အဂ္ဂမဟာပဏ္ဍိတဘွဲ့

ဝီကီပီးဒီးယား မှ
(အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (ပါဠိ: Aggamahāpaṇḍita) သည် စာမေးပွဲဖြေဆို အောင်မြင်၍ရရှိသော ဓမ္မာစရိယ၊ တိပိဋကဓရဘွဲ့မျိုးကဲ့သို့ မဟုတ်ပေ။ စာမေးပွဲ မဖြေဆိုရဘဲ နိုင်ငံတော်အစိုးရက ထိုက်တန်သော ဆရာတော်ကြီးများ လူပုဂ္ဂိုလ်များကို ကပ်လှူပူဇော် ချီးမြှင့်သောဘွဲ့မျိုးဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ၏ အဓိပ္ပါယ်မှာ

အဂ္ဂ = မြတ်သော မဟာ = ကြီးကျယ်သော ပဏ္ဍိတ (ပဏ္ဍိတ်) = ပညာရှိဟု ဆိုလိုသည်။

ဤအဓိပ္ပါယ်အရ ကြီးကျယ်မြင့်မြတ်သော ပညာရှိအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခြင်း ဖြစ်ပေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်ခေတ်[ပြင်ဆင်ရန်]

အင်္ဂလိပ်မင်းလက်ထက်၌မူကား ၁၉၁၅ ခုနှစ်မှစ၍ ကျမ်းဂန်တတ်အကျော် ဆရာတော်များနှင့် လူပညာရှိတို့အား အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်အပ်နှင်းလျက် စားရိတ်လှူဒါန်း ထောက်ပံ့ခြင်းပြုခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဟူသည် ကြီးမြတ်သောပညာရှိဟု အနက်ရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်မှု စတင်ဖြစ်ပေါ်လာခြင်းသည် တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရားကြီး၏ ဟောပြောညွှန်ကြားမှုကြောင့်ဖြစ်ကြောင်း သိရလေသည်။ တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရားကြီးက မြန်မာနိုင်ငံ သာသနာပြုမင်းများလက်ထက် ကျမ်းဂန်တတ် ပုဂ္ဂိုလ်တို့အား ရာဇဂုရု၊ ရာဇာဓိရာဇဂုရုတံဆိပ်တော်များ ဆက်ကပ်ချီးမြှောက်တော်မူခဲ့ကြသည့်နည်းတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းသင့်ကြောင်းနှင့် အင်္ဂလိပ်အစိုးရတို့အား ဟောကြားညွှန်ပြတော်မူခဲ့၏။ ဟောကြားညွှန်ပြတော်မူချက်အတိုင်း သာသနာပိုင်ဆရာတော်ကြီးသည် ဆာနဒ် သဘောတူသဖြင့် အမိန့်တော်နှင့်တကွ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များကို အစိုးရကိုယ်စား ကိုယ်တော်တိုင်ဆက်ကပ်တော်မူ၏။ ထိုသို့ဆက်ကပ်ပွဲကိုလည်း တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်တော်မူ၏။ ထိုဆက်ကပ်ပွဲအတွက် မဏ္ဍပ်ကန္နားမှစ၍ ဆောင်ရွက်ရန်တာဝန်များကို မဟာမုနိဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင်တို့က အစိုးရထံမှ ထောက်ပံ့လှူဒါန်းသောငွေဖြင့် တာဝန်ယူ၍ ဆောင်ရွက်ကြရလေသည်။

လွတ်လပ်ရေးရပြီးခေတ်[ပြင်ဆင်ရန်]

လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာသောအခါတွင်လည်း ရှေးထုံးစဉ်လာအရ နိုင်ငံတော်အတွင်း၌ နေလပမာအလွန်ထင်ရှားလျက် ပိဋက၏အရာ၌ ထူးချွန်အောင်တတ်မြောက်တော်မူကြသော လဇ္ဇီပေသလ သိက္ခာကာမ ပိဋိကတ္တယ ဆေက ပရိယတ္တိ ဝိသာရဒ ဂန္ထကာရက ဘာသန္တရ ဗဟုသုတ ကောဝိဒ အစရှိသောဂုဏ်တို့ဖြင့် ထုံအပ်သောဆရာတော်များအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ အထူးအားဖြင့် ကိုးကွယ်သောသာသနာ့ဒါယကာတို့ လွတ်လပ်လာသဖြင့် အကိုးကွယ်ခံရသော ဗုဒ္ဓသာသနာတော်ကြီးလည်း လွတ်လပ်လာပြီး ဖြစ်ရကား ရှေးမင်းတို့လက်ထက်၌ ရဟန်းပုဂ္ဂိုလ်တို့အား မင်းဆရာတော်အဖြစ် ရာဇဂုရု၊ ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့သော်လည်း ယခုအခါ လူထု၏အစိုးရသမ္မတနိုင်ငံ ဖြစ်သည့်အားလျော်စွာ လူထု၏ဆရာတော် (နိုင်ငံတော်ကြီး၏ဆရာတော်)အဖြစ်ဖြင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ရွေးချယ်ကာလှူဒါန်းပူဇော်ခဲ့လေသည်။

ဂုဏ်အင်္ဂါ အရည်အချင်းများ[ပြင်ဆင်ရန်]

အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့်စပ်၍ သမိုင်းကြောင်းကို လေ့လာကြည့်သောအခါ မြန်မာသက္ကရာဇ် ၁၂၇၇-ခုနှစ်၊ ( ခရစ်နှစ် ၁၉၁၅-ခု ) မှစ၍ ဆက်ကပ်လာကြောင်းသိရှိရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ချီးမြှင့်ထိုက်သော ဂုဏ်အင်္ဂါအရည်အချင်းများကို တောင်ခွင်သာသနာပိုင်ဆရာတော်၏ အမိန့်ပြန်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

  1. ပရိယတ္တိ ဝိသာရဒ တိပိဋကဓရ ပဋိပတ္တိမာမက-ဟူသော ဂုဏ်ထူးဝိသေသရှိ၍ ဝိနိစ္ဆယ ကျွမ်းကျင်ခြင်း။
  2. အာစရိယလဒ္ဓေါပဒေသ-စသော ကျေးဇူးဂုဏ်ရှိသဖြင့် တပည့်သားတို့အား အဆက်မပြတ် စာပေပို့ချခြင်း။
  3. ဆန်း, အဘိဓာန်, အလင်္ကာ, ဗျာကရုဏ် တတ်ကျွမ်း၍ ကျန်းဂန်ပြုစု ရေးသားနိုင်ခြင်း။
  4. သဂ္ဂမောက္ခ ပရာယန အကျိုးငှါ တရားဓမ္မ ဟောပြောဆုံးမနိုင်ခြင်း။
  5. ဝိနယ ဂရုက သီလဝန္တ ဖြစ်ခြင်း။

ဗြိတိသျှအစိုးရ လက်ထက် ၁၂၇၇-ခုနှစ်မှစ၍ နှစ်စဉ်ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်မှုသည် ဒုတိယကမ္ဘာစစ်မီးကြောင့် ၁၃၀၂-ခုနှစ်တွင် နောက်ဆုံးထား၍ ရပ်ဆိုင်းသွားခဲ့ရသည်။

ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီ[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ၁၃၁၂-ခုနှစ်မှ စ၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ပြန်လည်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မီးကြောင့် ကြားကာလတွင် ၁၀-နှစ်တိတိ ပြတ်လပ်နေခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၁၅-ခု၊ ခရစ်နှစ် ၁၉၅၃-ခုတွင်---

  1. ဟင်္သာတမြို့ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး
  2. မန္တလေးမြို့ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီး
  3. မန္တလေးမြို့ မဟာဝိသုဒ္ဓါရာမတိုက် မြောင်းမြဆရာတော်
  4. ရန်ကုန်မြို့ အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော်-တို့

