အီတလီနိုင်ငံ

ဝီကီပီးဒီးယား မှ
(အီတလီ မှ ပြန်ညွှန်းထားသည်)
အီတလီ သမ္မတ နိုင်ငံ
အီတလီ
အီတလီနိုင်ငံ၏ အလံတော်
အလံတော်
အီတလီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Il Canto degli Italiani
အီတလီနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ရောမမြို့
ရုံးသုံး ဘာသာစကားများအီတလီဘာသာ
အမျိုးအစားသမ္မတ ဦးစီးသော ပါလီမန် စနစ်
အစိုးရ
• သမ္မတ
မာတာရယ်လာ ဆာရ်ဂျိုရ်
• ဝန်ကြီးချုပ်
မယ်လိုနီ ဂျော်ရ်ဂျာ
တည်ထောင်
• ပေါင်းစည်းခြင်း
မတ်လ ၁၇ ရက်၊ ၁၈၆၁
• သမ္မတနိုင်ငံ ထူထောင်ခြင်း
ဇွန်လ ၂ရက် ၁၉၄၆
ဧရိယာ
• စုစုပေါင်း
၃၀၁,၃၃၈ စတုရန်း ကီလိုမီတာ (၁၁၆,၃၄၆ စတုရန်းမိုင်) (အဆင့်: ၇၁)
• ရေထု (%)
၂.၄
လူဦးရေ
• ခန့်မှန်း
၆၀,၄၁၈,၇၁၁ (အဆင့် - ၂၃)
• သိပ်သည်းမှု
၂၀၀.၅/km² (၅၁၉.၃/sq mi) (အဆင့် - ၅၄)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁.၇၄၀ ထရီလီယံ
• Per capita
US $၂၉,၁၀၉
HDI၀.၈၅၄
အလွန်မြင့် · ၂၃
ငွေကြေးယူရို (€)
အချိန်ဇုန်+၁
တယ်လီဖုန်းကုဒ်+၃၉
Internet TLD.it


အီတလီနိုင်ငံ (ရုံးသုံး ဘာသာစကားအားဖြင့် အီတလီသမ္မတနိုင်ငံ )သည် ဥရောပတောင်ဘက် အလယ်ပိုင်းတွင် တည်ရှိသောနိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် ပြင်သစ်နိုင်ငံဆွစ်ဇာလန်နိုင်ငံဩစတြီးယားနိုင်ငံ နှင့် ဆလိုဗေးနီးယားနိုင်ငံတို့သည့် အယ်လ်ပ် တောင်တန်း တလျှောက်တွင် တည်ရှိကြသည်။ တောင်ဘက်တွင်မူ အီတလီကျွန်းဆွယ်နှင့် မြေထဲပင်လယ်တွင် အကြီးဆုံး ကျွန်းနှစ်ကျွန်းဖြစ်သော စစ္စလီကျွန်းနှင့် ဆာဒီးနီးယားကျွန်းတို့နှင့် အခြားသော ကျွန်းငယ်ပေါင်းမြောက်မြားစွာတို့ ရှိကြသည်။ တသီးတခြား လွတ်လပ်သောနိုင်ငံများ ဖြစ်ကြသော ဆန်မာရီနိုနိုင်ငံနှင့် ဗာတီကန်စီးတီး တို့သည် အီတလီနိုင်ငံကုန်းမြေအတွင်းတွင် တည်ရှိကြသည်။ Campione d'Italia မှာမူ အီတလီနိုင်ငံပိုင် ဖြစ်သော်လည်း ဆွစ်ဇာလန်နိုင်ငံ အတွင်းဘက်တွင် တည်ရှိသည်။ ၂၀၂၀ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၆၀.၄ သန်း ရှိသဖြင့် ဥရောပတွင် ဆဋ္ဌမမြောက် လူဦးရေအများဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် ၂၃ နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သည်။

အီတလီနိုင်ငံသည် ဥရောပတိုက်၏ တောင်ဘက်တွင် မြေထဲပင်လယ်ထဲသို့ ထိုးထွက်နေသော ကျွန်းဆွယ်ကြီးတစ်ခုဖြစ်၍ ပုံသဏ္ဌာန်အားဖြင့် မြင်းစီးဖိနပ်နှင့် တူလေသည်။ မြောက်ဘက်မှ တောင်ဘက်အငူစွန်းအထိ မိုင်ပေါင်း ၇၅ဝ ခန့် ရှည်လျား၍၊ ပျမ်းမျှမိုင် ၁ဝဝ မှ ၁၂ဝ ခန့်ကျယ်သည်။ အီတလီနိုင်ငံ၏ အကျယ်အဝန်းမှာ ဆာဒင်းနီးယားကျွန်း၊ စစ္စလီကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းကလေးများ အပါအဝင် ၁၁၆,၃၅၀ စတုရန်းမိုင်ရှိသည်။

အီတလီနိုင်ငံ၏မြောက်ဘက်တွင် ဆွစ်ဇာလန်နှင့် ဩစတြီးယားနိုင်ငံတို့ ရှိကြ၍ အရှေ့ဘက်တွင် ယူဂိုစလားဗီးယားနိုင်ငံနှင့် အေဒြီယက်တစ်ပင်လယ်၊ အနောက်ဘက်တွင် တိုင်ရေနီးယန်းပင်လယ်နှင့် တောင်ဘက်တွင် စစ္စလီကျွန်းနှင့် မြေထဲပင်လယ်တို့ ရှိကြသည်။ အီတလီတစ်နိုင်ငံလုံးသည် တောတောင် ထူထပ်သည်။ အက်ပင်းနိုင်းတောင်တန်းသည် တောင်ဘက်အစွန်းတိုင်အောင် ကျောရိုးသဖွယ် ရှည်လျားစွာ တည်ရှိသည်။ ယင်းတောင်တန်းသည် မြောက်ပိုင်းတွင် အတော်နိမ့်ပြီးလျှင် အဲ့လ်ပ်တောင်တန်းနှင့်ဆက်ကာ တည်ရှိ၏။ အဲ့လ်ပ်တောင်တန်းသည် အီတလီနိုင်ငံ၏ မြောက်ဘက်နယ်ခြားဖြစ်ရာ ဗြိတိသျှကျွန်းစုကဲ့သို့ပင် ဥရောပတိုက်မကြီးနှင့် အဆက်အသွယ်မရှိပဲ တည်ရှိနေသည်ဟု ဆိုနိုင်ပေသည်။ အဲ့လ်ပ်တောင်တန်း တောင်ဘက်တွင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေအထိ ကျယ်ပြန့်သောပိုးချိုင့်ဝှမ်း တည်ရှိ၏။ မြေဩဇာလည်း ကောင်းမွန်သည့်ပြင် ယင်းချိုင့်ဝှမ်းကို လောင်းဗတ်လွင်ပြင်ဟူ၍ခေါ်သည်။ တစ်နိုင်ငံလုံးတွင် အတိုးတက် အစည်ကားဆုံးသောအပိုင်း ဖြစ်သည်။ ပိုးမြစ်သည် အီတလီနိုင်ငံတွင် အရှည်လျားဆုံးမြစ် ဖြစ်၏။ ဒုတိယအရှည်ဆုံးမြစ်မှာ အက်ဒစ်မြစ်ဖြစ်သည်။

အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။ ထင်ရှားသောအိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့် ဂါဒါအိုင်များ ပါဝင်သည်။ ထို့ပြင် မီးသေတောင်များတွင် ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။ အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များမှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏ တဖက်တချက်ရှိ ဆင်ခြေလျှောများတွင် မြေဩဇာကောင်း၍ မိုးကောင်းစွာ ရွာသွန်းသဖြင့် စိုက်ပျိုးလုပ်ကိုင် အောင်မြင်သည်။ တောင်တန်း၏အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ နေပယ်ပင်လယ် ကွေ့သည် ကမ္ဘာပေါ်တွင် အသာယာဆုံးသောအရပ် ဖြစ်လေသည်။ ဤဒေသတွင် အရေးပါဆုံးသော မြစ်ကြီးနှစ်သွယ်မှာ အာနိုနှင့် တိုင်ဗာမြစ်တို့ ဖြစ်၏။

အာနိုမြစ်ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်ရောမမြို့ တည်ရှိလေသည်။

တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင်များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့ အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာတောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့် စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံ တောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့ တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏ အနောက်ဘက်တွင် ကမ်ပါနီယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင် ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာမြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့ ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့် ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။

အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ စစ္စလီကျွန်းပေါ်တွက်မူ အက်တနမီးတောင်ကြီးရှိ၏။

