ပြည်သူ့အရေးတော်ပုံ ပါတီ

ဝီကီပီးဒီးယား မှ

ဗမာပြည်ကွန်မြူနစ်ပါတီ လျှို့ဝှက်ပေါ်ပေါက်လာပြီးတဲ့နောက် မကြာမီ ဆက်လက်ပေါ်ထွက်လာခဲ့တဲ့ အဖွဲ့ အစည်း တခုကတော့ ပြည်သူ့အရေးတော်ပုံပါတီ (People's Rerolutionary Party) ဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဆင်နိုင်ဘို့ အဓိက ရည်ရွယ်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာပုံ နှင့် ခေါင်းဆောင်များ[ပြင်ဆင်ရန်]

ပြည်သူ့အရေးတော်ပုံပါတီ ဟာ တို့ဗမာအစည်းအရုံးကြီး ကနေ ဖြာထွက်လာခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး တို့ဗမာ အစည်းအရုံး ကြီးအတွင်းမှာပဲ လျှို့ဝှက်မြှုပ်နှံရင်း လက်နက်ကိုင်တော်လှန်နိုင်ရေးကို ဦးတည် ကြိုးပမ်း ပြင်ဆင်ခဲ့ပါတယ်။ အဓိက ခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ကြတာက သခင်မြ (အဲဒီအချိန်မှာ တို့ဗမာအစည်းအရုံးကြီးရဲ့ ဥက္ကဋ္ဌလဲဖြစ်)၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ၊ သခင်ချစ် (နောင်-ဗကပ အတွင်းရေးမှူး) ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ဖြစ်ပြီး သခင်သိန်းဖေလဲ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ မြေအောက်တော်လှန်ရေး အစုအစည်း တရပ်အဖြစ် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူ့အရေးတော်ပုံအဖွဲ့ကြီးအတွင်း ပါဝင်လှုပ်ရှားခဲ့ကြသူတွေဟာ အများအားဖြင့် လက်ဝဲဝါ ယုံကြည်သူနဲ့ လက်ဝဲနွယ်နိုင်ငံရေး အယူအဆရှိသူတွေ ဖြစ်ကြပါတယ်။

လျှို့ဝှက် အင်အားစု[ပြင်ဆင်ရန်]

ပါတီလို့ အမည် တပ်ထားပေမဲ့ ပါတီ တရပ်ဆိုတာထက် လွတ်လပ်ရေးရရေးဆိုတဲ့ အရေးတော်ပုံကြီးကို အဓိက ဦးတည် မျက်မှောက်ပြုပြီး အတူတကွ ပူးတွဲ အကောင်အထည် ဖော်ကြဘို့ ရည်ရွယ်စုစည်းထားတဲ့ လျှို့ဝှက်ကော်မတီ လျှို့ဝှက် အင်အားစု တခုသဘောမျိုး ပိုအသွင်ဆောင်ပါတယ်။ နိုင်ငံရေးပါတီစစ်စစ် တရပ် မဟုတ်တဲ့အတွက် ပါတီရဲ့ နိုင်ငံရေး လမ်းစဉ် ပေါ်လစီ မူဝါဒ မရှိသလို ခံယူဆုပ်ကိုင်ထားတဲ့ လမ်းညွှန်အဘိဓမ္မာ၊ လမ်းညွှန်သဘောတရားလဲ မရှိပါ။

လှုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

အဖွဲ့ရဲ့ပြည်တွင်းခေါင်းဆောင်အဖြစ် “သခင်မြ” က တာဝန်ယူပြီး ပြည်ပ ဆယ်သွယ်ရေး ခေါင်းဆောင် အဖြစ် “သခင်အောင်ဆန်း” က တာဝန်ယူခဲ့ပါတယ်။ UG လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သခင်ဗဟိန်းနဲ့သခင်ချစ်တို့က လက်တွေ့ ပိပိရိရိအကောင်အထည်ဖော် စီစဉ်လုပ်ကိုင်ခဲ့ကြပါတယ်။

ရဲဘော်သုံ:ကျိပ် နှင့် ပြည်သူ့အရေးတော်ပုံ[ပြင်ဆင်ရန်]

