သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊

ဝီကီပီးဒီးယား မှ
(ဘွဲ့ မှ ပြန်ညွှန်းထားသည်)
သင်္ဂဟ၊ ဘွဲ့၊ တံဆိပ် များ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။ ဥပမာ- ဗိုလ်ကြီးသူရအောင်သိုက်၊ သူရဦးစိန်လှ၊ သီရိပျံချီ ဦးတင်သိန်း၊ ဝဏ္ဏကျော်ထင် ဒေါ်နုရင်၊ အလင်္ကာကျော်စွာ မမြလေး။[၁]

သင်္ဂဟ[ပြင်ဆင်ရန်]

သင်္ဂဟအဖွဲ့တွင် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟဟူ၍ ၂ ဖွဲ့ထားရှိပေသည်။ သင်္ဂဟအဖွဲ့ ၂ ဖွဲ့စလုံးအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက်နှင့် နယ်ဘက်ဆိုင်ရာ အရာရှိများအတွက်ဟူ၍ ၂ မျိုးစီ ခွဲခြားထားသည်။ ယင်းသို့ ၂ မျိုးခွဲခြားထားသော်လည်း၊ အဆင့်အတန်းမှာ ခြားနားခြင်းမရှိပေ။ သုဓမ္မသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသီရိသုဓမ္မ၊ ဒုတိယတန်းကို သတိုးသီရိသုဓမ္မ၊ တတိယတန်းကို မဟာသီရိသုဓမ္မဟူ၍ အဆင့်အတန်း ၃ မျိုးခွဲခြားထားသည်။ ပြည်ထောင်စုစည်သူသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူဟူ၍ အဆင့်အတန်း ၅ မျိုးခွဲခြားထားသည်။

မဟာသရေစည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟတွင် ဖော်ပြခဲ့သည့် အဆင့်အတန်း ၅ မျိုးအပြင်၊ စည်သူတံဆိပ်ဟူ၍လည်း တံဆိပ်ရှိသည်။ နိုင်ငံတော်သမ္မတသည် သင်္ဂဟအဖွဲ့နှစ်ခု၏ နာယကဖြစ်သည်။

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ပြည်ထောင်စုနိုင်ငံ အကျိုးအတွက် အသက်စွန့်ကြိုးပမ်း အမှုတော်ထမ်းရွက်ကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားအဖြစ် ခံယူပြီးသူတိုင်း ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိနိုင်သည့် အခွင့်အရေးရှိသည်။

ဘွဲ့များ[ပြင်ဆင်ရန်]

ဘွဲ့များတွင် သီရိပျံချီဝဏ္ဏကျော်ထင်အလင်္ကာကျော်စွာသိပ္ပံကျော်စွာဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
ဤဘွဲ့များမှာ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ နယ်ဘက်ဆိုင်ရာ အရာရှိများ၊ အစိုးရအရာရှိ အမှုထမ်းမဟုတ်သူများကို ချီးမြှင့်သောဘွဲ့များဖြစ်သည်။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ချီးမြှင့်ခြင်းခံနိုင်ခွင့်ရှိသည်။
  • သီရိပျံချီဘွဲ့တံဆိပ်
    ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။
အောင်ဆန်းသူရိယဘွဲ့

တံဆိပ်များ[ပြင်ဆင်ရန်]

သူရသတ္တိတံဆိပ်များ[ပြင်ဆင်ရန်]

စစ်ဘက်ဆိုင်ရာတံဆိပ်များကား ပထမအဆင့်အတန်းတွင် အောင်ဆန်းသူရိယ၊ ဒုတိယအဆင့်အတန်းတွင် သီဟသူရ၊ တတိယအဆင့်အတန်းတွင် သူရ တံဆိပ်များဟူ၍ အဆင့်အတန်း ၃ မျိုးရှိသည်။ ဤမည်သော တံဆိပ်များကို ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် သူရသတ္တိနှင့်တကွ မိမိတို့ ထမ်းဆောင်ရသည့် အလုပ်တာဝန် ဝတ္တရားများကို ခိုင်မြဲသောစိတ်နှင့် ဆောင်ရွက်မှုများအတွက် တပ်မတော်အရာရှိ အမှုထမ်း တပ်သားများအား ချီးမြှင့်သည်။ တပ်မတော်များနှင့် အတူတကွ အမှုတော်ထမ်းရွက်သော နယ်ဘက်ဆိုင်ရာ အစိုးရအရာရှိ၊ အမှုထမ်း သို့မဟုတ် တပ်မတော်များအား ကူညီဆောင်ရွက်သော နယ်ဘက်ဆိုင်ရာ အရာရှိ အမှုထမ်းများအား အထက်ပါ တံဆိပ်များ ချီးမြှင့်နိုင်သည်။ ထို့ပြင် ရန်သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသိအမှတ်ပြုထိုက်အောင် သူရသတ္တိနှင့် မိမိတို့အတွက် ကျရောက်သော တာဝန်ဝတ္တရားများကို ခိုင်မြဲသော စိတ်နှင့် ဆောင်ရွက်သော တပ်မတော် အရာရှိ၊ အမှုထမ်းများအား သူရဲကောင်းမှတ်တမ်းဝင် ဟူ၍ အစိုးရအမိန့်ပြန်တမ်းတွင် ကြေညာနိုင်ခွင့်ရှိသည်။