ထိုတောင်နှစ်ခုစလုံးမှာ ယနေ့ထက်တိုင် မီးခိုးတလူလူနှင့် ရှိနေသေးသည်ကို အဝေးကပင် တွေ့မြင်နိုင်လေသည်။ အီတလီနိုင်ငံ၏ရာသီဥတုမှာ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်၍ နွေအခါတွင် ပူပြင်းခြောက်သွေ့ကာ ဆောင်းအခါတွင် မိုးရွာသွန်းလေသည်။ တစ်နိုင်ငံလုံးတွင် မိုးအနှံ့အပြား ရွာသွန်းသော်လည်း ဆောင်းတွင်း၌သာ ရွာသွန်းသဖြင့် စိုက်ပျိုးရေးအတွက် အသုံးမဝင်လှချေ။ ပိုးမြစ်ဝှမ်းတွင် လွန်ကဲသော ရာသီဥတုမျိုးရှိ၏။ တစ်နိုင်ငံလုံးတွင် နေရောင်လိုသည်ထက်ပို၍ ရလေသည်။ ထိုကြောင့်လည်း နေသာရွှေပြည် အီတလီ ဟု တချို့က ခေါ်ဝေါ်ကြသည်။ အီတလီနိုင်ငံသည် အခြား တောင်ထူထပ်သောနိုင်ငံများကဲ့သို့ တွင်းထွက်ရတနာများဖြင့် မကြွယ်ဝလှချေ။ ကျောက်မီးသွေးမှအစ အခြားသတ္တုရိုင်းများ ချို့တဲ့မှုကြောင့် စက်မှုလက်မှုမထွန်းကားပဲ လက်လုပ်ပစ္စည်းများ ထုတ်လုပ်ရာ၌သာ ထင်ရှားခဲ့လေသည်။ အီတလီနိုင်ငံတွင် ၁၈၆၆ ခုနှစ် မတိုင်မီ အချိန်က သီးခြား ပြည်နယ်ပေါင်း ၁၈ နယ်ခန့် ရှိ၍၊ တနယ်တမင်း အုပ်စိုးခဲ့ကြလေသည်။ ထိုပြည်နယ်များမှာ ပီးဒမွန့်၊ လီဂူရီးယား၊ လောင်ဗာဒီ၊ ဗီနီးရှား၊ ဗီးနီးရှား ထရိုင်ဒင်းရှား၊ ဗီနီရှားဂျူလီယားနှင့် ဇာရာ၊ အယ်မီးလီးယား၊ အဗရပ်ဇီနှင့် မိုလီစီ၊ တပ်စကန်နီ၊ မားချက်၊ အမ်ဗရီးယာ၊ လေဇီယို၊ ကမ်ပါနီယာ၊ အပျူလီယာ၊ လူကာနီယာ၊ ကာလာဗရီယာ၊ စစ္စလီနှင့် ဆာဒင်းနီးယား တို့ ဖြစ်ကြ၏။ ထိုပြည်နယ် ၁၈ နယ်တွင် ပီးဒမွန့်၊ လီဂူးရီးယား၊ ဗီနီးရှား၊ အယ်မီးလီးယားနှင့် တပ်စကန်နီနယ်တို့ကို မြောက်ပိုင်းအီတလီဟုခေါ်၍၊ အမ်ဗရီးယား၊ မားချက်၊ အဗရပ်ဇီနှင့် မိုလီစီနယ်တို့ကို အလယ်ပိုင်းဟု ခေါ်ကြ၏။ ကျန်ပြည်နယ်များကို တောင်ပိုင်းဟုခေါ်လေသည်။ မြောက်ပိုင်းမှာ စက်မှုလက်မှုလုပ်ငန်းများ အသင့်အတင့်ထွန်းကားခဲ့၍ မော်တော်ကား၊ လေယာဉ်ပျံမှအစ သံမဏိပစ္စည်းများ ထုတ်လုပ်နိုင်သော်လည်း၊ များသောအားဖြင့် စက်ရုံများမှာ တောင်ကျရေတံခွန်များမှ ရေအားဖြင့် လည်ကြ ရလေသည်။ စက်မှုပစ္စည်းများမှတပါး လက်ရက်ပိုးထည်၊ အဆောက်အအုံများတွင် အသုံးပြုသည့် ကျောက်ဖြူများ၊ လက်ရက်မြက် ဦးထုပ်များ ထုတ်လုပ်သည်။ အလယ်ပိုင်းရှိ လွင်ပြင်နှင့်နေပယ် နှင့်တပ်စကန်နီတို့ အနီးအနားရှိ ဒေသများတွင် မြေဩဇာကောင်းမွန်၍၊ ပိုးမြစ်ဝှမ်းမှ ရေကောင်းစွာရသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်အောင်မြင်သည်။ ဂျုံမှာ အဓိကကောက်ပဲသီးနှံဖြစ်၍ ပြောင်းမှာ ဂျုံမစိုက်နိုင်သည့်နေရာတွင် စိုက်ပျိုးသော အသီးအနှံဖြစ်သည်။ စပါးကို လောင်ဗာဒီ၊ ပီးဒမွှန့်နှင့် အခြားနယ်များတွင် စိုက်ပျိုး၏။ အီတလီတစ်နိုင်ငံလုံးတွင် စပျစ်နွယ်ပင်များကို စိုက်ပျိုးလေသည်။ သံလွင်သီးနှင့် သစ်အယ်သီးများမှာ အီတလီနိုင်ငံတွင် အများဆုံး အစားအစာများ ဖြစ်ကြသည်။ အီတလီနိုင်ငံ တောင်ပိုင်းထွက် ထင်ရှားသော သစ်သီးများမှာ လိမ်မော်၊ ရှောက်၊ သဖန်း၊ ဗာဒမ်တို့ ဖြစ်၏။ ပိုက်ဆံလျှော်၊ ဘီသွာလျှော်၊ ဝါဂွမ်းတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်လေသည်။ စားကျက်ကောင်းများ ပေါများရာ လောင်ဗာဒီနှင့် အယ်မီးလီးယားနယ်များတွင် ကျွဲနွားတိရစ္ဆာန်များကို မွေးမြူ၍ ဒိန်ခဲ လုပ်ငန်းများလည်းဖြစ်ထွန်း၏။ တောင်ထူထပ်သော ခရိုင်များတွင် သိုးများကို မွေးမြူ၍၊ ဆိတ်များကို အီတလီအလယ်ပိုင်းနှင့် တောင်ပိုင်း စစ္စလီကျွန်းတို့တွင် မွေးမြူကြလေသည်။ ထွက်ကုန်ဝင်ကုန်များ လဲလှယ်ရာဖြစ်သော အချက်အချာ ဆိပ်ကမ်းမြို့ကြီးနှစ်မြို့မှာ၊ အေဒြီယက်တစ် ပင်လယ်ကွေ့ရှိ ဗင်းနစ်မြို့နှင့် ဂျီနိုးအာပင်လယ်ကွေ့ရှိ ဂျီနိုးအာမြို့ကြီးများ ဖြစ်ကြလေသည်။ ရှေးခေတ်မှစ၍ ဗင်းနစ်နှင့် ဂျီနိုးအာမြို့သားများသည် နိုင်ငံခြားနှင့် ဆက်သွယ်ရောင်းဝယ်ဖောက်ကားနေကြသောကုန်သည်ကြီးများ ဖြစ်ကြသည်။ အခြား ဆိပ်ကမ်းမြို့ များမှာ စပိဇီးယား၊ လက်ဂဟွန်းရက်ဂျီယို၊ ပါလာမို၊ ဗြန်ဒိစီ စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသော မြို့ကြီးများမှာ မြို့တော်ရောမ၊ မီလန်၊ နေပယ်၊ တျူရင်၊ ဖလောရင့်၊ ဗိုလိုနှာ စသည်တို့ဖြစ်ကြသည်။

ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်တိုင်အောင် စာသင်ကျောင်းများတွင် မသင်မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက်နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများတွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန်ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်းတွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြားရပြီးလျှင်၊ ကိုးနှစ်မှ ဆယ့်နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂ နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက်တန်းလွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်းကျောင်းများတွင် စာကြီးပေကြီး သက်သက်ကို ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ် သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထို့ပြင် စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင် အနုပညာနှင့် ဂီတပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းများလည်း ရှိ၏။

