မြသွဲ့သွဲ့ခိုင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြသွဲ့သွဲ့ခိုင်
မွေးဖွား(2001-02-11)ဖေဖော်ဝါရီ ၁၁၊ ၂၀၀၁
ကွယ်လွန်ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၉) (အသက် ၂၀)
နေပြည်တော် တောင်ညိုလမ်း သပြေကုန်းအဝိုင်းအနီး[၁]
သေဆုံးရခြင်း အကြောင်းရင်း၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ အတွင်း သေနတ်ဖြင့် ပစ်ခံရခြင်း

မြသွဲ့သွဲ့ခိုင်[၁] (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီ ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။[၂] ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။[၃] သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဖြစ်ပွားခြင်း[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မိန်းကလေးကို ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်း၏ အရှေ့တောင်ဖက်ရှိ တောင်ညိုလမ်း ဟူ၍ အတည်ပြုခဲ့သည်။[၄]

ဖြစ်ပွားချိန်မတိုင်မီတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းနေစဉ် မြသွဲ့သွဲ့ခိုင်နှင့် အစ်မဖြစ်သူတို့သည် လုံခြုံရေးစည်းကို ကျော်လွန်ခြင်းမရှိသကဲ့သို့ ပစ်ခတ်မှုများ ဖြစ်နေချိန်တွင် ပစ်ခတ်မှုများ ထိမှန်မည်စိုးရိမ်သောကြောင့် ပြန်လှည့်၍ အကာကွယ်ယူချိန်၌ ပစ်ခံရခြင်း ဖြစ်သည်ဟု မြသွဲ့သွဲ့ခိုင်၏ အစ်မက ဖြစ်သူက ပြောဆိုသည်။[၅]

သေဆုံးခြင်း[ပြင်ဆင်ရန်]

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ဝင်နေသော ကျည်ဆံစကို ခွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ မနက်ပိုင်းတွင် ဆရာဝန်များက လက်လျှော့ခဲ့ကြသည်။ ထို့နောက်တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၏ ဆရာဝန်တစ်ဦးက ဦးနှောက်သေဆုံးသွားပြီဟု သတ်မှတ်ကြောင်းနှင့် အသက်ရှူစက်ဖြုတ်ရန် မိသားစုဝင်များကို အကြောင်းကြားထားသည်ဟု ပြောဆိုခဲ့၍ ဆေးပညာအရ ဦးနှောက်သေဆုံးသည်ဟု သတ်မှတ်ခြင်းသည် အမှန်သေဆုံး သွားခြင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။[၆] ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အသက်ရှူပိုက်ကိုဖြုတ်ပြီး ရုပ်အလောင်းကို သယ်ယူရန် မိသားစုက သဘောတူလက်ခံသော်လည်း အာဏာပိုင်များဘက်က ရသလောက်အချိန်ဆွဲထားရန် နှုတ်ဖြင့် ဖိအားပေးခဲ့သောကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အချိန်ဆွဲခဲ့ကြရသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့လေသည်။[၇]

စိစစ်တွေ့ရှိချက်များ[ပြင်ဆင်ရန်]

လူမှုကွန်ယက်အပေါ်တွင် တွေ့ရှိရသော သူမ၏ဆိုင်ကယ်စီးဦးထုပ်ပုံများအရ ကျည်ဆံမှာ ဦးထုပ်ကို ဖောက်ထွက်သွားပုံရပြီး ရာဘာကျည်မဖြစ်နိုင်ကြောင်း၊ ကျည်အစစ်သာ ဖြစ်နိုင်ကြောင်းကို မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော ဒေါက်တာကိတ်ဟယူဝင်ဇ်( Kate Hewins)မှ ကောက်ချက်ဆွဲခဲ့သည်။[၁] ထို့အပြင် သူမ၏ လဲကျသွားသည့် ပုံသဏ္ဌာန်အရ ၎င်းကျည်ဆံ ပြန်စဉ်လာခြင်းမျိုးမဟုတ်ပဲ တိုက်ရိုက် ထိမှန်ခံရခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချခဲ့သည်။[၁]

