ဖာပွန်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဖာပွန်မြို့
မြို့
ဖာပွန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖာပွန်မြို့
ဖာပွန်မြို့
ဖာပွန်မြို့ တည်နေရာ
ကိုဩဒိနိတ်: 18°03′53″N 97°26′42″E / 18.06472°N 97.44500°E / 18.06472; 97.44500
နိုင်ငံ  မြန်မာ
ပြည်နယ် ကရင်ပြည်နယ်
ခရိုင် ဖာပွန်ခရိုင်
မြို့နယ် ဖာပွန်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၅၀၉ ပေ (၁၅၅ မီတာ)
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

ဖာပွန်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း၌ တည်ရှိသော ဖာပွန်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ ယခင်က တနင်္သာရီတိုင်းသံလွင်ခရိုင်၏ ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကရင်ပြည်နယ်ကို ခွဲခြားသတ်မှတ်လိုက်သောအခါ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အတွင်းသို့ ပူးပေါင်းလိုက်ရ၍ ဖာပွန်မြို့နယ်သည် ယခင်ဗြိတိသျှအစိုးရ လက်ထက်က ခရိုင်ရုံးစိုက်မြို့ပင် ဖြစ်ခဲ့သော်လည်း လူနေအိမ်ခြေ မများပြားလှသော မြို့ငယ်ကလေးမျှသာ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့၏ နယ်စပ်တွင် တည်ရှိ၍ အရေးပါသော မြို့ကလေး ဖြစ်ပေသည်။

ဖာပွန်မြို့သည် ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က ကေအင်ဒီအို သောင်းကျန်းသူများ လက်တွင်း ဖြစ်၍ အိမ်ခြေနှင့် လူဦးရေစာရင်းကို မကောက်ယူနိုင်ခဲ့ချေ။ ယခုလက်ရှိ ခန့်မှန်းခြေအားဖြင့် ဖာပွန်မြို့တွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး၊ လူဦးရေ ၂၀၀၀ ကျော်မျှ ရှိမည် ဖြစ်လေသည်။ မြို့၏ လူဦးရေ အများစုသည် ဗုဒ္ဓအယူဝါဒီများ၊ အစ္စလာမ်အယူဝါဒီများ ဖြစ်ကြသည်။

ဖာပွန်မြို့သည် သံလွင်မြစ်၏ လက်တက်တစ်ခု ဖြစ်သော ယွန်းဇလင်းချောင်း၏ အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ မြို့ကို တောင်ရိုးတောင်စဉ် နှစ်ခုကြားတွင် တည်ထားသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ဖာပွန်မြို့သည် ရွာသိမ်ရွာငယ်လေးမျှသာ ဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် ယိုးဒယား-မြန်မာနယ်စပ်တွင် တည်ရှိသောကြောင့် ဖာပွန်သည် ခရိုင်ဝန်ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ဖာပွန် ဟူ၍ ခေါ်တွင်ရခြင်းမှာ ရှေးက ထိုနေရာတွင် ရှမ်းယွန်းမွန် နှင့် ကရင်လူမျိုးများ နေထိုင်ကြသည်။ ထိုနေရာတွင် ကျောက်တုံးများ ပေါများသည်ကို အစွဲပြု၍ ရှမ်းယွန်းဘာသာဖြင့် ဖားပွန်း (ဖား=ကျောက်၊ ပွန်း=တုံး) ဟုခေါ်ဝေါ်ရာမှာ ကာလကာမြင့်သော် ဖာပွန် ဖြစ်လာသည်ဟု ဆိုကြသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ဖာပွန်မြို့နယ်သည် ကရင်ပြည်နယ်၏ မြောက်ပိုင်းဒေသ ဖြစ်သည်။ တောတောင်ထူထပ်သည်။ နက်ရှိုင်းရှည်လျားသောတောင်ကြားများ ပေါများသည်။ အချို့တောင်ထွတ်များသည် ပင်လယ်ရေပြင်ထက် ပေ လေးထောင်ကျော်မှ ငါးထောင်ကျော်ခန့်အထိ မြင့်မားသည်။ သစ်တောကြီးများလည်း သိပ်သည်း ထူထပ်လှသည်။ ဖာပွန်မြို့နယ်အတွင်း သံလွင်မြစ်၏ လက်တက် ဖြစ်သော မဲသလောက်ချောင်းယွန်းဇလင်းချောင်းနှင့် ယင်း၏ လက်တက်ငယ်များ၊ ဘီးလင်းချောင်းတို့ ဖြတ်သန်း စီးဆင်းကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြို့နယ်လူထု၏ အဓိက လုပ်ငန်းမှာ သစ်လုပ်ငန်းတောင်ယာလုပ်ငန်းကိုင်းသီးနှံနှင့် သံပုရာပိုးစာ စသော သစ်သီးဝလံ စိုက်ပျိုးခြင်းများ ဖြစ်သည်။ ထွက်ကုန်များမှာ ကျွန်းသစ်ပျဉ်းကတိုးသစ်ပုပ်ဝါးအမျိုးမျိုး၊ ကွမ်းသီးနှမ်း နှင့် ကိုင်သီးနှံတို့ ဖြစ်ကြသည်။ ဖာပွန်မြို့နယ်သည် မြန်မာနိုင်ငံတွင် ကွမ်းသီး ဒုတိယအထွက်ဆုံး မြို့နယ် ဖြစ်သည်။ မိုးရာသီအခါတွက် သစ်ဝါးများကို ယွန်းဇလင်းချောင်းမှတစ်ဆင့် သံလွင်မြစ်တစ်လျှောက်၊ မော်လမြိုင်မြို့ အရောက် ဖောင်ဖွဲ့မျှောချကြလေသည်။ ဒညင်းသီး၊ ကွမ်း၊ ကွမ်းသီးနှင့် နှမ်းများကို မော်လမြိုင်၊ သထုံမြို့ နှင့် ဘီးလင်းမြို့များသို့ တင်ပို့ရောင်းချကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေးမှာ ဖာပွန်မြို့မှ ကော့ကရိတ်ရွာအထိ ယွန်းဇလင်းချောင်းဖြင့်လာ၍ ကော့ကရိတ်ရွာမှ မော်လမြိုင်သို့ သံလွင်မြစ်ကြောင်းဖြင့် စုန်ဆင်းရသည်။ ယင်းခရီးလမ်းကြောင်းမှာ ဖာပွန်မြို့မှ မော်လမြိုင်မြို့သို့ မိုင်တစ်ရာဝေးသည်။ မော်လမြိုင်မှ ကော့ကရိတ်အထိသာ မော်တော်ဘုတ်ဖြင့် သွားလာနိုင်၍ ကျန်ခရီးလမ်းကို လှေကြီးများဖြင့်သာ သွားကြရလေသည်။

