ဗဒုံနတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလုံဘိုးတော်ကြီး နတ်နန်း

အလုံဘိုးတော်ကြီး ခေါ် ဗဒုံနတ်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် နတ်လည်း ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပဋိက္ကရားပြည်တွင် ကုလားမင်းသား ညီနောင်နှစ်ပါးသည် စစ်ဖြစ်လေရာ ညီတော်ဖြစ်သူ "ပဋိစက္က" သည် အရေးနိမ့်လေသည်။ ထိုအခါ တိမ်းရှောင်ထွက်ပြေးလာပြီး အနော်ရထာမင်းထံသို့ ဝင်ရောက်ခစားခဲ့သည်။ အနော်ရထာမင်းသည် သနားတော်မူသဖြင့် နယ်မြေကို ရှာဖွေပြီး မြို့တည်နေစေရန်နှင့် နှစ်စဉ်မပျက် ရွှေပန်းခိုင်၊ ငွေပန်းခိုင်ကန်တော့ လက်ဆောင်ပဏ္ဍာများ ဆက်သွင်းရန် မိန့်တော်မူခဲ့သည်။[၁]

မုံရွာနှင့် ပဋိစက္က[ပြင်ဆင်ရန်]

ထို့နောက်တွင် ပဋိစက္ကသည် နယ်မြေရှာရန် ထွက်လာခဲ့သည်။ မုံရွာဖြစ်လာမည့် နေရာသို့ ရောက်လာသည့်အခါတွင် မုန့်သည်တစ်ယောက်သည် မုန့်ရောင်းကာ လုပ်ကိုင်စားသောက်နေသည်ကို တွေ့ရသည်။ ထို့နောက်တွင် ပဋိစက္ကသည် ထိုအမျိုးသမီးကို မေတ္တာရှိသဖြင့် လင်သားရှိမရှိ မေး၏။ မရှိမှန်းသိ၍ သိမ်းပိုက်လေသည်။ ၎င်းဒေသကို မုန့်သည်မရွာ ဟု ခေါ်ဆိုခဲ့သည်။ ကာလာပြောင်းလဲလာသည့်အခါ မုန့်သည်ရွာ၊ မုန့်ရွာ၊ မုံရွာ စသည်ဖြင့် ပြောင်းလဲခဲ့သည်။[၁]

ကြည့်ပဒုံ[ပြင်ဆင်ရန်]

ဤသို့ဖြင့် နယ်မြေဆက်လက်ရှာဖွေခဲ့၏။ မြို့တည်ဖြစ်မည့် နေရာနှင့် မနီးမဝေးနေရာသို့ ရောက်ရှိသည့်အခါတွင် ယုန်တစ်ကောင်သည် ခွေးကိုလိုက်လျှက်ရှိသည်ကို မြင်ကြ၍ "ဟော …. ကြည့်ပ ယုန် …. ကြည့်ပ .... ယုန်" ဟု တအံ့တဩ ဆိုကြသည်။ ကာလကြာညောင်းလာသည့်အခါတွင် "ကြည့်ပဒုံ" ဟု တွင်လာခဲ့သည်။

၎င်းကြည့်ပယုန် ချုံနေရာကို အောင်မြေအဖြစ် သတ်မှတ်လိုက်ပြီး မြို့တည်ခဲ့သည် မင်းကြီးက သနားတော်မူလိုက်သည့် ကျွဲဖြူသရေကို သေးငယ်သော နန်းမျှင်များ ပြုလုပ်ကာ ထိုသားရေ နန်းမျှင်ကြိုးဖြင့် လေးထောင့်သတ်မှတ်ကာ မြို့တည်ကာ နေခဲ့သည့်။[၁]

ပဋိစက္ကမင်း[ပြင်ဆင်ရန်]

ပဋိစက္ကမင်းသည် စဉ်းစားဉာဏ် ကျယ်ဝန်း၏၊ ပစ္စည်းဥစ္စာ ပြည့်စုံ၏၊ လူအများအား မိဘများက ထားရှိသည့် မေတ္တာမျိုးဖြင့် အုပ်ချုပ်သဖြင့် ၎င်းကို "ကုလားဉာဏ်ကြွယ် ဘသူကြွယ်" ဟု ခေါ်ကြသည်။ ပဋိစက္ကမင်းသည် အနော်ရထာမင်းအား နှစ်စဉ်ဘဏ္ဍာလက်ဆောင်တော်များ ဆက်သခဲ့သည်။[၁]

