မာတိကာသို့ ခုန်သွားရန်

ဦးဖြေ

ဝီကီပီးဒီးယား မှ

ဦးဖြေသည် ပါဠိဘာသာပညာရှင်တစ်ဦးဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာ၊ ပါဠိစာပေ၊ ပုံနှိပ်လောက စသည်တို့ တိုးတက်အောင်ဆောင်ရွက်ခဲ့သောသူတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဆိုင်ရာ မှတ်တမ်းမှတ်ရာများ၌ လူပုဂ္ဂိုလ်များထဲတွင် ပထမဦးစွာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရရှိခဲ့သူဖြစ်သည်။[]

ယနေ့မြန်မာနိုင်ငံရှိ ရဟန်းသံဃာများ သင်ကြားပို့ချကြသည့် ပိဋကတ်တော်အားလုံးကို ကျောက်စာမူမှ ကူးယူပြီး စက်တင်ပုံနှိပ်ရာတွင် တစ်ဦးတည်း ကြီးကြပ် သုတ်သင်ပြင်ဆင်ပြီး စက်တင်ရိုက်နှိပ်ခဲ့သည့်သူလည်းဖြစ်သည်။

ဘဝအကျဉ်း

[ပြင်ဆင်ရန်]

ဆရာကြီးဦးဖြေကို သက္ကရာဇ် ၁၂၁၂-ခုနှစ်တွင် သရက်ခရိုင် သီးကုန်းရွာတွင် ဦးတလုပ်ဖြူနှင့် ဒေါ်ဆွဲမိတို့က ဖွားမြင်ပြီး[] အရွယ်ရောက်သော် ရှင်သာမဏေပြု၍ ဘွဲ့အမည်မှာ ရှင်ပညာရံသီ ဖြစ်သည်။ အုတ်တွင်းဆရာတော်ထံ ရှေးဦးပညာသင်ယူခဲ့ပြီး၊ မန္တလေးမြို့ မဏ္ဍလာရာမကျောင်းတိုက်၌ နေထိုင်ကာ ပရိယတ်စာပေလေ့လာခဲ့သည်။ သီပေါမင်း ပါတော်မမူမီတွင် လူဝတ်လဲကာ ရန်ကုန်မြို့သို့ဆင်း၍ အစိုးရဟိုက်စကူးကျောင်း၌ ပါဠိပါမောက္ခဂျိမ်းဂရေး၏ လက်အောက်၌ ပါဠိနည်းပြဆရာ လုပ်ကိုင်ခဲ့သည်။

ဆရာကြီးသည် ရန်ကုန်မြို့၌ ပိဋကတ်ပုံနှိပ်တိုက်များတွင် ၁၂၈၀-ပြည့်နှစ်အထိ ပါဠိစာပြင်ဆရာကြီးအဖြစ် တာဝန်ထမ်းခဲ့ပြီး စဉ့်အိုးတန်းလမ်းရှိ မိမိကိုယ်ပိုင်နေအိမ်တွင် ကိုယ်ပိုင်ပိဋကတ်ပုံနှိပ်တိုက်ကို တည်ထောင်ခဲ့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်က ဝတ်ရွတ်စဉ်၊ သတ်ပုံဥပဒေနှင့် ဝိနည်းငယ်လေးစောင်စသော အများအသုံးပြုနိုင်သည့် စာအုပ်ငယ်များကို ပုံနှိပ်ခဲ့သည်။[] ပါဠိစာပေနှင့် ပိဋကတ်ပုံနှိပ်လောကကို စွမ်းစွမ်းတမံ အကျိုးပြုခဲ့သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာကြီးဦးဖြေသည် ၁၂၉၂-ခုနှစ်၊ အသက်(၈၁)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဆောင်ရွက်မှုများနှင့် ဂုဏ်ပြုခံရမှုများ

[ပြင်ဆင်ရန်]

ထိုခေတ်က ထင်ရှားသော ပိဋကတ် ပုံနှိပ်တိုက်ကြီး (၆)တိုက်ရှိရာတွင် ဆရာကြီးဦးဖြေက ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်ကို ပိဋကတ်သုံးပုံပါဠိတော်၊ သုဓမ္မဝတီပိဋကတ်ပုံနှိပ်တိုက်ကို ပါဠိတော်နိဿယကျမ်းစာများ၊ ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်ကို အဋ္ဌကထာ, ဋီကာနှင့် ကျမ်းဂန်စာပေများ၊ လေးကျွန်းသီရိန်ပုံနှိပ်တိုက်ကို မူလဋီကာစသော ဋီကာနိသျများ၊ ကဝိမျက်မှန်ပုံနှိပ်တိုက်ကို စာသင်သားကိုင် ပါဠိကျမ်းစာများ၊ သာသနာ့ဇောတိကပုံနှိပ်တိုက်ကို ပရမတ္ထသရူပဘေဒနီ စသော ဂန္ထန္တရကျမ်းစာများ စသည်ဖြင့် ခွဲဝေပေး၍ ရိုက်နှိပ်စေခဲ့သည်။[]

အမေရိကန်ပြည်ထောင်စု ဟားဗဒ်တက္ကသိုလ်မှ ဗုဒ္ဓကျမ်းစာပညာရှင်ကြီး ဝါရင်း(Warren) ပြုစုခဲ့သော နာမည်ကျော် ဗုဒ္ဓပါဠိစာပေ ဘာသာပြန်ကျမ်းကြီး (Buddhism in Translations)တွင် ထည့်သွင်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပေမူကို ပြင်ဆင်ပြီး ပေးပို့ခဲ့ဖူးပြီး ။ ဆရာကြီးဦးဖြေ၏ ပါဠိစာပေထွန်းကားရေး စွမ်းဆောင်မှုများအကြောင်းကို အရှင်အာနန္ဒမေတ္တေယျ၏ ဗုဒ္ဓစ်ဇင်း(Buddhism) စာစောင်၊ (၁၉၀၈-ခု၊မတ်လထုတ်)တွင် ဆရာကြီးဦးဖြေ၏ အတ္ထုပ္ပတ္တိကို ဓာတ်ပုံနှင့်တကွ ဖော်ပြခြင်းခံရသည်။။

အင်္ဂလိပ်အစိုးရက မြန်မာ သက္ကရာဇ် ၁၂၇၆-ခုနှစ်တွင် လယ်တီဆရာတော်နှင့်အတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆပ် ဆပ်ကပ်ခဲ့သည်။

ထင်ရှားသောလက်ရာများ

[ပြင်ဆင်ရန်]

ဆရာဖြေ၏ ထင်ရှားသော လက်ရာအချို့မှာ:[]

  • အက္ခရဝိသောဓနီကျမ်း
  • ပိဋကတ်သုံးပုံအကျဉ်းချုပ်
  • မြန်မာရာဇဝင်အကျဉ်းချုပ်
  • ကမ္မဝါစာ
  • ဝတ်ရွတ်စဉ်
  • သတ်ပုံဥပဒေ
  • ပေါရာဏမူလကထာအဘိဓာန်

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ မြန်မာစွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၂၃-၃၂၄