၁၉၄၆ ခုနှစ် ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။ ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ရာ၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင် အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။ ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာနိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာကိုယ်ပိုင် လွပ်လပ်မှုအခွင့်အရေးများကိုလည်း ပေးထားသည်။ ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံလုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည် တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။ အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူများမှာ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသူများ ဖြစ်ကြ၏။ စက်မှုလက်မှုလုပ်ငန်းမှာ မရှိသလောက်ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။ အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများဟု ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ် ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကိုလည်းကောင်း တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်းသားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့် လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း လူဦးရေ တိုးတက်လာ၍၊ ပိုးမြစ်ဝှမ်းမှတပါး အခြားနေရာများတွင် နေထိုင်မှုအဆင့်အတန်းမှာ နိမ့်ကျလှသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားရာ မြောက်ပိုင်းရှိ မြို့များတွင်ကား နေထိုင်မှုအဆင့်အတန်းသည် အတော်မြင့်တက်လာပြီ ဖြစ်သည်။

အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌ ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကားစဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့၏။ အီတလီယဉ်ကျေးမှုသည် ဥရောပတိုက် တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့ ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပတိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင် နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။ သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ်လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။ ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ ဣတလျံလူမျိုးဟု ဖြစ်လာသောလူမျိုးစုတို့သည် အီတလီတောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ၏။ ထိုနောက် တဖန် ဥရောပတိုက် အလယ်ပိုင်းမှ ဂေါ့လလူမျိုးတို့သည် အီတလီနိုင်ငံမြောက်ပိုင်းမှ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီးလျှင် ပိုးမြစ်ဝှမ်းတွင် အိုးအိမ်ထူထောင်နေထိုင်ကြလေသည်။ နောက်ဆုံး အီတလီနိုင်ငံလုံးကို ရောမဘုရင်များ ကြီးစိုးလွှမ်းမိုးသည့် အချိန်တွင်ကား ဂျာမန်သွေးပါသည့် ဂေါ့သလူမျိုးတို့သည် အင်အားကြီးမားသောလူစုလူဝေးဖြင့် အီတလီမြောက်ပိုင်းသို့ ဝင်ရောက်လာကြလေသည်။ ထိုနောက် နှစ်ပေါင်းလေးရာခန့် ကြာမြင့်သောအခါ အီတလီတောင်ဘက်ပိုင်းတွင် မွတ်စလင်များ ဖြစ်ကြသော အာရပ်လူမျိုး တို့ ဝင်ရောက်လာကြပြန်သည်။ ရောမနိုင်ငံတော်ကြီး ထူထောင်ခဲ့သည့်ခေတ်က အီတလျံလူမျိုးတို့သည် ထင်ရှားကျော်ကြားလာလေသည်။ သို့ရာတွင် အီတလီနိုင်ငံသမိုင်းဟူ၍ သီးခြားမရှိခဲ့ဘဲ၊ ရောမနိုင်ငံတော်သမိုင်း၏ တစိတ်တဒေသမျှ ဖြစ်ခဲ့သည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးချိန် တိုင်မှသာလျှင် အီတလီနိုင်ငံသမိုင်းဟူ၍ မှတ်သားနိုင်ခဲ့ပေသည်။

ရှားလမိန်းဘုရင်[ပြင်ဆင်ရန်]

အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင်ဟူသော အမည်ကို ခံယူသည်မှအစ အီတလီနိုင်ငံသမိုင်းမှာ တစ်ဦးတခြား ဖြစ်လာခဲ့လေသည်။ အိုဒိုးဇားဘုရင်ကို သီအိုဒိုရစ်က လာရောက်တိုက်ခိုက်ပြီးနောက် အီတလီနိုင်ငံကို အော့စတြိုဂေါ့သဘုရင် စိုးမိုးအုပ်ချုပ်ခဲ့၏။ သီအိုဒိုရစ်သည် နိုင်ငံတော်ကို လိမ်မာရေးခြားစွာ အုပ်ချုပ်ခဲ့ရာ၊ နိုင်ငံမှာ အေးချမ်းသာယာ၍ စည်ပင်ဝပြောခဲ့ပေသည်။ ၅၅၂ ခုနှစ်တွင် ဂေါ့သမင်းဆက်ပြတ်သွားပြီးနောက် အီတလီနိုင်ငံသည် ဗိုင်ဇင်းတိုင်နိုင်ငံတော်ကို မှီခိုအားထားခဲ့ရလေသည်။ ထိုအချိန်တွင် ဂျာမန်အနွယ်ဖြစ်သော လောင်းဗတ်လူမျိုးတို့သည် အီတလီနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ရာ ရောမမြို့ အနီးအနားသို့ပင် ရောက်ခဲ့လေသည်။ ထိုအခါ ရောမရဟန်းမင်းသည် ပြင်သစ်ဘုရင် ပက်ပင်၏ အကူအညီကို တောင်းယူကာ လောင်းဗတ်တို့အား တားဆီးရလေသည်။ လောင်းဗတ်တို့ကို ပက်ပင်၏သားတော် ရှားလမိန်းဘုရင်လက်ထက်သို့ ရောက်မှ အပြီးသတ်နှိမ်နင်းအောင်မြင်၍ ရှားလမိန်းသည် ဧကရာဇ်ဘုရင် အဖြစ်ကို ခံယူပြီးလျှင် ခမည်းတော်ပက်ပင်လက်ထက်က ရဟန်းမင်းသို့ ပေးအပ်ခဲ့သော လက်ဆောင်တော်မြေများကို ထပ်မံအတည်ပြု ပေးအပ်ခဲ့ပြန်၏။ ၈၃၄ ခုနှစ်တွင် ရှားလမိန်း၏နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားသောအခါ ဥရောပတိုက်ရှိ နိုင်ငံအသီးအသီးမှ ဘုရင်နှင့်ဧကရာဇ်မင်းတို့သည် အီတလီနိုင်ငံကို အုပ်စိုးရန် အားထုတ်ခဲ့ကြသည်နှင့်အမျှ နှစ်ပေါင်း ၁ဝဝ ကျော်မျှ အီတလီနိုင်ငံမှာ ဝင်ရောက်လုယက်တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရလေသည်။ ဤကဲ့သို့သော အဖြစ်ဆိုးမှာ ၁၉၆၂ ခုနှစ်တွင် နန်းတက်သော ရောမသာသနာစောင့် ဧကရာဇ် ပထမအော့တိုးလက်ထက်တွင် အဆုံးသတ် သွားလေသည်။

ရောမသာသနာစောင့်နိုင်ငံတော်[ပြင်ဆင်ရန်]

အလယ်ခေတ်တလျှောက်လုံးတွင် ရောမသာသနာစောင့် နိုင်ငံတော်ဧကရာဇ်မင်းတို့သည် အီတလီနိုင်ငံတော်ကို မိမိတို့ လုံးဝအာဏာဖြင့်အုပ်စိုးခွင့်ရှိ သည်ဟု ယူဆခဲ့ကြသော်လည်း ဂျာမန်အုပ်စိုးမှုကို လက်မခံလိုသော အီတလီနိုင်ငံသားများသည် အမြဲပင် တော်လှန်ပုန်ကန်ခဲ့ကြလေသည်။ ရောမသာသနာစောင့်နိုင်ငံတော် ဧကရာဇ်ဘုရင်တို့သည် အီတလီနိုင်ငံတွင် အာဏာတည်မြဲရေးအတွက် ခက်ခဲစွာ တိုက်ခိုက်ကြရလေသည်။ ဧကရာဇ်မင်းတို့၏ အင်အားအကောင်းဆုံး အတိုက်အခံများမှာ ပုတ်ရဟန်းမင်းများပင် ဖြစ်ကြ၏။ ထိုသို့ ဧကရာဇ်နှင့် ပုတ်ရဟန်းမင်းတို့ အာဏာလုမှုများ အတောမသတ်မီအတွင်း အီတလီနိုင်ငံတွင် မီလန်၊ ဂျီနိုအာ၊ ဖလော်ရင့်၊ ပီစာ၊ ဗင်းနစ် စသည့်မြို့များသည် လွတ်လပ်သော သီးခြားပြည်နယ်ကလေးများ အဖြစ် တည်ထောင်လိုက်ကြလေသည်။ ဤပြည်ထောင်ကလေးများသည် တဖြည်းဖြည်း အင်အားကြီးမားလာရကား ယင်းတို့အပေါ်တွင် စိုးမိုးအုပ်ချုပ်လိုသော မှူးမတ်များကိုသာမက ဧကရာဇ်ဘုရင်တို့ကိုပင် တော်လှန်နိုင်ခဲ့၏။ ပုတ်ရဟန်းမင်းသည် ရံဖန်ရံခါ ပြည်ထောင်ကလေးများကို ကူညီခဲ့လေသည်။ ပြည်ထောင်ကလေးများ ထွန်းကားသောခေတ်တွင် အီတလီတနိုင်ငံလုံးလိုလိုပင် များစွာတိုးတက်ခဲ့သော်လည်း ပြည်ထောင်တိုင်းတွင် ပုတ်ရဟန်းမင်း၏ လူများနှင့်ဧကရာဇ်၏လူများ အာဏာလုမှု အရှုတ်အထွေးများ ရှိခဲ့လေရာ တိုင်းပြည်တိုးတက်ရေးအတွက် မဆောင်ရွက်နိုင်လောက်အောင်ပင် အရှုပ်အထွေးများနှင့် အတော်အချိန်ကုန်ခဲ့ရလေသည်။ ပြည်ထောင်ကလေးများကို အုပ်စိုးသော မင်းများမှာ သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြ၍ ထိုခေတ်ကို အီတလီနိုင်ငံ၏ သက်ဦးဆံပိုင်ခေတ်ဟု ခေါ်စမှတ်ပြုကြ၏။