ပါဝင်သော ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေး ကော်မတီက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် လှူဒါန်းထိုက်သော အင်္ဂါ ၅-ရပ်ကို သတ်မှတ်ထားသည်။ ယင်းအင်္ဂါ ၅-ရပ်မှာ အောက်ပါတို့ ဖြစ်ပါသည်။

၁။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်ခြင်း
၂။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ် ပို့ချခြင်း
၃။ အနည်းဆုံး သိက္ခာဝါ ၂၀-ရှိရခြင်း
၄။ ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာသည်ဟု ကျော်ကြားခြင်း
၅။ သီလဝန္တ ဖြစ်ခြင်း

၁၉၅၃-ခုနှစ်က သတ်မှတ်ထားသော ဤစည်းမျဉ်းပါ အင်္ဂါ ၅-ချက်တို့ကို ယခုအချိန်အထိ ဤမူအတိုင်း ဆက်လက်ကျင့်သုံးဆဲ ရှိသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့ စစ်တမ်း[ပြင်ဆင်ရန်]

၁၂၇၇ခုနှစ်မှစ၍ ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကပ်လှူခြင်း သမိုင်းကြောင်းသည် ယခုဆိုလျှင် နှစ်ပေါင်း ၇၅ နှစ် ရှိသည်။ ၎င်း ၇၅ နှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ၁၀ နှစ် လစ်လပ်ပြီး တော်လှန်ရေးကောင်စီလက်ထက် ၁၇ နှစ် ရပ်နားခဲ့သောကြာင့် အမှန်တကယ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သောနှစ်ပေါင်းမှာ ၄၈ နှစ်သာ ရှိ၏။ ယင်း ၄၈ နှစ်တွင်

  1. ဗြိတိသျှ အစိုးရလက်ထက် ၂၅-နှစ် ၉၂-ပါး
  2. နိုင်ငံရေး အစိုးရလက်ထက် အတွင်း ၇၉-ပါး
  3. နိုင်ငံရေးနှင့် တော်လှန်ရေးအစိုးရ ပေါင်းစပ်သောကာလ ၁-နှစ်အတွင်း ၂၈-ပါး
  4. နိုင်ငံတော် ကောင်စီလက်ထက် ၆၈-ပါး
  5. နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၃-နှစ်အတွင်း ၁၀၉-ပါး

စုစုပေါင်း ၃၇၆-ပါး တိတိ ရှိသည်။

ယင်း ၃၇၆-ပါးတွင် မြန်မာပြည်တွင်းမှ ၃၅၀-ပါး၊ ပြည်ပနိုင်ငံမှ ၂၆-ပါး ရှိကြောင်း သိရပါသည်။ ပြည်ပနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ၂၆-ပါးတွင်-

  • ထိုင်းနိုင်ငံမှ ၁၃-ပါး
  • သီဟိုဠ်နိုင်ငံမှ ၈-ပါး
  • ကမ္ဘောဒီးယား နိုင်ငံမှ ၁-ပါး
  • လောနိုင်ငံမှ ၁-ပါး
  • နီပေါနိုင်ငံမှ ၁-ပါး
  • ဂျပန်နိုင်ငံမှ ၁-ပါး
  • အင်္ဂလန်နိုင်ငံမှ ၁-ပါး တို့ဖြစ်ပါသည်။

လူပညာရှိ ပုဂ္ဂိုလ်(၄)ဦး[ပြင်ဆင်ရန်]

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရဟန်းပညာရှိများသာမက လူပညာရှိ ပုဂ္ဂိုလ်များလည်း ထူးထူးခြားခြား ရရှိကြသည်။ ထိုလူပညာရှိ ပုဂ္ဂိုလ်များမှာ-

  1. မြန်မာ သက္ကရာဇ် ၁၂၇၆-ခုနှစ်တွင် ဆရာကြီး ဦးဖြေ
  2. မြန်မာ သက္ကရာဇ် ၁၂၇၉-ခုနှစ်တွင် ထရံကာ ဆရာကြီး ဦးအုန်းညွန့်
  3. မြန်မာ သက္ကရာဇ် ၁၂၈၇-ခုနှစ်တွင် ဆရာကြီး ဦးလင်း
  4. မြန်မာ သက္ကရာဇ် ၁၂၉၂-ခုနှစ်တွင် ဆရာကြီး လယ်တီ ဆရာမြို့ တို့ အသီးသီး ဘွဲ့တံဆိပ်များ ချီးမြှင့်ခံခဲ့ကြရသည်။ [၁]