မိမိတို့အသက်ဘေးအန္တရာယ် ဆုံးရှုံးလောက်နီးထိအောင် လွန်ကဲထူးချွန်သော သူရသတ္တိနှင့် ဆောင်ရွက်သော တပ်မတော်အရာရှိ၊ အမှုထမ်း တပ်သားများအား အဆင့်အတန်း ၂ မျိုး ၂ စား ခွဲခြားချီးမြှင့်ပေရာ ပထမအဆင့်အတန်းမှာ အောင်ဆန်းတံဆိပ် ဖြစ်၍ ဒုတိယအဆင့်အတန်းမှာ သီဟဗလတံဆိပ်တို့ဖြစ်သည်။ ဤတံဆိပ်များကို လက်နက်ကိုင် တပ်မတော်အရာရှိ၊ အမှုထမ်း တပ်သားများအား မဟုတ်၊ နယ်ဘက်ဆိုင်ရာ အရာရှိ အမှုထမ်းများအားလည်း ချီးမြှင့်နိုင်ခွင့်ရှိသည်။

စစ်မှုထမ်းတံဆိပ်များ[ပြင်ဆင်ရန်]

တံဆိပ်များအပြင်၊ စစ်ဖြစ်နေသော ကာလတွင်း ရန်သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် မဟုတ်သော်လည်း၊ အသိအမှတ် ပြုထိုက်အောင် သူရသတ္တိနှင့် မိမိတို့အတွက် ကျရောက်သော တာဝန်ဝတ္တရားများကို ခိုင်မြဲသောစိတ်နှင့် ဆောင်ရွက်သော တပ်မတော်အရာရှိ၊ အမှုထမ်းများအား စစ်အမှုထမ်းကောင်း မှတ်တမ်းဝင်ဟု အစိုးရ အမိန့်ပြန်တမ်းတွင် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ပထမတန်း၊ စစ်မှုထမ်းကောင်းတံဆိပ် ဒုတိယတန်း၊ စစ်မှုထမ်းကောင်းတံဆိပ် တတိယတန်းဟူ၍ ရာထူးဆင့်အတန်းအလိုက် ချီးမြှင့်သည်။

ပထမတန်းတံဆိပ်ကို ဒုတိယ ဗိုလ်မှူးကြီးများနှင့် ယင်းအထက်မြင့်သော ရာထူးအရာရှိကြီးများအား ချီးမြှင့်သည်။ ဒုတိယတန်းတံဆိပ်ကို အထက်ဖော်ပြပါ ဗိုလ်တန်းအရာရှိများ မဟုတ်သည့် အခြားပြန်တမ်းဝင်အရာရှိများ အားချီးမြှင့်သည်။ တတိယတန်းတံဆိပ်ကို ဗိုပြန်တမ်းဝင်အရာရှိ မဟုတ်သော အခြားတပ်မတော်သားများအား ချီးမြှင့်သည်။ စစ်မှုထမ်းကောင်းတံဆိပ် တတိယတန်းဖြင့် ချီးမြှင့်ခြင်းခံရသော တပ်မတော်သားများအတွက် အမှုတော်ထမ်းရွက်ခြင်းမှ အငြိမ်းစားယူခွင့်ရသောအခါ အမတော်ငွေများဖြင့်လည်း ချီးမြှင့်သည်။

မြန်မာနိုင်ငံတွင် ဖက်ဆစ်ရန်သူတို့အား နှင်ထုတ်ပြီးနောက်နှင့် တိုင်းတစ်ပါး နယ်ချဲ့သမားတို့အုပ်ချုပ်ခြင်းမှ လုံးဝလွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ငြိမ်ဝပ်ပိပြားရေးအတွက် တိုက်ခိုက်သော စစ်ပွဲများတွင် ကျေနပ်အောင် ထူးကဲကောင်းမွန်စွာ ပါဝင်တိုက်ခိုက်ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်များမှ တပ်ဗိုလ်တပ်သားတို့အား ချီးမြှင့်ရန် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်ကို ပြဋ္ဌာန်းသည်။ ဤတံဆိပ်ကို တပ်မတော်များမှ တပ်ဗိုလ်၊ တပ်သားများအပြင်၊ မြို့ပြဘက်ဆိုင်ရာ လက်နက်ကိုင် တပ်ဗိုလ်တပ်သားများကိုလည်း ချီးမြှင့်နိုင်ကြောင်း အထူးအမိန့်ပြန်တမ်းထုတ်၍ ကြေညာနိုင်သည်။