ကုန်လမ်းအားဖြင့် ဖာပွန်မှ ဘီးလင်းသို့လာ၍ ဘီးလင်းမှ သထုံသို့ မော်တော်ကားလမ်း ရှိသည်။ နွေအခါတွင် ဖာပွန်မှ သထုံသို့ နေ့ချင်းပေါက် မော်တော်ကားလမ်း ရှိသော်လည်း မိုးအခါတွင် မသွားနိုင်ချေ။ ဘီးလင်းမှ သထုံသို့ မိုင်တစ်ရာဝေးသည်။ ဖာပွန်မှ မြန်မာ-ယိုးဒယား နယ်စပ်ရွာ ဖြစ်သော ဒါးကွင်းရွာသို့ ဆင်များ၊ မြင်းများဖြင့် သွားလာရသော ခရီးလမ်း ရှိသည်။ ထိုခရီးသည် ၂၉ မိုင်ရှိသည်။ သံလွင်မြစ်ကမ်းပေါ်တွင်ပင် တည်ရှိ၍ မြန်မာယိုးဒယားနယ်စပ်ရွာဖြစ်သော ကျောက်ညှပ်သို့လည်း လှည်း၊ ဆင်၊ မြင်းဖြင့် သွားနိုင်သည်။ ဖာပွန်မှ ကယားပြည်နယ် နယ်စပ်နှင့် နီးသော ကော့လူဒိုရွာသို့ မိုင် ၄၀ မျှ ကွာဝေး၍ ဆင်များ၊ မြင်းများဖြင့်လည်းကောင်း၊ ခြေလျင်ခရီးဖြင့်လည်းကောင်း၊ သွားလာရသည်။ တောင်ဆင်းတောင်တက်များလေသည်။

ဖာပွန်မြို့နယ်သည် ဝူးဖရမ်ခဲ နှင့် သံ စသော သယံဇာတ ပစ္စည်းများ နှင့် သစ်ဝါးများ ပေါများသောဒေသ ဖြစ်သော်လည်း တောတောင်ထူထပ်၊ လမ်းပန်း အဆက်အသွယ်မကောင်းသဖြင့် မဖွံ့ဖြိုး၊ မတိုးတက်ခဲ့လှပေ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ တိုးတက်စည်ကားလာနိုင်ဖွယ်ရာရှိသည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ဖာပွန်မြို့အတွင်းရှိ ထင်ရှားသောစေတီပုထိုးများမှာ ယွန်းဇလင်းချောင်း တစ်ဘက်ကမ်းရှိ ရွှေအံတော်စေတီဖြစ်သည်။ မြတ်စွာဘုရား၏ အံတော်ကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗြိတိသျှ တို့ လက်ထက်မှ အစပြုကာ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ တစ်နယ်လုံးမှ ဘုရားဖူး လာရောက်ကြလေသည်။

ဖာပွန်မြို့နယ်ရှိ တောင်ကုန်း၊တောင်တန်းများတွင် နေထိုင်ကြသော ကရင်အမျိုးသားတို့သည် များသောအားဖြင့် မိဘရိုးရာ နတ်ကိုးကွယ်သူများ ဖြစ်ကြ၍ တစ်နှစ်တစ်ခါ အိမ်ဆောက်ကြရပြီးလျှင် အိမ်ဆောက်သည့် အခါတိုင်းနှင့် နှစ်စဉ် စပါးစိုက်ချိန်၊ စပါးသိမ်းချိန်တို့တွင် နတ်စားခြင်း၊ လိပ်ပြာခေါ်ခြင်းတို့ကို ပြုလုပ်ကြသည်။ အိမ်တိုင်း၌ ဂျပ်ခုတ်ရက်ကန်းစင်များထား၍ မိမိတို့ ရက်ကန်းစင်မှ ထွက်သောသင်တိုင်းစသည့် အဝတ်အထည်များကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများအတွက် ထူးခြားချက်တစ်ခုမှာ သင်တိုင်းကို အပျို၊ အအို ခွဲခြားဝတ်ဆင်ကြခြင်း ဖြစ်သည်။ အပျိုများသည် ခြေသလုံးအထိ ရှည်လျားသောသင်တိုင်းကို ဝတ်ဆင်ကြလေသည်။ အမျိုးသမီးတို့သည် အနီရောင်ပုတီးစေ့များနှင့် ငွေမတ်စေ့များကို အဆင်တန်ဆာ အဖြစ် နှစ်ခြိုက်စွာ အသုံးပြုကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၂၂၅)