ဒန်တီ၊ မဲဒီချီ[ပြင်ဆင်ရန်]

ယင်းသည့်ခေတ်က အီတလီအနုပညာနှင့် စာပေသမိုင်းတွင် ထင်ရှားသောပုဂ္ဂိုလ်ကြီးများဖြစ်သည့် ဒန်တီ၊ တောမတ်အက်ကွိုင်နတ်၊ ပီဇာနို၊ ဒီကမ်ဗရိုတို့ ပေါ်ထွက်ခဲ့သည်။ ပြည်ထောင်မင်းများအနက် ဖလော်ရင့်ကို အုပ်စိုးသော မဲဒီချီဆွေမျိုးဆက်သည် အထင်ရှားဆုံးဖြစ်၍ အနုပညာနှင့်စာပေကို အထူးအားပေးခဲ့၏။

ပြင်သစ်တော်လှန်ရေး[ပြင်ဆင်ရန်]

အီတလီနိုင်ငံတွင် ဤသို့ ပြည်ထောင်ငယ်ကလေးများ အကွဲကွဲအပြားပြား ဖြစ်နေခြင်းကြောင့် အနီးအနားတိုင်းပြည်များက ဝင်ရောက်သိမ်းပိုက်ရန် အခွင့်အလမ်းသာခဲ့၏။ ၁၄၉၄ ခုနှစ်တွင် ပြင်သစ်ဘုရင် အဋ္ဌမချားသည် နေပယ်ကို သိမ်းပိုက်လိုက်၏။ ထိုနောက် စပိန်နှင့်ရောမ သာသနာစောင့် နိုင်ငံတော် ဧကရာဇ် ပဉ္စမချားသည် အီတလီနိုင်ငံအလုံးကို တိုက်ခိုက် သိမ်းယူလိုက်လေသည်။ ဧကရာဇ်ပဉ္စမချားလက်ထက်တွင် အီတလီနိုင်ငံမှာ ရှေးကထက် အေးချမ်းသာယာစွာ ရှိလေသည်။ ထိုနောက် နှစ်ပေါင်း ၂ဝဝခန့်အတွင်း အီတလီနိုင်ငံရှိ ပြည်နယ်တို့မှာ ဥရောပတိုက်ရှိ ထီးဆောင်းမင်းများနှင့် ဣတာလျံမင်းသားများ သူတပြန် ကိုယ်တပြန် သိမ်းယူအုပ်စိုးခြင်းကို ခံခဲ့ကြရ၏။ ယင်းသို့ အုပ်စိုးခဲ့ရာတွင် မကြာခဏ နယ်လုစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ အီတလီပြည်နယ်များကို တိုက်ခိုက်ရာတွင် ကြေးစားစစ်တပ်များကိုပင် အသုံးပြုခဲ့ကြပေသည်။ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်သောအခါ အီတလီ ပြည်နယ်များ စုစည်းကာ ပြင်သစ်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြလေသည်။

ဂျူးဆက် မတ်ဇီနီ[ပြင်ဆင်ရန်]

သို့ရာတွင် မအောင်မြင်ခဲ့ရုံမျှမက နပိုလီယန်က အီတလီကျွန်းဆွယ် တစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းခဲ့လေသည်။ ပြင်သစ်လက်အောက်သို့ ကျရောက်ရပြန်သော အီတလီပြည်နယ်များအနက် ဗင်းနစ်ကို ဩစတြီးယားသို့ ပေါင်းပေးခဲ့၍ ကျန်နယ်များကို သမ္မတပြည်ထောင် ငါးပြည်ထောင် ဖွဲ့စည်းတည်ထောင်ပေးခဲ့၏။ သို့ရာတွင် များမကြာမီပင် နပိုလီယန်သည် အီတလီတနိုင်ငံလုံးကိုပြန်၍ စုပေါင်းအုပ်စိုးကာ သူ၏ညီတော် ဂျိုးမ္ဘက်၊ ထိုနောက် ယောက်ဖတော် ယိုခင်မူရာတို့အား နေပယ်ဘုရင်အဖြစ် ကြေညာခဲ့သည်။ ပုတ်ရဟန်းမင်း သတ္တမပိုင်းယတ်အား ပြင်သစ်နိုင်ငံသို့ ခေါ် ဆောင်၍ အကျဉ်းချထားပြီးလျှင် သူ၏မွေးစားသားအား ရောမဘုရင်အဖြစ် ကြေညာခဲ့သည်။ နပိုလီယန်သည် ဤသို့ အီတလီပြည်နယ်များကို အသစ်တဖန်ပြန်၍ ဖွဲ့စည်းလိုက်ခြင်းသည် ပြည်ထောင်ငယ်ကလေးများနှင့် အကွဲကွဲအပြားပြား နေထိုင်ခဲ့ရသော အီတလီနိုင်ငံရှိ လူများအား ခေတ်ဟောင်းတွင် ကွဲပြားနေသည့်အဖြစ်ကို မေ့ပျောက်စေကာ အီတလီနိုင်ငံသူနိုင်ငံသားအားလုံးမှာ သွေးတူသားတူများဖြစ်ကြကြောင်းကို သတိရလာစေခဲ့ရာ လွတ်လပ်လိုသော စိတ်ဓာတ်များ ပေါက်ဖွားတက်ကြွလာခဲ့ကြလေသည်။ ၁၈၁၅ ခုနှစ်တွင် ကျင်းပသော ဗီယင်းနာအစည်းအဝေး ဆုံးဖြတ်ချက်များအရ အီတလီပြည်နယ်များသည် ဩစတြီးယားနှင့် ပုတ်ရဟန်းမင်းတို့၏ လက်အောက်သို့ ရောက်သွားခဲ့ပြန်လေသည်။ ဆာဒင်းနီးယားကျွန်းကို အရေးတော်ပုံ အတွင်းက လက်လွှတ်ခဲ့ရသော ဆဗွိုင်းမင်းဆက်က ပြန်လည်အုပ်စိုး၏။ စစ္စစလီ နှစ်ပြည်ထောင်ကို ဗူးဗွန်မင်းဆက် ဖာဒီနန်က ပြန်လည်အုပ်စိုး၍ ယခင်က ပုတ်ရဟန်းမင်း၏နယ်မြေများကို ပုတ်ရဟန်းမင်းပင်လျှင် ပြန်လည်ရရှိခဲ့လေသည်။ ကျန်နေရာများတွင် ဩစတြီးယန်းဘုရင်၏ အာဏာစက် ပျံ့နှံ့ ခဲ့လေသည်။ ထိုနောက် အီတလီပြည်သူပြည်သားတို့သည် တစ်နိုင်ငံလုံး သွေးစည်းရေးနှင့် လွတ်လပ်ရေးအတွက် လှုပ်ရှားစပြုလာကြ၏။ ဩစတြီယားကလည်း ဤသို့သော လှုပ်ရှားမှုများကို အပြင်းအထန် နှိပ်ကွက်ခဲ့၏။ သို့ရာတွင် အီတလီ ပြည်သူပြည်သားတို့၏ ဆန္ဒမှာလည်း ထိုအတူ ပြင်းထန်နေပြီ ဖြစ်သောကြောင့် အီတလီ နိုင်ငံတွင်း၌ အုပ်စိုးသူ နိုင်ငံခြားသားများကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်လာခဲ့လေသည်။ ၁၈၃၁ ခုနှစ်တွင် ဆာဒင်းနီးယားဘုရင်အဖြစ် ဆက်ခံသော ချားအဲလဗတ်သည် အီတလီနိုင်ငံ စည်းလုံးလွတ်လပ်ရေးတွင်များစွာ စိတ်ပါဝင်စား၍ အီတလီနိုင်ငံရှိ ပြည်နယ်အသီးအသီးတို့ကလည်း ဆာဒင်းနီးယား ဘုရင်ကိုပင် အားကိုးအားထား ပြုလာကြ၏။ ထိုအချိန်တွင် စူးရှသောအမြင်ရှိသူ ခေါင်းဆောင်ကြီး ဂျူးဆက်မတ်ဇီနီသည် အီတလီစည်းလုံး လွတ်လပ်ရေးကို ရှေးရှုလျက် ပွင့်သစ်စအီတလီဟူသော အီတလီလူငယ်များအဖွဲ့ကို ဖွဲ့စည်းလေသည်။

