သန်းစိန်၊ ဦး၊ သီရိပျံချီ

ဝီကီပီးဒီးယား မှ
သိန်းစိန် (နိုင်ငံတော်သမ္မတ) နှင့် မရောထွေးပါနှင့်။
ဦးသန်းစိန်
မွေးဖွား(၁၉၁၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၂)ဒီဇင်ဘာ ၂၂၊ ၁၉၁၁
ရန်ကုန်
ကွယ်လွန်ဩဂုတ် ၈၊ ၁၉၉၉(၁၉၉၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၈) (အသက် ၈၇)
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ
အလုပ်အကိုင်ပါလီမန်အတွင်းဝန်၊
လွှတ်တော်အမတ်
အိမ်ထောင်ဖက်(များ)ဒေါ်သိန်းနှစ် (၁၉၅၆ ကွယ်လွန်)
မိဘ(များ)ဦးဘမောင်
ဒေါ်မြ
ရရှိသည့်ဆုများလွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)

သီရိပျံချီဦးသန်းစိန်သည် ရန်ကုန်မြို့ ပုဇွန်တောင်ရပ်နေ အဖ ဦးဘမောင်နှင့် အမိ ဒေါ်မြတို့မှ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် (၁၂၇၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်) သောကြာနေ့တွင် မွေးဖွားသော တဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါးလုံး ကွယ်လွန်သွားကြသဖြင့် အဒေါ် ၃ ယောက်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့သည်။

အခြေခံပညာကို ရန်ကုန်မြို့ ဗိုလ်တထောင်ရပ်ရှိ ခရစ်ယာန်သာသနာပြု စိန့်ဗားနဘတ်(စ)ကျောင်းတွင် စတင်သင်ကြားခဲ့သည်။ ထိုကျောင်း၌ ၄ တန်း တက်နေစဉ် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပုဇွန်တောင်ရပ် ဆားလမ်း ဘုန်းတော်ကြီးတိုက်တွင် အမျိုးသားပညာရေးကောင်စီက စတင်ကြီးမှူး ဖွင့်လှစ်သော အမျိုးသား (နေရှင်နယ်) ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်။ ထိုမှတဖန် ရန်ကုန် မက်သဒစ်အထက်တန်းကျောင်း၌ အင်္ဂလိပ် မြန်မာ ၁၀ တန်းအထိ ပညာသင်ကြားနေစဉ်၊ အိန္ဒိယနိုင်ငံ အထောက်အကူတပ်၏ ရန်ကုန်တပ်ရင်း (The Rangoon Battalion, Auxiliary Force, India) တွင် အပျော်တမ်း ပါဝင်ခဲ့သည်။

ငယ်ရွယ်စဉ်အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓသာသနာတော်ရေးအတွက် မနားမနေ ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)နှင့် သီရိပျံချီ ဘွဲ့တံဆိပ်များဖြင့်လည်းကောင်း၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဗလအတုလျတေဇက ဆင်ဖြူရှင်ဘွဲ့တံဆိပ်တော်ဖြင့်လည်းကောင်း ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပေးအပ်ခဲ့သော နိုင်ငံ့ဂုဏ်ရည် ဘွဲ့ကိုမူ အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့သည်။

နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်[ပြင်ဆင်ရန်]

  • ၁၉၂၀ ခုနှစ် (အသက် ၉ နှစ်အရွယ်) တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ပထမကျောင်းသားသပိတ်တွင် အားပေး ပါဝင်ခဲ့သည်။
  • ၁၉၃၁ ခုနှစ် ဒိုင်အာခီ - ဟုမ္မရူး (ဝံသာနု) ခေတ်မှစ၍ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ရာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးအရေးတော်ပုံကြီးတလျှောက် တို့ဗမာအစည်းအရုံးဗမာ့ထွက်ရပ်ဂိုဏ်းပြည်သူ့အရေးတော်ပုံ ပါတီ (နောင် ဗမာပြည်ဆိုရှယ်လစ်ပါတီ)၊ ဖက်ဆစ်တော်လှန်ရေး၊ မြေပေါ် မြေအောက် လှုပ်ရှားမှုကြီးများတွင် ထက်မြက်စွန့်စား ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၄၆-၄၇ ခုနှစ်တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-ဥက္ကဋ္ဌ သခင်နု ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်ခရိုင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဗမာပြည်ဆိုရှယ်လစ်ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်ခရိုင် ပါတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၂ ခုနှစ် ပါတီရွေးကောက်ပွဲနှင့် ၁၉၅၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲများတွင် ဟံသာဝတီခရိုင် တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနများတွင် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခံရသည်။
  • ၁၉၅၈ ခုနှစ် သန့်ရှင်းဖဆပလ အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ၁၉၆၀ ခုနှစ် သိမ်ဖြူမဲဆန္ဒနယ် သန့်ရှင်းဖဆပလ (နောင် ပြည်ထောင်စုပါတီ) အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။
  • ၁၉၆၀ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ သိမ်ဖြူအရှေ့ပိုင်းမဲဆန္ဒနယ် (တာမွေမြို့နယ်နှင့် ရန်ကင်းမြို့နယ်) မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး၊ ပြည်သူ့လွှတ်တော် ဆော်ဩရေးမှူးချုပ်နှင့် သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၂-၆၃ ခုနှစ်များတွင် တကြိမ်၊ ၁၉၆၇ ခုနှစ်တွင် တကြိမ်၊ နှစ်ကြိမ်တိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံရသည်။
  • ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဦးနု ခေါင်းဆောင်သော စင်ပြိုင်အစိုးရ အဖွဲ့ဝင်အဖြစ် ပုဒ်မ ၁၀(ခ) ဖြင့် နေအိမ်၌ တားဆီးမိန့် (အကျယ်ချုပ်) ထုတ်ပြန်ခံရပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် တားဆီးခံရမှုမှ လွတ်မြောက်သည်။
  • တားဆီးခံရမှုမှ လွတ်မြောက်ချိန်မှစ၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဦးဆောင်သည့် ဝါရင့်နိုင်ငံရေး ပုဂ္ဂိုလ်ကြီး ၂၃ ဦးအစုတွင် တက်ကြွစွာ ပါဝင်လျက် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ကွယ်လွန်ချိန်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓသာသနာရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်[ပြင်ဆင်ရန်]