ပြည်ထောင်စုတံဆိပ်များ[ပြင်ဆင်ရန်]

ပြည်ထောင်စုတံဆိပ်များတွင် ပြည်ထောင်စုရွှေတံဆိပ်နှင့် ပြည်ထောင်စုငွေတံဆိပ်ဟူ၍ ၂ မျိုးရှိကာ၊ ယင်းတံဆိပ်များကို ရဲဌာန၊ စစ်ရဲဌာန၊ မီးသတ်ဌာန အရာရှိအမှုထမ်းများအား ချီးမြှင့်သည်။ ရဲအမှုထမ်းကောင်းတံဆိပ်များအတွက် ရဲအမှုထမ်းကောင်းတံဆိပ် ပထမတန်းနှင့် ရဲအမှုထမ်းကောင်းတံဆိပ် ဒုတိယတန်းဟူ၍ တံဆိပ် ၂ မျိုး ပြဋ္ဌာန်း၏။ ရဲဌာန၊ စစ်ရဲဌာနနှင့် မီးသတ်ဌာနများတွင် နှစ်ပေါင်းကြာရှည်စွာ အစိုးရ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေလျက် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သူများအား ဤတံဆိပ်များကို ချီးမြှင့်သည်။

အခြား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ အနေဖြင့် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များဟူ၍ (၂)မျိုးခွဲခြားထားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စွမ်းရည်သတ္တိဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲသူရိန်တံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၊ မီးသတ်ဦးစီးဌာနမှ ရဲဗလတံဆိပ်၊ ရဲကျော်စွာတံဆိပ်တို့အား ပြဋ္ဌာန်းချက်နှင့်အညီ စိစစ် ချီးမြှင့်သည်။

ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ ၂ဝဝ၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ပါ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်အတွက် အရည်အချင်းသတ်မှတ်ချက်များဖြစ်သည့် အမှုထမ်းသက် အနည်းဆုံး (၂၆)နှစ်ရှိခြင်း၊ အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်းသူဖြစ် ခြင်းနှင့် ပြဋ္ဌာန်းခွင့်ပြုထားသည့် အမှတ်ပေးစနစ်အရ စုစုပေါင်း အနည်းဆုံးအမှတ်(၃၀) ရရှိလျက် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သူများအား ဤတံဆိပ်များကို ချီးမြှင့်သည်။[၂][၃]

ချီးမြှင့်ခြင်း[ပြင်ဆင်ရန်]

ဂုဏ်ထူး၊ ဘွဲ့၊ ဆု၊ တံဆိပ်တစ်ခုခုဖြင့် ချီးမြှင့်ခံရသောသူ တစ်ဦးတစ်ယောက်မှာ ဤကဲ့သို့ချီးမြှင့်ခြင်းခံရပြီးနောက် သစ္စာဖောက်မှုဖြင့်သော်လည်းကောင်း၊ အစိုးရအဖွဲ့အား တော်လှန်ပုန်ကန်မှုဖြင့်သော်လည်းကောင်း၊ စစ်တပ်ဝင်ဖြစ်လျက် သစ္စာဖောက်တော်လှန် ပုန်ကန်မှုဖြင့်လည်းကောင်း၊ အလုပ်တာဝန် ဝတ္တရားကို ဆောင်ရွက်ရာတွင် ကြောက်ရွံ့ခြင်း၊ သတ္တိကင်းမဲ့ခြင်း၊ စစ်တပ်မှ ထွက်ပြေးခြင်း၊ ဂုဏ်အသရေကင်းမဲ့သော အပြုအမူကို ပြုခြင်းတို့အတွက်သော်လည်းကောင်း ပြစ်မှုထင်ရှား အပြစ်ဒဏ်ထားခြင်း ခံရလျှင်၊ မိမိရရှိပြီးသော ဂုဏ်ထူး၊ ဘွဲ့၊ ဆု၊ တံဆိပ်ကို ပြန်လည်သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။ ပြန်လည်သိမ်းဆည်းထားသော ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတက မိမိသဘောလျောက် ရရှိသူအား ပြန်လည်ပေးအပ်နိုင်ခွင့်ရှိသည်။

အဆောင်အယောင်များကား သုဓမ္မသင်္ဂဟအဖွဲ့တွင် မဂ္ဂမဟာသီရသုဓမ္မအတွက် စလွယ်၊ ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးသီရိသုဓမ္မအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသီရိသုဓမ္မအတွက်တံဆိပ်ကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ပြည်ထောင်စုစည်သူသင်္ဂဟအဖွဲ့တွင် အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။

အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။ [၄]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2020 တွင် ပြန်စစ်ပြီး။
  2. https://www.mlis.gov.mm/mLsView.do;jsessionid=CB95CD4DA7BE565FD0F99C26E2416280?lawordSn=11368
  3. https://www.moi.gov.mm/?q=news/30/09/2019/id-29852
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)