ဂယ်ရီဗော ဒီးဂျီ[ပြင်ဆင်ရန်]

ထိုပွင့်သစ်စ အီတလီအသင်း၏ လုပ်ငန်းစဉ်မှာ အခြားအသင်းအဖွဲ့များကဲ့သို့ လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်ရန် မဟုတ်၊ ပညာတတ်လူငယ်ကလေးများကို သိမ်းသွင်း စုရုံး၍ဆူပူထကြွရန် ဖြစ်လေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အီတလီနယ်မြေမှ သက်ဦးဆံပိုင် အုပ်စိုးသူများကို အပြီးတိုင် မောင်းနှင်ထုတ်ပြီးနောက် တစ်ပြည်လုံး သွေးစည်းကာ သမ္မတနိုင်ငံထူထောင်ရန်ဖြစ်၏။ ၁၈၄၈ ခုနှစ်တွင် ဥရောပအနောက်ပိုင်းတစ်ခုလုံး တော်လှန်ရေးမီးတဟုန်းဟုန်း တောက်လောင်ခဲ့လေရာ အီတလီပြည်သို့လည်း ကူးစက်ခဲ့လေသည်။ တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်သဖြင့် နေပယ်နှင့်ဗင်းနစ်တို့တွင် စည်းမျဉ်းတကျ အုပ်ချုပ်သောအစိုးရအဖွဲ့များ ဖွဲ့စည်းခွင့် ပေးခဲ့ရလေသည်။ ခေါင်းဆောင်ကြီး မတ်ဇီနီ၏ နောက်လိုက်များတွင် မျိုးချစ်ခေါင်းဆောင်ကြီးဂျူးဆက်ဂယ်ရီဗောဒီး၏ ဆောင်ရွက်ချက်များမှာ အီတလီနိုင်ငံသမိုင်းတွင် ထင်ရှားလှပေသည်။ မတ်ဇီနီနှင့် ဂယ်ရီဗောဒီးတို့သည် ပုတ်ရဟန်းမင်း နဝမ ပိုင်းယတ် အုပ်စိုးလျက်ရှိသည့် ရောမမြို့ကို သိမ်းပိုက်ခဲ့ကြလေသည်။ သို့ရာတွင် လာရောက်ကူညီ၍ ရောမမြို့ကို ပုတ်ရဟန်းမင်းသည် ပြန်လည်အုပ်စိုးရပြန်လေသည်။

ဗစ်တာအီမန်နျူးအယ်၊ ဒုတိယ[ပြင်ဆင်ရန်]

ထိုအချိန်တွင် စစ္စလီကျွန်းကလည်း ဩစတြီးယားလက်အောက်မှ အလွတ်ရုံးနိုင်ခဲ့လေသည်။ ထိုမျှ မကသေး ဆာဒင်းနီးယားဘုရင် ချားအဲလဗတ်သည် ၁၈၄၉ ခုနှစ်တွင် အရေးနိမ့်ခဲ့သဖြင့် ထီးနန်းစွန့်ရလေရာ သူ၏ သားတော် ဒုတိယဗစ်တာအီမန်းနျူးဆက်က ဆက်ခံ၏။ သူ၏ လက်ထက်တွင်လည်း လွတ်လပ် စည်းလုံးရေးစိတ်ဓာတ်များသည် ခိုင်မြဲလျက်ပင် ရှိလေသည်။ ဗစ်တာအီမန်းနျူးအယ်သည် ဩစတြီယားနိုင်ငံမှပေးသော အခွင့်အရေးကို လက်မခံဘဲ အီတလီလွတ်လပ် စည်းလုံးရေးကို လုံးပန်းလျက် ၁၈၅၂ ခုနှစ်တွင် နောင်အခါ အီတလီတစ်နိုင်ငံလုံး အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ခဲ့သူ ကောင့်ကဗူးအား သူ၏နန်းရင်းဝန်အဖြစ် ရွေးချယ်ခန့်ထားလိုက်လေရာ သူ၏လုပ်ငန်းစဉ်များသည် အထူးပင် အောင်မြင်ခဲ့လေသည်။ ကောင့်ကဗူးကား အမြော်အမြင်ကြီးမားလှသော တိုင်းပြည်ပြု သုခမိန်ကြီးပင်တည်း။

မူဆိုလီနီဗင်နီတို[ပြင်ဆင်ရန်]