  • ၁၉၃၀ ခုနှစ် မေလ ၅ ရက် ငလျင်ကြောင့် ရွှေတိဂုံစေတီတော် ပိန္နဲတိုင် ကျိုးခဲ့ရာ ရန်ကုန်တမြို့လုံးရှိ ဘာသာရေး၊ သာသနာရေးအသင်းအဖွဲ့စုံ စုပေါင်း ဖွဲ့စည်းခဲ့သည့် ရွှေတိဂုံစေတီတော် စောင့်ရှောက်ရေးအဖွဲ့ကြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ၁၉ နှစ်သားအရွယ်တွင် ဆောင်ရွက်၍ စေတီတော်ကြီး ပိန္နဲတိုင်အပါအဝင် ဘက်စုံ မွမ်းမံ ပြုပြင် တည်ဆောက်မှုများ ပြုခဲ့သည်။
  • ၁၉၅၀ ခုနှစ်တွင် နောင်အခါ သီရိမင်္ဂလာကမ္ဘာအေးစေတီ တည်ထား ကိုးကွယ်ရာနှင့် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသနလှိုဏ်ဂူတော်ကြီး တည်ထားရာ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေကို ဝန်ကြီးချုပ်ဦးနု၏ တာဝန်ပေးချက်အရ နေရာရှာဖွေသည့်အဆင့်မှ စေတီတော် ပန္နက်ချခြင်းအလယ်၊ လှိုဏ်ဂူတော်ကြီး တည်ဆောက် ပြီးစီးသည့် အဆုံးတိုင် ကိုယ်ရောစိတ်ပါ မြှုပ်နှံပါဝင် ဆောင်ရွက်ခဲ့သည်။
  • သီရိမင်္ဂလာကမ္ဘာအေးစေတီ ဂေါပကအဖွဲ့တွင် ဆယ်စုနှစ်များစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၅ ခုနှစ်တွင် တရုတ်ပြည် ပီကင်းမြို့မှ ရန်ကုန်မြို့သို့ ဗုဒ္ဓဘာသာဝင်များ ဖူးမျှော် ကြည်ညိုနိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာ အံတော်ကို တာဝန်ယူ ပင့်ဆောင်ခဲ့သည်။
  • ၁၉၅၆ ခုနှစ် ဝန်ကြီးချုပ် ဦးနု ပဓာနဒါယကာအဖြစ် ကြီးမှူး ဆောင်ရွက်ခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးနှင့် သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ် အောင်ပွဲသဘင်ကြီးကို ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ အောင်ပွဲကျင်းပရေး ဗဟိုအဖွဲ့အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်အပ်နှင်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် သတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူး (၁) အဖြစ် အစီရင်ခံစာ အပြည့်အစုံ တင်ပြနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
  • ၁၉၈၀ ခုနှစ်တွင် ဥက္ကဋ္ဌကြီး ဦးနု ဦးဆောင်၍ ဩဂုတ်လ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့သော ပိဋကတ်ဘာသာပြန်အဖွဲ့တွင် အမှုဆောင်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။
  • လွတ်လပ်ရေးအကြိုကာလ ၁၉ နှစ်သားအရွယ်မှ ကွယ်လွန်ချိန်အထိ အကျိုးတော်ဆောင်၊ ဥက္ကဋ္ဌ၊ နာယက စသည့် ထိပ်တန်း တာဝန်ကြီးများ၌ ရွေးကောက် တင်မြှောက် တာဝန်ပေးအပ်ခံရသည့် ဘာသာရေးအဖွဲ့အစည်းများမှာ -
(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (အေဘီဘီအေ)
(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)
(ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း (ဘီဘီအမ်အေ)
(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။

နိုင်ငံခြားခရီးစဉ်များ[ပြင်ဆင်ရန်]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

လွတ်လပ်ရေးနေ့အခမ်းအနားမှတ်တမ်း (၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်)[ပြင်ဆင်ရန်]
ဆိုဗီယက်ပြည်ထောင်စုခရီးစဉ်မှတ်တမ်း (၁၉၆၀ နိုဝင်ဘာလ ၂၁ ရက်)[ပြင်ဆင်ရန်]
တရုတ်နိုင်ငံခရီးစဉ်မှတ်တမ်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]