတိ ဣမိနာ ဝါ ပရိယာယေန ဣဒ္ဓီတိသင်္ခံ ဂတာနံ ဥပစာရဇ္ဈာနာဒိကုသလစိတ္တသမ္ပယုတ္တာနံ ဆန္ဒသမာဓိ ပဓာနသင်္ခါရာနံ အဓိဋ္ဌာနဋ္ဌေန သေသစိတ္တစေတသိကရာသိန္တိ ပါဒဘူတံ အတ္ထော။ အဘိ၊ဋ္ဌ၊၂၊၂၉၀။ ပဋိသံ၊ဋ္ဌ၊၁၊၃၀၄-၅။ အံ၊ဋီ၊၁၊၂၄၅။ (ဝိ၊၁၊၁၂၄။ ဝိ၊၂၊၃၉။ ဒီ၊ဋ္ဌ၊၂၊၂၃၄။ ဒီ၊ဋ္ဌ၊၃၊၁၈၉။ အံ၊ဋ္ဌ၊၁၊၃၈၇။ ဝိသုဒ္ဓိ၊၂၊၁၃။)
  4. ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန
  5. ၅.၀၀ ၅.၀၁ ၅.၀၂ ၅.၀၃ ၅.၀၄ ၅.၀၅ ၅.၀၆ ၅.၀၇ ၅.၀၈ ၅.၀၉ ၅.၁၀ ၅.၁၁ ၅.၁၂ ၅.၁၃ ၅.၁၄ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်