၎င်းကို ကုသသော နေပြည်တော်ဆေးရုံရှိ ဆရာဝန်တစ်ဦးက ကျည်ဖူးမှာ သူမ၏ ဦးခေါင်းအတွင်းစိုက်ဝင်နေကြောင်း၊ သူမဦးနှောက်လုပ်ငန်း အများစုမှ အလုပ်မလုပ်တော့ကြောင်း၊ ဒဏ်ရာမှာ ကျည်အစစ်ကြောင့် ရရှိသော ဒဏ်ရာပုံဖြစ်ကြောင်း၊ သတ္တုကျည်ဖူးမှာ ညာဖက်နားအနောက်မှ ဖောက်ဝင်ပြီး ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် စိုက်နေကြောင်း ပြောဆိုခဲ့သည်။[၈]

မြန်မာတပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနမှ လုံခြုံရေးတပ်များမှ သေစေနိုင်သောလက်နက်များအသုံးမပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းဆန္ဒပြပွဲတွင် ပုလိပ်အဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံထုတ် အူဇီပုံစံတူ BA-94 သို့မဟုတ် BA-93 စက်သေနတ်အငယ်စား(sub-machine gun)ကို ကိုင်တွယ်ထားသည့်ပုံကို သတင်းထောက်များမှ ရရှိထားသည်။[၉] အဆိုပါရဲတပ်ဖွဲ့ဝင်သည် သူမ၏အပစ်ခံရသောနေရာနှင့် နီးကပ်သောနေရာတွင် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။[၉] သူမ၏ ဒဏ်ရာပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ကျည်အစစ်ကြောင့် ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရေးအခင်းအထောက်အထားစစ်ဆေးဌာနအကြီးအကဲ ဆဲမ်ဒပ်ဘာလေ(Sam Dubberley)မှ ပြောကြားခဲ့သည်။[၉]

မြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း၌ စစ်ဆေးတွေ့ရှိသော ဆေးမှတ်တမ်းများအရ ရဲတပ်ဖွဲ့၏ ကျည်ဆံသည် အဓိကရုဏ်းနှိမ်နင်းခြင်း၌သုံးသော ရာဘာကျည်မဟုတ်ဘဲ သံ[မှတ်စု ၁]ဖြင့်ပြုလုပ်ထားသော ကျည်ဆံအစစ် ဖြစ်သည်ဟု ထိုဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။[၆] ကွယ်လွန်ပြီးနောက် ဆေးရုံမှ မှုခင်းဆရာဝန်ကြီးက မည်သည့်အတွက်ကြောင့် သေဆုံးရကြောင်းကို သိရှိစေရန် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည်။ ထို့နောက် ကျည်ဆံသည် ရာဘာကျည်ဆံမဟုတ်ဘဲ ကျည်အစစ်(သတ္တုကျည်) ဖြစ်သည်ဟူ၌ ဆရာဝန်များက ထပ်မံအတည်ပြုခဲ့ကြ၏ ။[၇]


မှတ်စု[ပြင်ဆင်ရန်]

  1. သံဆိုသည်မှာ ကျည်ဆံပြုလုပ်သော သတ္တုကို အလွယ်ဆိုလိုခြင်းဖြစ်သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ The shooting of a young protester။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  2. မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  3. Woman left brain-dead after Burmese police shooting is now a protest symbol။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  4. Myanmar police used machine guns against protesters, says Amnesty
  5. လူရမ်းကား တယောက်ကနေမှ နိုင်ငံသားတယောက်ကို လူသတ်မှု ကျူးလွန်လိုက်တာ
  6. ၆.၀ ၆.၁ ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော
  7. ၇.၀ ၇.၁ "မမြသွဲ့သွဲ့ခိုင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်ခံရလို့ ကွယ်လွန်"၊ RFA News၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁။ 
  8. Myanmar: Lethal Force Used Against Protesters။ 2021-02-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ၉.၂ Myanmar: Evidence police deployed sub-machine guns against peaceful protesters, despite denials။ 2021-02-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-12 တွင် ပြန်စစ်ပြီး။