ကဗူးသည်ပြင်သစ်ဘုရင် တတိယနပိုလီယန်နှင့် ပူးပေါင်း၍ ဩစတြီးယားကို တိုက်ခိုက်ရန် အီမန်းနျူးအယ် ဘုရင်အား တိုက်တွန်းလေရာ ဘုရင်က သဘောတူခဲ့သဖြင့် ဣတလျံစစ်တပ်တို့သည် ပြင်သစ်စစ်တပ် များနှင့်ပူးပေါင်းကာ ဩစတြီးယန်းတပ်တို့အား အီတလီမြောက်ပိုင်းမှ မောင်းထုတ်နိုင်ခဲ့ကြ လေသည်။ သို့ရာတွင် တတိယနပိုလီယန်သည် အီတလီ၏ဆန္ဒမပြည့်မီ ဩစတြီးယားနှင့် စစ်ပြေငြိမ်းလိုက်သဖြင့် ဩစတြီးယားတို့၏ လက်အောက်တွင် ဗင်းနစ်ပြည်နယ် ကျန်ရစ်ခဲ့လေသည်။ ထိုအချိန်တွင် ဂယ်ရီဗောဒီးသည် လက်ရွေးစင် အီတလီမျိုးချစ်သူရဲကောင်း ၁ဝဝဝ ခန့်နှင့် စစ္စလီကျွန်းပေါ်မှ စတင် တိုက်ခိုက်ပြီးနောက် အီတလီကျွန်းပေါ်သို့ တက်ရောက်ခဲ့လေသည်။ တောင်ပိုင်းသားတို့ကလည်း ပြင်သစ်စစ်တပ်များကို နေရာအနှံ့အပြားတွင် တပြိုင်တည်း တော်လှန်ကြလေသည်။ ပြင်သစ်လက်အောက်ခံ အီတလျံစစ်သားအပေါင်းတို့သည်လည်း ဂယ်ရီဗောဒီး၏ တော်လှန်ရေးစစ်တပ်ကြီးနှင့် ပူးပေါင်းကြသောကြောင့် ဂယ်ရီဗောဒီး၏ စစ်တပ်ကြီးသည် တမုဟုတ်ခြင်းပင် လူအင်အား လက်နက်အင်အား တောင့်တင်းလာလေရာ များမကြာမီပင် နေပယ်မြို့တော်တွင်းသို့ အောင်တပ်ခင်းကာ ဝင်ရောက်နိုင်ခဲ့လေသည်။ သို့ဖြင့် စစ္စလီနှစ်ပြည်ထောင်မှာ ဗစ်တာအီမန်းနျူးအယ်၏ ပိုက်နက်အတွင်း ပါဝင်ခဲ့လေသည်။ ၁၈၆ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗစ်တာအီမန်းနျူးအယ်အား အီတလီနိုင်ငံသစ်ကြီး၏ ဘုရင်အဖြစ် တင်မြှောက်အုပ်စိုးစေခဲ့လေသည်။ ထိုအချိန်အထိ ပုတ်ရဟန်းမင်း အုပ်စိုးသောနယ်အချို့နှင့် ဗင်းနစ်ပြည်နယ်မှာ အီတလီနိုင်ငံသစ်အတွင်းသို့ မပါဝင်သေးချေ။ သို့ရာတွင် ၁၈၆၆ ခုနှစ်တွင် ဖြစ်ပွားသော ဩစတြီယား-ပရပ်ရှားစစ်ပွဲတွင် အီတလီတို့သည် ပရပ်ရှားဘက်မှ ကူညီခဲ့သဖြင့် ဗင်းနစ်မြို့မှ ဆုလာဘ်အဖြစ် ရရှိခဲ့လေသည်။ ရောမမြို့တော်နှင့်တကွ ပုတ်ရဟန်းမင်း အုပ်စိုးသော နယ်ပယ်များမှာမူ ပြင်သစ်စစ်တပ်များက ကာကွယ်ထားသဖြင့် အီတလီနိုင်ငံသစ်တွင် မပါဝင်ခဲ့သေးပဲ ၁၈၇ဝ ပြည့်နှစ်၌ ပြင်သစ်-ပရပ်ရှားစစ်ပွဲကြောင့် ပြင်သစ်စစ်တပ်များ ရုပ်သိမ်းသွားရသောအခါ ဗစ်တာအီမန်းနျူးအယ်ဘုရင်သည် အလုံး အရင်းနှင့်ချီတက် တိုက်ခိုက်သိမ်းပိုက်သဖြင့် ရောမမြို့တော်ကို ရရှိလေသည်။ သို့ဖြင့် ပုတ်ရဟန်းမင်းလည်း အခွင့်အရေးအာဏာများ ဆုံးရှုံးလျက် ရောမမြို့တော်အစွန်ရှိ ဗက်တီကင်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံသည် လုံးဝလိုလိုပင် စည်းလုံးမိလေတော့သည်။ အီတလီနိုင်ငံ စည်းလုံးမိပြီးသည့်နောက် ဗစ်တာအီမန်းနျူးအယ်၏ တာဝန်များမှာ ပြည်တွင်းငြိမ်းချမ်းရေး စည်ပင်သာယာရေးပင် ဖြစ်၏။ ထိုတာဝန်များကို ၁၈၇၈ ခုနှစ်တွင် ဗစ်တာအီမန်းနျူးအယ် နတ်ရွာစံ၍ သူ၏သားတော်ဟမ်းဗတ်က ဆက်လက် ဆောင်ရွက်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံနှင့် အနီးအနားရှိ အီတလီပိုင်သင့်သည်ဟု ယူဆသောနယ်များကို ပူးပေါင်းရန် လိုလားသော သူတစ်စု၏ နိုင်ငံရေး လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့လေသည်။ ၁၉ဝဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ချစ်ခင်လေးစားခြင်းခံရသော ဟမ်းဗတ်အား လုပ်ကြံသတ်ဖြတ်လိုက်ကြလေရာ သူ၏ သားတော် တတိယအီမန်းနျူးအယ် နန်းတက်လေသည်။ ထိုအခါ အီတလီနိုင်ငံကို ဥရောပနိုင်ငံကြီးတစ်ခုအဖြစ် အသိအမှတ်ပြုရေးအတွက်လည်းကောင်း၊ နယ်သစ်များရရှိရေးအတွက်လည်းကောင်း ကြိုးပမ်းခဲ့ရာတွင် ပြည်သူပြည်သားများမှာ အခွန်အတုတ် ကြီးလေးစွာတောင်းခံခြင်း ခံရလေသည်။ ၁၉ဝ၈ ခုနှစ်တွင် အီတလီတောင်ပိုင်းနှင့် စစ္စလီကျွန်းတစ်ပိုင်း၌ ပြင်းထန်သော မြေငလျင်ဘေးကြောင့် မြို့ပြပြည်ရွာများ ပျက်စီးခဲ့၍ လူပေါင်း တစ်သိန်းငါးသောင်းကျော် သေကြေပျက်စီးခဲ့ရုံမက တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရောဂန္တရကပ်ဖိစီးခြင်းကို နှစ်ပေါင်းအတန်ကြာ အပြင်းအထန် ခံစားလိုက်ရသောကြောင့် အခြေအနေ အတော်ပင်ယိုင်ခဲ့ရလေသည်။ ယင်းသို့ အခြေယိုင်လာသောအခါ အီတလီနိုင်ငံမှာ ငြိမ်းချမ်းရေးဝါဒကို လက်ကိုင် မပြုနိုင်တော့ပဲ နယ်ချဲ့ရန် ကြိုးစားရလေတော့သည်။ ရှေးဦးစွာ အာဖရိကတိုက်ရှိ အီရစ်ထရီးယားနှင့် ဆိုမာလီလန်နယ်မြေအချို့ကို သိမ်းပိုက်လေသည်။ ထိုနောက် တူရကီပိုင် တြိပိုလီနယ်ရှိ အီတာလျံလူမျိုးများကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် တူရကီကို စစ်ကြေညာလိုက်လေသည်။ ထိုစစ်ပွဲတွင် အီတလီသည် တူရကီတို့ထံမှ တြိပိုလီနယ်ကို ရရှိလိုက်၏။ ထိုအချိန်တွင် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အတော်ပင် ဆူပူလာခဲ့လေသည်။ နိုင်ငံရေးခေါင်းဆောင်များအနက် ဆိုရှယ်လစ်အဖွဲ့၏ကြွေးကြော်သံ အဗန်တီသတင်းစာ၏ အယ်ဒီတာချုပ် ဗင်နီတိုမူဆိုလီနီသည် ပြည်ရေးပြည်ရာအဖြာဖြာကို သူ၏သတင်းစာမှ ပြင်းထန်စွာ ဝေဖန်ရေးသားသဖြင့် ထင်ရှားလာလေသည်။

ကမ္ဘာစစ်၊ ပထမ[ပြင်ဆင်ရန်]

၁၈၈၂ ခုနှစ်မှစ၍ အီတလီနိုင်ငံသည် ဂျာမနီ၊ ဩစတြီးယားတို့နှင့် သုံးပြည်ထောင် မဟာမိတ်စာချုပ် ချုပ်ဆိုထားခဲ့သည် မှန်သော်လည်း ပြင်သစ်နိုင်ငံနှင့်သာ ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် ၁၉၁၄ ခုနှစ် တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ပြင်သစ်၊ အင်္ဂလိပ်နှင့်ရုရှတို့ ပါဝင်သော မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်ရန် သေချာသလောက်ဖြစ်ခဲ့၏။ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသောအခါ အီတလီနိုင်ငံသည် ရုတ်တရက် ပါဝင်တိုက်ခိုက်ခြင်း မပြုသေးပဲ ၁၉၁၅ ခုနှစ် မေလအထိ စစ်ထဲသို့ ဝင်ရေးမဝင်ရေးတွင် အမျိုးမျိုး ဝေဖန်ဆွေးနွေးခဲ့ကြလေသည်။ မူဆိုလီနီသည် သူ၏သတင်းစာမှနေ၍ ဤစစ်ကြီးတွင် အီတလီသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်တိုက်ခိုက်ရန် အပြင်းအထန် လှုံ့ဆော်ရေးသားခဲ့လေသည်။

ဖက်ဆစ်ဝါဒ[ပြင်ဆင်ရန်]

၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက်တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူ ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာ ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကို အပြုတ်တိုက်ထုတ်နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန်လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီးအပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊ ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများနှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။ မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။ စစ်ကြီး ပြီးဆုံးသည်နှင့်တပြိုင်နက် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများအရေးသည် ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ အဆမတန်ကြီးခြင်း၊ စစ်ပြန်အလုပ်လက်မဲ့များ ပေါများခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ မကျေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ်အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။ ၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက်များကို စုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

ကိုလိုနီနယ်ချဲ့ခြင်း[ပြင်ဆင်ရန်]

