အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန

ဝီကီပီးဒီးယား မှ

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းနှင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လမ်းညွှန်မှုများဖြင့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနကို ၁၉၉၇ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုအောက်တွင် ကွန်ပျူတာတက္ကသိုလ်(၂)ကျောင်း စတင်ဖွင့်လှစ်ခဲ့ရာမှ ကွန်ပျူတာကောလိပ်(၂၃)ကျောင်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၎င်းကောလိပ်များအား ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်များအဖြစ်သို့ တိုးမြှင့်၍လည်းကောင်း၊ အဆင်မြင့်ကွန်ပျူတာတက္ကသိုလ်(၂)ခုအား ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့၌လည်းကောင်း၊ နည်းပညာတက္ကသိုလ်(၄)ခုအနက် အဆင်မြင့်နည်းပညာတက္ကသိုလ်(၂)ခုအား ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့၌လည်းကောင်း၊ ခေတ်မီနိုင်ငံတော်အတွက်လိုအပ်သည့် မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်ကို ၂၀၀၂ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့တွင်လည်းကောင်း၊ ICT တိုးတက်အသုံးပြုရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ဘွဲ့ရများအား လုပ်ငန်းခွင်အတွက် အသင့်အနေအထားရှိသော ITကျွမ်းကျင်သူများအဖြစ် လေ့ကျင့်ပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်း(လှိုင်)တွင် ICTTI သင်တန်းနှင့် IMCEITS သင်တန်းတို့အား ဖွင့်လှစ်လျက်ရှိသည်။ [၁]

ရည်မှန်းချက်[ပြင်ဆင်ရန်]

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသည် အောက်ဖော်ပြပါ ရည်မှန်းချက်များထားရှိကာ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

  • နိုင်ငံတော်အတွက် လိုအပ်သော အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးရန်၊
  • စိုက်ပျိုးရေးကို အခြေခံသော စက်မှုနိုင်ငံဖြစ်ပေါ်စေရေးအတွက် လိုအပ်သော ပညာရှင်များ မွေးထုတ်နိုင်ရန်၊
  • လူငယ်လူရွယ်များအား အဆင့်မြင့်နည်းပညာများ သင်ယူခွင့်ရရှိစေကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊
  • အပြည်ပြည်ဆိုင်ရာ သုတေသနနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန်နှင့် နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊
  • သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်စေသော ပံ့ပိုးမှုလုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ နည်းပညာနှီးနှောဖလှယ်မှုလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း အားပေးဆောင်ရွက်ရန်၊
  • နိုင်ငံတော်ဖွံဖြိုးရေးအတွက် လိုအပ်သော သုတေသနလုပ်ငန်းများအား သုတေသနအခြေပြုတက္ကသိုလ်များမှ အခြားသုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် အောင်မြင်ပြီးသော သုတေသနလုပ်ငန်းများအား လက်တွေ့အသုံးချလိုသူများထံသို့ နည်းပညာအဆင့်ဆင့် လွဲပြောင်းခြင်းကို ကူညီဆောင်ရွက်သွားရန်၊
  • သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အဆင်မြင့်ခေတ်မီတိုးတက်စေရန်နှင့် ဒေသတွင်းနိုင်ငံ(အာဆီယံ)များ၏ နည်းပညာရပ်များကို တန်းတူရင်ဘောင်တန်းစေရေး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊
  • သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများဆိုင်ရာ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန်။

ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ[ပြင်ဆင်ရန်]

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန(ရုံးချုပ်)ကို ဌာနခွဲ(၃)ခုဖြင့် ဖွဲ့စည်းထားရှိသည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးစီမံကိန်းဌာနခွဲ[ပြင်ဆင်ရန်]

ဤဌာနခွဲတွင် နည်းပညာအထွေထွေဖွံ့ဖြိုးမှုဌာနစု၊ အင်ဂျင်နီယာဌာနစု၊ ကွန်ပျူတာနည်းပညာဌာနစု၊ အမျိုးသားလေကြောင်းသုတေသနဌာနစုနှင့် ပတ်ဝန်းကျင်ရေးရာဌာနစုတို့ပါဝင်သည်။ ဤဌာနခွဲ၏ တာဝန်ဝတ္တရားများမှာ

  • အဖွဲ့အစည်းအသီးသီးမှ ဆောင်ရွက်နေသည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကိုစီးပွားဖြစ် ကုန်ထုတ်လုပ်နိုင်စေရေးနှင့် ထိရောက်စွာ အကျိုးရှိစေရေးအတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးရန်နှင့် စီမံချက်များ ချမှတ်ပေးရန်၊
  • အောင်မြင်သော စမ်းသပ်တီထွင်မှုများကို မူပိုင်ပြုလုပ်ရေးနှင့် တီထွင်သူအတွက် အကျိုးအမြတ်ရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် နည်းပညာလွှဲပြောင်းရေးကို စနစ်တကျ ဆောင်ရွက်ပေးရန်၊
  • ထုတ်ပြန်ပြီးသော သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေပါ အချက်အလက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
  • အင်ဂျင်နီယာဌာနအား သိပ္ပံနှင့်နည်းပညာဆိုင်ရာစက်ပစ္စည်းများ ပုံစံရေးဆွဲထုတ်လုပ်ရာတွင် ထိရောက်သောလမ်းညွှန်မှုနှင့် စီမံချက်များချမှတ်ပေးရန်၊
  • ကွန်ပျူတာနည်းပညာဌာနမှ ခေတ်မီသောကွန်ပျူတာပုံစံအမျိုးမျိုးကို သုတေသနပြုထုတ်လုပ်နိုင်ရန် လမ်းညွှန်မှုနှင့် စီမံချက်များချမှတ်ပေးရန်၊
  • လေယာဉ်ပုံစံများ ထုတ်လုပ်ပြီး လေယာဉ်ထုတ်လုပ်တပ်ဆင်ရန်အတွက် သုတေသနပြုရန်နှင့် စီမံချက်များချမှတ်ပေးရန်၊
  • လေထု၊ ရေထုမညစ်ညမ်းစေဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စီမံချက်များချမှတ်၍ သင့်လျော်သော နည်းပညာအစီအစဉ်များဖြင့် ပြည်တွင်းပြည်ပ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန် တို့ဖြစ်သည်။

အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးဌာနခွဲ[ပြင်ဆင်ရန်]

ဤဌာနခွဲတွင် ပညာရေးဌာနစုနှင့် ပညာတော်သင်ဌာနစုတို့ပါဝင်သည်။ ဌာနခွဲ၏ တာဝန်ဝတ္တရားများမှာ

  • ဤဌာနခွဲ၏ အဓိကတာဝန်အဖြစ် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လေကြောင်းတက္ကသိုလ်များမှ ဘွဲ့ရအင်ဂျင်နီယာ၊ ဗိသုကာများ၊ ကွန်ပျူတာပညာရှင်များ၊ လေကြောင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် စီမံကွပ်ကဲမှုနှင့် လမ်းညွှန်မှုပေးရန်၊
  • အရည်အချင်းပြည့် အဆင့်မြင့်စက်မှုပညာရှင်များ မွေးထုတ်ပေးရန်အတွက် သင်ရိုးညွှန်းတမ်းများနှင့် အခြားသက်ဆိုင်ရာ မူဝါဒများကို လမ်းညွှန်မှုနှင့် ကြီးကြပ်ကွပ်ကဲမှုပေးရန်၊
  • တက္ကသိုလ်ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်းများ ရရှိရေးအတွက် ပံ့ပိုးမှုနှင့် လိုအပ်သည့် ကိစ္စအဝဝတို့အား လိုအပ်သလို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ပေးရန်၊
  • အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်နိုင်ရေးအတွက် ပြည်ပသို့ ပညာတော်သင်စေလွှတ်ခြင်း၊ ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးကိစ္စများ စီစဉ်ဆောင်ရွက်ရန်၊
  • ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ ဖြည့်တင်းခန့်ထား ရရှိရေးအတွက်ဆောင်ရွက်ရန် တို့ဖြစ်သည်။

စီမံဘဏ္ဍာရေးဌာနခွဲ[ပြင်ဆင်ရန်]

ဤဌာနခွဲသည် ရာထူးခန့်ထားခြင်း၊ တိုးမြှင့်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စများ၊ လစာနှင့် ရသုံးခန့်မှန်းခြေစာရင်း စသည့်ဝန်ထမ်းရေးရာကိစ္စများကို စီမံဆောင်ရွက်ရန် ဖြစ်သည်။

တက္ကသိုလ်များ[ပြင်ဆင်ရန်]

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်တွင် နည်းပညာတက္ကသိုလ် (၅)ခု နှင့် ကွန်ပျူတာတက္ကသိုလ် (၂၆) ခု ရှိသည်။

  • နည်းပညာတက္ကသိုလ်များ
  1. ရန်ကုန်နည်းပညာတက္ကသိုလ် ( YTU )
  2. မန္တလေးနည်းပညာတက္ကသိုလ် (MTU)
  3. ပြည်နည်းပညာတက္ကသိုလ်(PTU)
  4. မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ် (MAEU)
  5. နည်းပညာတက္ကသိုလ် မှော်ဘီ (TUHB)
  6. နည်းပညာတက္ကသိုလ် သန်လျင် (TUTL)
  7. ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (WYTU)
  • ကွန်ပျူတာတက္ကသိုလ်များ
  1. ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (UCSY)
  2. မန္တလေးကွန်ပျူတာတက္ကသိုလ် (UCSM)
  3. ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)
  4. ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)
  5. ကွန်ပျူတာတက္ကသိုလ်(ပြည်)
  6. ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)
  7. ကွန်ပျူတာတက္ကသိုလ်(သထုံ)
  8. ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)
  9. ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
  10. ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)
  11. ကွန်ပျူတာတက္ကသိုလ်(မြိတ်)
  12. ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)
  13. ကွန်ပျူတာတက္ကသိုလ်(မအူပင်)
  14. ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)
  15. ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
  16. ကွန်ပျူတာတက္ကသိုလ်(လားရှိုး)
  17. ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)
  18. ကွန်ပျူတာတက္ကသိုလ်(ကလေး)
  19. ကွန်ပျူတာတက္ကသိုလ်(မုံရွာ)
  20. ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
  21. ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)
  22. ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)
  23. ကွန်ပျူတာတက္ကသိုလ်(မကွေး)
  24. ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
  25. ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
  26. ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)
  27. သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်း

ကိုးကား[ပြင်ဆင်ရန်]