လက်နက်ကိုင်တော်လှန်ရေးအတွက် ဂျပန်နိုင်ငံကို ရဲဘော်သုံးကျိပ်ဝင်အများစု လျှို့ဝှက်ပို့လွှတ်နိုင်ရေး အတွက် အဓိက တာဝန်ယူဆောင်ရွက်ခဲ့တာ ပြည်သူ့အရေးတော်ပုံအဖွဲ့ကြီး ဖြစ်ပါတယ်။ ၁၉၄၂ လောက်ကစပြီး သခင်စိုးဟာ ဖက်ဆစ် ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွေကို မြေအောက်ခိုပြီး စိုက်လိုက်မတ်တတ်ပြင်ဆင်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဗမာပြည် ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး ပြင်ဆင်တာ ဖြစ်ပါတယ်။ သခင်ဗဟိန်းကလဲ ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး ကွန်မြူနစ် ခေါင်းဆောင် တယောက်အဖြစ် ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး အတွက် အစီအစဉ်ရှိရှိပြင်ဆင်ပါတယ်။ သခင်အောင်ဆန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြီး ပေါ်ပေါက်နေပြီဖြစ်တဲ့ ဗမာ့တပ်မတော် ရဲ့ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်တဲ့အတွက် ပြည်သူ့အရေးတော်ပုံ အစုဝင်များဟာ သခင်မြ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ရဲ့ ဦးစီးမှုအောက်မှာ ဆက်လက်တည်ရှိနေရင်း အင်အားစုတစ်စုသဖွယ်ဖြစ်နေပါတယ်။

လျှို့ဝှက်အင်အားစု မှ လျှို့ဝှက် ဖတပလ သို့[ပြင်ဆင်ရန်]

ဖက်ဆစ်တိုက်ဖျက်ရေးအတွက် နိုင်ငံရေးတပ်ပေါင်းစုကြီးတခု အောင်မြင်စွာဖွဲ့စည်းကြဘို့ အခြေအနေ အချက် အလက်တွေ ပြည့်စုံနေချိန်မှာ အဓိကနိုင်ငံရေးအင်အားစုကြီးဟာ (၃) စု ဖြစ်နေရှိနေခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာ့တပ်မတော် နဲ့ ပြည်သူ့ အရေးတော်ပုံ အင်အားစုတို့ဖြစ်ပါတယ်။ အဲဒီ (၃) စုလုံးဟာ ပင်မ တို့ဗမာအစည်းအရုံး ကြီးကနေ ဖြာဆင်း လာခဲ့တာတွေ ချည်း ဖြစ်ပါတယ်။

ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ပစ်ရေးအတွက် ၁၉၄၄ ခုနှစ်-ဩဂုတ်လအတွင်း “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်” ကြီးကို ပထမဆုံးလျှို့ဝှက်ဖွဲ့စည်းတဲ့အခါ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့ တပ်မတော် တို့နဲ့ အတူ ပြည်သူ့ အရေးတော်ပုံ ပါတီဟာ အင်အားစုတစုအဖြစ် ပါဝင်ခဲ့ပါတယ်။ ပထမဆုံး “ဖတပလ” ကြီးကို အဖွဲ့ အစည်း အင်အားစုကြီး (၃) ခုက ကိုယ်စားလှယ် (၃) ဦးစီနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ အရေးတော်ပုံ ပါတီဘက်က (၃) ဦးကတော့ သခင်ချစ် (နောင်- ဗကပ အတွင်းရေးမှူး)၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဖြစ်ပါတယ်။

ပါတီ မှ ပါတီ[ပြင်ဆင်ရန်]

ပြည်သူ့အရေးတော်ပုံပါတီဟာ ၁၉၄၅ ခုနှစ်-ဩဂုတ်လကုန်အထိပဲ သက်တမ်းရှည်ကြာခဲ့ပါတယ်။ ပြည်သူ့ အရေးတော်ပုံ အစုဝင်များဟာ “ဗမာပြည် ဆိုရှယ်လစ်ပါတီ” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

မှတ်စု[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်းနဲ့ ကွန်မြူနစ် ခေါင်းဆောင် သခင်ဗဟိန်း၊ သခင်စိုး တို့ ကိုယ်တိုင် ပြည်သူအရေးတော်ပုံပါတီရဲ့အရေးကြီးခေါင်းဆောင်တွေအဖြစ် အဓိက နေရာတွေက ပါဝင် နေကြတာကို ကြည့်ခြင်း အားဖြင့် သိသာထင်ရှားပါတယ်။
မြေအောက်လုပ်ငန်းဖြစ်တဲ့အတွက် UnderGround လို့ခေါ်ရာက အတိုကောက် (UG) ဆိုတဲ့အသုံးအနှုန်း အဲဒီအချိန်ကနေ စတင်ကျယ်ပြန့်ခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။