လှူဒါန်းပူဇော် ထောက်ပံ့ချီးမြှောက်မှု[ပြင်ဆင်ရန်]

  • အင်္ဂလိပ်မင်းလက်ထက်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပုဂ္ဂိုလ်အား သက်ဆိုင်ရာအရေးပိုင် ကိုယ်တိုင်က -
  1. ရာဘာတံဆိပ်တုံး၊
  2. နီကယ်ရောင် ဆုံလည်တံဆိပ်တုံးကြီး (ကျွန်းသေတ္တာကလေးနှင့် ကျနစွာထည့်ထားသည်။)
  3. ၁-နှစ်လျှင် ဆွမ်းဆန်တော် အလှူငွေ ဒင်္ဂါး ၁၀ဝ-ကျပ်
  4. သရိုးကျည်တောက်တွင် (အိန္ဒိယနှင့်မြန်မာ မခွဲမီက ဘုရင်ခံချုပ်တံဆိပ်၊ ခွဲပြီးနောက်) ဘုရင်ခံတံဆိပ် ရိုက်နှိပ်ထားသော စက္ကူထူဘွဲ့လက်မှတ် ထည့်၍လှူသည်။
  • လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်သောအခါတွင် အဂ္ဂမဟာပဏ္ဍိတတံဆိပ်ရဆရာတော်တိုင်းအား သက်ဆိုင်ရာ တိုင်းမင်းကြီး ကိုယ်တိုင်က-
  1. ရာဘာတံဆိပ်တုံး၊
  2. နီကယ်ရောင် ဆုံလည်တံဆိပ်တုံးကြီး (ကျွန်းသေတ္တာဖြင့် ကျနသေချာစွာထည့်ထားသည်။)
  3. တစ်နှစ်လျှင်ဆွမ်းဆန်စရိတ် ၇၅ဝိ/- နှင့်
  4. သရိုးကျည်တောက်တွင် ထည့်ထား၍ သမ္မတ တံဆိပ်ခပ်နှိပ်ထားသော စက္ကူထူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်နှင့် မီးရထားနှင့် မီးသင်္ဘောတို့တွင် အထူးတန်း၌ စီးနင်းလိုက်ပါခွင့်လက်မှတ် (ကပ္ပိယတစ်ယောက် ရိုးရိုးတန်း၌ လိုက်ပါ စီးနင်းခွင့်ရသည်။)ကို လှူဒါန်းသည်။[၂]
  • နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လက်ထက်တွင် ဆွမ်းဆန်တော် အလှူငွေ ၅၀ဝ၀-ကျပ် တိုးမြှင့် လှူဒါန်းကြောင်း သိရသည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူလျှင် ဈာပနထောက်ပံ့ငွေ ၂၀ဝ၀-ကျပ် လှူဒါန်းခဲ့ရာ န-ဝ-တ လက်ထက်တွင် အလှူငွေ ၃၀ဝ၀-ကျပ် အထိ တိုးမြှင့် လှူဒါန်းခဲ့သည်။ အထက်ပါ လှူဒါန်းငွေများအပြင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ရရှိသော ဆရာတော်အား ကုန်းနှင့်ရေ ပထမတန်းမှ အခမဲ့ ခရီးသွားလာခွင့် လက်မှတ်ကိုလည်း ဆက်ကပ်ထားသည်။ နောက်ပါတပည့်တယောက်ကိုလည်း ကပ္ပိယကာရကအဖြစ် ခေါ်ဆောင်ခွင့်ပြုပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အဂ္ဂမဟာပဏ္ဍိတဆရာကြီး ဒေါက်တာဦးလင်း၊ မောင်ညိုထွန်း(မြန်မာစာ)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)