နိုင်ငံဆူပူလျက် ရှိသော ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များအတွင်း ဖက်ဆစ်အစည်းအရုံးသည် လူအင်အားစုဆောင်းခြင်း၊ ဆိုရှယ်လစ်နှင့် ဗရင်ဂျီ အလုပ်သမားအဖွဲ့များကို တိုက်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အချိန်ကုန်ခဲ့လေသည်။ မူဆိုလီနီသည် သူ၏တပ်ဖွဲ့ကို ရှပ်နက် အပျော်ထမ်းတပ်ဖွဲ့ ဟုအမည်ပေးခဲ့၏။ ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော မူဆိုလီနီသည် ယခုအခါတွင် ဆိုရှယ်လစ်တိုက်ဖျက်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးကို စနစ်တကျ စီစဉ်လေသည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့၏ လုပ်ငန်းစဉ်များကို အစွမ်းကုန်တိုက်ဖျက်ကြ၍၊ နောက်ဆုံးတွင် အရေးပါအရာရောက်သော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် နှိမ်နင်းကြလေသည်။ ထိုအချိန်တွင် အီတလီလူငယ် အများအပြားသည် တဖြည်းဖြည်း တန်ခိုးကြီးလာသော ဖက်ဆစ်အစည်းအရုံးသို့ အင်တိုက်အားတိုက် ဝင်ခဲ့လေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အီတလီဥပဒေပြုလွှတ်တော်သို့ ဖက်ဆစ်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်နိုင်သည်အထိ အင်အားကြီးမားလာခဲ့လေသည်။ ၁၉၂၁ ခုနှစ်နှင့် ၁၉၂၂ ခုနှစ် များတွင် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အတော်ပင် ဆိုးရွားခဲ့သည်။ ထိုအချိန်တွင် ဖက်ဆစ်တို့၏ မတရား ဖိနှိပ်ခြင်း ခံနေကြရသော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့သည် တနိုင်ငံလုံးတွင် သပိတ်မှောက်မှုများ ပေါ်ပေါက်အောင် လှုံဆော်ခဲ့ရာ အောင်မြင်ခဲ့ကြလေသည်။ အစိုးရတွင် ပြည်လုံးကျွတ်သပိတ်ကြီးကို ဖြိုခွင်းရန် အစွမ်းမရှိသည့်အဖြစ်ကို အခွင့်ကောင်းယူကာ အင်အားစုပြီးဖြစ်သော ဖက်ဆစ်တို့သည် သပိတ်သမားများကို အပြင်းအထန် နှိပ်ကွပ်ပြီးလျှင် တစ်နိုင်ငံလုံးကို ဖက်ဆစ်အာဏာဖြင့် လွှမ်းမိုးလိုက်လေသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် မူဆိုလီနီ၏အမိန့်အရ လေးသောင်းခန့်ရှိသော ရှပ်နက် တပ်ဖွဲ့ဝင်တို့သည် နေပယ်မြို့တွင် ညီလာခံကြီးတစ်ခု ကျင်းပပြီးနောက် မြို့တွင်းသို့ လှည့်လည် အင်အားပြကာ ရောမ မြို့တော်သို့ လက်နက်စွဲကိုင်၍ ချီတက်ခဲ့ကြလေသည်။ ဖက်ဆစ်များ ရောမမြို့တော်အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် မူဆိုလီနီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍၊ အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှဲအပ်လေသည်။ အုပ်ချုပ်ရေး အာဏာကို ရရှိသည်နှင့်တပြိုင်နက် မူဆိုလီနီသည် သူ၏အာဏာများကို ပျံ့နှံ့လွှမ်းမိုးစေလေတော့သည်။ နိုင်ငံတွင်း၌ ပြောင်းလဲမှုများစွာ ပြုလုပ်စီမံ၍၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လုံးဝအာဏာပိုင်အဖြစ် ကြိုးကိုင်လေသည်။ ၁၉၂၅ ခုနှစ်တွင် မူဆိုလီနီသည် အီတလီတနိုင်ငံလုံး၏ အချုပ်အခြာအာဏာကို အရယူလိုက်၏။ ဘုရင်နှင့်ဒီမိုကရေစီ စနစ်များလည်း ပျောက်ကွယ်လျက် အုပ်ချုပ်မှုအကြံပေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဖက်ဆစ် ကောင်စီအဖွဲ့ကြီးက ဆောင်ရွက်သွားသည်။ မူဆိုလီနီအား သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ မအောင်မြင်ရုံသာမက မူဆိုလီနီအား ပို၍ပင် ထင်ရှားလာစေလေသည်။ ၁၉၄၃ ခုနှစ်တွင် မူဆိုလီနီသည် သူ၏စနစ်သစ်များအရ ဥပဒေပြုလွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခဲ့၏။ လွှတ်တော်သို့ တက်ရောက်ရန် ကိုယ်စားလှယ်များကို ရှေးကကဲ့သို့ နယ်ပယ်အလိုက်မဟုတ်စေပဲ၊ အလုပ်အကိုင်အလိုက်ရွေးချယ်ခြင်းဖြစ်၏။ အလုပ်အကိုင်အလိုက် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့အစည်းပေါင်း ၂၂ ခုကို အသိအမှတ်ပြု၍ ထိုအဖွဲ့ ၂၂ ဖွဲ့မှ ကောင်စီဝင်များ ပါဝင်သော အမျိုးသားကောင်စီကို ပြည်သူ့လွှတ်တော်အတွက် အစားထိုးခြင်းပင် ဖြစ်သည်။ မူဆိုလီနီသည် အီတလီနိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံတစ်ခု ဖြစ်စေရန်၊ လူဦးရေ တိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှု ထွန်းကားရေးတို့ကို အာဏာဖြင့် စီမံဆောင်ရွက်ခဲ့လေသည်။ လယ်ယာစိုက်ပျိုးရေးတွင် ယခင်က မြေလပ်များကို တစ်ကွက်မကျန် ထွန်ယက်စိုက်ပျိုးစေ၍ ရေမိုးမလုံလောက်သော ဒေသများတွင် ဆည်မြောင်းများဖောက်လုပ်စေ၏။ ကျောက်မီးသွေး ရှားပါးမှုကြောင့် တောင်ကျရေအားဖြင့်လည်သော စက်ရုံများကို တည်ဆောက်ကာ ကုန်ပစ္စည်းထုတ်လုပ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်စေ လေသည်။ ဤသို့လျှင် အီတလီနိုင်ငံတွင် တိုးတက်မှု များစွာရှိခဲ့သော်လည်း၊ ကုန်ရိုင်းအထွက် နည်းပါးသောကြောင့် ဝယ်ယူသုံးစွဲရလေရာ အဝင်နှင့်အထွက် မျှတရုံသာ ရှိ၍ စီးပွားရေး တိုးတက်မှုမှာ ထင်သလောက် ခရီးမရောက်နိုင်ခဲ့ချေ။ ထိုသို့ရှိစဉ်ပင် မူဆိုလီနီသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို တိုးချဲ့ လိုက်ပြန်သဖြင့် အီတလီနိုင်ငံမှာ အကြွေးထူသော နိုင်ငံတစ်ခု ဖြစ်လာလေသည်။ ထိုအခါတွင် မူဆိုလီနီသည် ကုန်ရိုင်းများစွာ ထွက်မည့် အာဖရိကတိုက်တွင် နယ်ချဲ့ရန် စီစဉ်ရလေတော့သည်။ ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် အီတလီစစ်တပ်များသည် အာဖရိကအရှေ့ပိုင်းရှိ အီသီအိုးပီးယားနိုင်ငံကို တိုက်ခိုက်လေသည်။

ဒုတိယ ကမ္ဘာစစ်[ပြင်ဆင်ရန်]

အီသီအိုးပီးယားနိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းဝင် နိုင်ငံတစ်ခုဖြစ်၍ အီတလီတို့၏ ကျူးကျော်စော်ကားမှုကို နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ တိုင်တန်းလျက်၊ လိုအပ်သည့် အကာအကွယ်များကို တောင်းခံခဲ့၏။ သို့ရာတွင် ထိရောက်သော အကာအကွယ် တစုံတရာ မရရှိသောကြောင့် အီသီအိုးပီးယားနိုင်ငံသည် အီတလီ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံကို ရရှိပြီးနောက် မူဆိုလီနီ၏ နယ်ချဲ့ခြေလှမ်းသည် သွက်လက်ခဲ့လေသည်။ စပိန်သူပုန်အရေးတွင် မူဆိုလီနီသည် ဂျာမနီအာဏာရှင် ဟစ်တလာနှင့်ပူးပေါင်း၍ သူပုန်တို့အား လူအားလက်နက်အားဖြင့် ကူညီခဲ့လေသည်။ ဤသို့ ဂျာမနီနှင့်ပူးပေါင်းမိသောအခါ၊ အရှေ့တိုင်းမှ အင်အားကြီးမားလာသော ဝါဒတူဂျပန်နိုင်ငံနှင့်လည်း စကားကမ်းလှမ်းကား အီတလီ၊ ဂျာမနီနှင့် ဂျပန် သုံးနိုင်ငံတို့သည် ကွန်မြူနစ် ဆန့်ကျင်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်။ ၁၉၃၆ ခုနှစ်တွင် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကို အနိုင်အထက် သိမ်းယူပြီးနောက် ဗော်လကန်နိုင်ငံများအထိ လွှမ်းမိုးရန် ကြံစည်ဆဲတွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လေ သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလတစ်ရက်နေ့တွင် ပိုလန်နိုင်ငံကို ဂျာမန်စစ်တပ်များက ဝင်ရောက်တိုက်ခိုက်သာအခါတွင် မူဆိုလီနီသည် ထောက်ခံအားပေးခြင်း မပြုသေးဘဲ၊ စေ့စပ်ရေးအတွက် ကြိုးစားခဲ့လေသည်။ ကမ္ဘာစစ်ကို အချိန်ဆွဲထားလိုသေးသော ပြင်သစ်နှင့်အင်္ဂလိပ်တို့ကလည်း မူဆိုလီနီ၏ စေ့စပ်ရေးကို သဘောတူကာ ဂျာမန်စစ်တပ်များကို ပိုလန်နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် တောင်းဆိုကြလေသည်။ သို့ရာတွင် အာဏာရှင်ဟစ်တလာသည် စေ့စပ်ရေးကို လျစ်လျူရှုလိုက်သဖြင့် မူဆိုလီနီသည် ဝါဒတူ ဟစ်တလာဘက်သို့ လိုက်ပါ၍ အင်္ဂလိပ်နှင့်ပြင်သစ်တို့အား ဒုတိယကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ဤသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် မူဆိုလီနီသည် အာဖရိကတိုက်မြောက်ပိုင်းနှင့် အီတလီ အနောက်မြောက်နယ်စပ်တွင် စစ်မျက်နှာဖွင့်ခဲ့လေသည်။ ပထမတွင် မဟာမိတ်တပ်များ အသင့်ပြင်ဆင်ပြီး မရှိသေးသည်နှင့် အာဖရိကစစ်မျက်နှာတွင် အီတာလျံတို့ အရေးသာလျက်ရှိသော်လည်း ၁၉၄ဝ ပြည့်နှစ် ကုန်လောက် တွင် မဟာမိတ်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတာလျံတို့ အရေးရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရလေသည်။ ဤသို့ရှိစဉ် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကိုဖြတ်၍ ဂရိနိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။ ဂရိစစ်မျက်နှာတွင်လည်း ဂျာမန်စစ်တပ်များက ကူညီမှသာအီတာလျံတို့ ထင်တိုင်းပေါက်ကာ ယူဂိုစလားဗီးယားနိုင်ငံ တပိုင်းတစနှင့် ဂရိနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဆန်းစတွင်ကား အီတာလျံတို့သည် စစ် မျက်နှာတိုင်းတွင် အရှုံးကြီး ရှုံးနေသဖြင့် ဂျာမနီနိုင်ငံက ကူညီခဲ့ရလေသည်။ အာဖရိကတိုက်မြောက်ပိုင်းသို့ ဂျာမန်စစ်ကူတစ်သိန်းကျော်ပို့သဖြင့် မဟာမိတ် တို့ ဒုတိယအကြိမ် နောက်ဆုတ်ရပြန်၏။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဂျာမန်နှင့် ဣတာလျံ စစ်တပ်များသည် အီဂျစ်နယ်စပ်ကိုပင် ဖြတ်ကျော်နိုင်ခဲ့ပေသည်။ သို့သော် မကြာမီ အာဖရိကတိုက် မြောက်ပိုင်းစစ်မျက်နှာတွင် ဗြိတိသျှစစ်တပ်များသည် အင်အားတောင့်တင်းလာပြန်သောကြောင့် အီသီအိုးပီးယားနိုင်ငံကိုပင် ပြန်လည်သိမ်းယူလိုက်ကြလေသည်။ ထိုအချိန်လောက်မှစ၍ အီတလီ၏ စစ်အခြေအနေမှာ တဖြည်းဖြည်း နိမ့်၍ ဆင်းခဲ့သောကြောင့် နေရာတိုင်းတွင် ဂျာမနီကို အားကိုအားထား၍ အင်အားဖြည့်တင်းခဲ့သော်လည်း အရေးနိမ့် မြဲ နိမ့်လျက်သာရှိခဲ့ရာ၊ ၁၉၄၃ ခုနှစ် မေလတွင် အာဖရိကတိုက်မြောက်ပိုင်းမှ ဝင်ရိုးတန်းစစ်တပ်များ စစ္စလီကျွန်းအထိ ဆုတ်ခွာခဲ့ကြရလေသည်။ ထိုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မဟာမိတ်စစ်တပ်များက စစ္စလီကျွန်းကို တက်ရောက်တိုက်ခိုက်သောအခါ အီတာလျံဖက်ဆစ်ကောင်စီအဖွဲ့ကြီးတွင် အပြင်းအထန် အခြေအတင် ပြောဆိုပြီးနောက် မူဆိုလီနီကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ အကျဉ်းချထားခဲ့ပြီးလျှင် မာရှယ်ဗဒေါ့လျိုအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ကြလေသည်။ ထိုအခါ ဟစ်တလာသည် မူဆိုလီနီအား အချုပ်မှ ခိုးယူကယ်တင်ကာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အီတလီမြောက်ပိုင်း၌ ဖက်ဆစ်သမ္မတအစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ရန် ကူညီခဲ့လေသည်။ ဗဒေါ့လျိုအစိုးရသည် မဟာမိတ်တို့ဖြင့် စစ်ပြေငြိမ်းရန် စေ့စပ်သော်လည်း နောက်ကျခဲ့ပြီ ဖြစ်သောကြောင့် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက်ချလိုက်ရလေတော့သည်။ အုပ်ချုပ်ရေးကို ဗဒေါ့လျိုအား ပြန်လည်ပေးအပ်သော်လည်း ၁၉၄၄ ခုနှစ်တွင် ဗဒေါ့လျိုရာထူးမှ နုတ်ထွက်လိုက်သဖြင့် ဆိုရှယ်လစ်ခေါင်းဆောင်ကြီး အီဗနိုဗိုနိုမီသည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။ အီတလီနိုင်ငံမြောက်ပိုင်းကို ဂျာမန်တို့ ကြိုးကိုင်သော မူဆိုလီနီ၏ ရုပ်သေးအစိုးရက အုပ်ချုပ်နေခဲ့သေးသည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တို့သည် အီတလီမြောက်ပိုင်းသို့ တိုက်စစ်ဆင်၍ ချီတက်ခဲ့လေသည်။ မဟာမိတ်တို့အား လိုလားသည့် အီတာလျံလူမျိုးများစွာက ဟစ်တလာနှင့် မူဆိုလီနီတို့၏ စစ်တပ်နောက်ပိုင်းမှနေ၍ အနှောက်အယှက်ပေးကာ မဟာမိတ်စစ်တပ်များကို ကူညီခဲ့ကြ၏။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် မူဆိုလီနီသည် သူ၏ဇနီး၊ သူ၏အစိုးရအဖွဲ့ဝင်တို့နှင့်အတူ ဆွစ်ဇာလန်သို့ ထွက်အပြေး နယ်စပ်ရှိ ကိုးမိုအိုင်အနီးတွင် ကွန်မြူနစ်ပါတီဝင်များကမိသဖြင့် အားလုံးကို ပစ်သတ်လိုက်လေသည်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသော်လည်း အီတလီနိုင်ငံတွင်မူကား ပြည်တွင်းရေးများ ရှုပ်ထွေးလျက်ပင် ရှိသေး၏။ ပြည်တွင်းရေး အရှုပ်အထွေးများအတွင်း ဗိုနိုမီ၏အစိုးရအဖွဲ့ နုတ်ထွက်လိုက်ရာ ဖာရုချီပါရီသည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ကာ အစိုးရအဖွဲ့ဖွဲ့၍ အုပ်ချုပ်လေသည်။ ထိုအစိုးရအဖွဲ့ လက်အောက်တွင်လည်း ပြည်တွင်းရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆူပူလှုပ်ရှားလာသဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့ဝင် အခြားသောနိုင်ငံရေးအဖွဲ့ များ၏ ကိုယ်စားလှယ်များ ရာထူးမှ နုတ်ထွက်ကြသဖြင့်လည်းကောင်း ဝန်ကြီးချုပ်ပါရီလည်း ရာထူးမှ နုတ်ထွက်ရပြန်လေသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အယ်ဆီဒီ ဒါဂက်စပါရီဆိုသူ ဝန်ကြီးချုပ်အဖြစ်နှင့် ညွှန်ပေါင်းအစိုးရအဖွဲ့တစ်ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်လေသည်။ ဒီမိုကရေစီစနစ်အရ ဖွဲ့စည်း အုပ်ချုပ်ခဲ့သော်လည်း အီတလီနိုင်ငံတွင် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် ဘုရင်အသစ်ရလျှင် အီတလီနိုင်ငံသားတို့က ဘုရင့်အစိုးရကို ထောက်ခံကြလိမ့်မည်ဟု မြှော်လင့်ကာ ၁၉၄၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ထီးနန်းစွန့်ပြီးလျှင် သူ၏သားတော်ဟမ်းဗတ်အား ဒုတိယဟမ်းဗတ် အဖြစ် ထီးနန်းဆက်ခံစေသည်။ သို့ရာတွင် ထိုနှစ်အတွင်း ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် သမ္မတအစိုးရ တည်ထောင်လိုသူများက အနိုင်ရသွားလေရာ ဒုတိယဟမ်းဗတ်ဘုရင်သည်လည်း နန်းသက် ၃၅ ရက်ခန့်မျှနှင့် ထီးနန်းမှ ဆင်းရလေတော့သည်။ အရိချို ဒါနိကိုလာသည် အီတလီနိုင်ငံ၏ ပထမဆုံး ယာယီသမ္မတဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အိုင်နိုဒီအား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြလေသည်။ သမ္မတ၏သက်တမ်းမှာ ခုနစ်နှစ် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)