ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲတော်

ဝီကီပီးဒီးယား မှ

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲကို နှစ်စဉ် တော်သလင်းလဆန်း (၇)ရက်၊ (၈)ရက်နေ့များတွင် ဘုရားအခြေရှိ ဧရာဝတီမြစ်အတွင်း ကျင်းပလေ့ရှိသည်။ ပွဲတော်ကို ရှေးကတည်းက ဘုရားသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန် ဝါဆိုဝါကပ် သံဃာတော်များ ဆွမ်းဟင်းအခက်အခဲ မဖြစ်စေရန် ၊ ဝါတွင်းကာလ သီတင်းစဉ် ဆွမ်းချပွဲအဖြစ် တော်သလင်း လဆုတ် (၈)ရက်တွင် ရွှေကြက်ယက် ဂေါကစံကျေးရွာများမှ စုပေါင်းလှူဒါန်းခဲ့ကြသည်။

အထူးသဖြင့် ရွှေကြက်ကျဘုရားအား ဆွမ်းတော်တင်လှူ၍ ရိုးရာယုံကြည်မှုများဖြင့် နှစ်စဉ် မြန်မာရက်ဖြစ်သည့် တော်သလင်းလဆုတ် (၇)ရက် (၈)ရက်များမှာ လှေဦးတိုက်ပွဲနှင့် အတူ ငှက်လှေလှော် ခတ်ပြိုင်ပွဲကို အစဉ်အဆက် ကျင်းပကြသည်။

တော်သလင်းလဆန်း(၇)ရက်ညတွင် ဆွမ်းတော်တင်ပြီး ဝတ်အသင်းများက ဝတ်ရွတ်ကြသည်။ ဆီမီးကပ်လှူ ပူဇော်ကြသည်။ နံနက်တွင် ရွှေကြက်ယက် တိုက်နယ်ရပ်ရွာတွေက ဆွမ်းအုပ်ပို့ လှူကြပြီး ဘုန်းတော်ကြီး ကျောင်းများကို ပင့်ဖိတ် ဆွမ်းလောင်းသည်။ သံဃာတစ်ပါး ရရှိတာနှင့် ညီမျှသော လှူဖွယ် တစ်ပုံစာကို ကိုးသင်းရွာသားများက ခံယူကြပြီး လှေဦးတွင် ကန်တော်ပွဲတင်၊ လှေလယ်မှာ ဆွမ်းခဲဖွယ်များနှင့် လှေကို ဧရာဝတီမြစ်အတွင်း အောက်ကနေ အထက် ဦးသုံးကြိမ်တိုက် ကန်တော့ပွဲမြှောက်ပြီး ပါလာတဲ့ ဆွမ်းခဲဖွယ်များကို မြစ်အတွင်း ရေစာကျွေးရသည်။

လှေပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများဖြစ်သော ရွာသစ်ရပ်၊ ပတ္တမြားရပ်၊ သပြေတန်းရပ်၊ စိန်တုံးရပ်၊ ကိုးသင်းရပ်၊ ရွှေလောင်းရပ်၊ ခဝါတော်ရပ်၊ ရွှေလေးရပ်၊ ရွှေဟင်္သာရပ်၊ ရပ်ကွက်(၁)၊ မိုးကောင်းရပ်၊ ရွှေဒင်ရပ်ကွက်(၂)နှင့် သက္ကယ်တော်ရပ်ကွက်များမှ ပါဝင်ယှဉ်ပြိုင်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၁၈-၉-၂၀၁၈၊ စာ-၁၉