နတ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

ကာလကြာသည့်အခါတွင် လက်ဆောင်များကို ပေးပို့ဆက်သခြင်း မရှိတော့ဘဲ သုံးနှစ်မျှနေခဲ့လေသည်။ (အချို့က သွားရောက်ပို့သည့်သူများက မင်းကြီးထံမပို့ဘဲ လမ်းတစ်ဝက်မှ ဖြတ်ကာ ယူကြသည်ဟုလည်း ဆိုသည်။)

ထိုအခါတွင် အနော်ရထာမင်းကြီးသည် မှူးမတ်စေတမန်များကို အမိန့်ရာဇသံနှင့် လွှတ်လိုက်၏။ ထိုအခါ ပဋိစက္ကသည် အဖမ်းမခံဘဲ ခုခံ၏။ သို့သော် မတတ်သာဘဲ ရှုံးနိမ့်ကာ ထွက်ပြေးရလေသည်။ ရှေးက သွားလွှမ်းတောင်ဟု ခေါ်ပြီး ယခုအခါ စလွန်းတောင်ဟု ခေါ်သည့် တောင်သို့ ရောက်သည့်အခါတွင် ပဋိစက္ကသည် ရန်သူ့လက်တွင် သေခြင်းထက် မိမိကိုယ်ကို သတ်၍ သေရသည်က မြတ်သည်ဟု ဆိုကာ မြင်း၏ မျက်နှာကို ပဝါစည်းလေ၏။ ထို့နောက်တွင် ချင်းတွင်းမြစ်အတွင်းသို့ ဒုန်းစိုင်းစီးကာ ခုန်ချခဲ့သည်။ ဤသို့ဖြင့် သေဆုံးကာ နတ်ဖြစ်ခဲ့သည်။ ၎င်းနောက်တွင် မင်းကြီးက ရှေးအခါက ဗဒုံမြို့ ယခု အလုံမြို့တွင် ဘိုးတော်ကြီးအမည်ဖြင့် အပိုင်စား ပေးခဲ့သည်။[၁]

ကိုးကွယ်ယုံကြည်ခြင်း[ပြင်ဆင်ရန်]

နတ်ပွဲကျင်းပနေစဉ်

နတ်ပွဲကို တပေါင်းလဆုတ် ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုလုပ်ကြသည်။ နတ်ပွဲလာသူများသည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်၊ တစ်လှည်းကို တစ်လှည်း လက်ဖက်ထုပ်၊ မုန့်ထုပ်များဖြင့် ပစ်ပေါက်ကြသော်လည်း ခိုက်ရန် ဖြစ်ပွားခြင်း မရှိပေ။

ရိုးရာအစဉ်အလာအရ ကိုးကွယ်ကြသူများသည် ချက်ထားသည့် ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်ခွက်ယောက်တို့ကို လှည်းဦးပေါ်တင်ကာ လူတစ်ယောက်က လှည်းထမ်းပိုးကို ကိုင်ကာ မြှောက်ထားပြီး "ဘိုးတော်ကြီးခင်ဗျား မြေးဖြစ်သူ ကျေးတော်မျိုး ကျွန်တော်မျိုးများက လှည်းဦးကန်တော့်ပါသည် ခင်ဗျား" ဟု ဆိုကာ လှည်းဦးကို မြေကြီးပေါ်သို့ ပစ်ချရ၏။ သို့သော် အိုးခွက်တို့သည် ဖိတ်စဉ် ကွဲအက်ခြင်း လုံးဝမရှိပေ။

သိုးဆောင်းကြီး၊ သိုးဆောင်းလေး၊ နတ်ထိန်း၊ နတ်ကတော်များသည် မီးပုံကြီးကို ဝိုင်းက လှည့်ပတ်ပြီး လက်ဝါးကို ဖြန်ပြီး မီးကင်လိုက် ရင်ဘတ်ကိုကပ်လိုက် မီးပြန်ကပ်လိုက်နှင့် ပြုလုပ်ကာ ကခုန်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်). မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း. အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၂၀၁၊ ၂၀၂၊ ၂၀၃။