ဘားအံခရိုင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဘားအံခရိုင်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကရင်ပြည်နယ်အတွင်းတည်နေရာ
ဘားအံခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘားအံခရိုင်
ဘားအံခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°52′N 97°38′E / 16.867°N 97.633°E / 16.867; 97.633ကိုဩဒိနိတ်: 16°52′N 97°38′E / 16.867°N 97.633°E / 16.867; 97.633
နိုင်ငံ မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်ဘားအံမြို့
လူဦးရေ ၇၈၃,၅၁၀[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဘားအံခရိုင် (အင်္ဂလိပ်: Hpa-An District) သည် ကရင်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ခရိုင်ရုံးစိုက်ရာမြို့မှာ ဘားအံမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

​​ဘားအံခရိုင်မြို့နယ်များ


  ဘားအံမြို့နယ်
  ​လှိုင်းဘွဲ့မြို့နယ်
  သံ​တောင်ကြီးမြို့နယ်

ဘားအံခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့်မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ယခင်က ဘားအံခရိုင်တွင် ပါဝင်သော ဖာပွန်မြို့နယ်ကို ဖာပွန်ခရိုင် အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ တွင် အသစ် ဖွဲ့စည်းခဲ့သည်။ [၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘားအံခရိုင် (ဖားအံဟုလည်း သုံးစွဲခဲ့ကြ) သည် ၁၉၁၇ခုနှစ်မှစ၍ ယခင်က တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) သထုံခရိုင်တွင်ပါဝင်ခဲ့သော နယ်ဖြစ်ကာ ခရိုင်ခွဲအဆင့်ရှိ နယ်​မြေဖြစ်သည်။သထုံခရိုင်ရှိ ဘားအံနယ်တွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်များ ပါဝင်ခဲ့သည်။ကော်သူလေးဒေသအား ကရင်ပြည်နယ်အဖြစ် ပြောင်း၍ဖွဲ့စည်းပြီးနောက် ၁၉၅၄ခုနှစ် ဇွန်လ ၁ရက်နေ့မှစ၍ ဘားအံနယ်သည် ဘားအံခရိုင်ဖြစ်လာခဲ့ကာ ကရင်ပြည်နယ်အသစ်၏ တစ်ခုတည်းသော ခရိုင်ဖြစ်သည်။ကရင်ပြည်နယ်သည် ဘားအံခရိုင်ဖြစ်ကာ ဘားအံခရိုင်သည်လည်း ကရင်ပြည်နယ်ဖြစ်သည်။ [၃]

သံတောင်မြို့နယ်သည် ရှေးယခင်က တောင်ငူခရိုင်တွင် ပါဝင်ဖွဲ့စည်းသည်။နောင်တွင်မှ ဘားအံခရိုင်၊ သံတောင်ခရိုင်ခွဲအဖြစ် ပြောင်း၍ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[၄]ဘားအံခရိုင်တွင် ဘားအံနယ်၊ သံတောင်နယ်နှင့် ကော့ကရိတ်နယ်တို့ ပါဝင်ခဲ့သည်။ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်များသည်လည်း တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) ကျိုက္ခမီခရိုင် (ယခုမော်လမြိုင်ခရိုင်)တွင် ပါဝင်ခဲ့ပြီး ၁၉၅၄ခုနှစ်မှစ၍ ဘားအံခရိုင်တွင် ကော့ကရိတ်နယ်အဖြစ် ပါဝင်ခဲ့သည်။[၅]

၁၉၄၉ခုနှစ် မေလ ၆ရက်နေ့မှ ၁၉၅၅ခုနှစ် မတ်လ ၂၆ရက်နေ့အထိ ဖာပွန်မြို့အား KNDOများ အုပ်စိုးခဲ့သည်။၁၉၅၅ခုနှစ် စက်တင်ဘာ ၁ရက်မှသာ ပြည်ထောင်စုအစိုးရ၏ ပုံမှန်အုပ်ချုပ်ရေးအသွင်ဖြင့် စတင်အုပ်ချုပ်ခဲ့ပြီး ဘားအံခရိုင်၊ ဘားအံနယ်တွင် ပါဝင်ခဲ့ကာ ၁၉၆၅ခုနှစ် စက်တင်ဘာလတွင်မှ မြို့ဖြစ်လာခဲ့သည်။၁၉၇၃ခုနှစ်တွင် မြို့နယ်အဆင့် ဖြစ်လာခဲ့သည်။

၁၉၉၅ခုနှစ်တွင် မြဝတီမြို့နယ်အား မြဝတီခရိုင်အဖြစ်လည်းကောင်း၊ ကော့ကရိတ်နယ်အား ကော့ကရိတ်ခရိုင်အဖြစ်လည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ဖာပွန်မြို့နယ်အား ဖာပွန်ခရိုင်အဖြစ်လည်းကောင်း ခွဲထုတ်၍ တိုးချဲ့ဖွဲ့စည်းခဲ့ကြရာ ဘားအံခရိုင်တွင် မြို့နယ်(၃)ခုသာ ကျန်ရှိတော့သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် ပြည်ထောင်စုနယ်မြေမှ ဒက္ခိဏခရိုင်၊ အရှေ့ဘက်တွင် ကယားပြည်နယ်မှ လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်၊ ထိုင်းနိုင်ငံမှ တက်ခ်ပြည်နယ်၊ တောင်ဘက်တွင် မြဝတီခရိုင်ကော့ကရိတ်ခရိုင်နှင့် မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် မွန်ပြည်နယ်မှ သထုံခရိုင်နှင့် ပဲခူးတိုင်းမှ တောင်ငူခရိုင်တို့တည်ရှိသည်။သံတောင်ကြီးမြို့နယ်နှင့် ကျန်(၂)မြို့နယ်တို့အကြားတွင် ဖာပွန်ခရိုင်(ဖာပွန်မြို့နယ်) တည်ရှိနေသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ခရိုင်အတွင်း မြေပြန့်လွင်ပြင်နည်းကာ ချိုင့်ဝှမ်း၊ လျှိုမြောင်များ တည်ရှိနေသည်။ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်နှင့် ခရိုင်မြောက်ဘက်ရှိ နော်ဘူတောင်မှာ လူသိများသည်။

ရေဆင်း[ပြင်ဆင်ရန်]

သံလွင်မြစ်သည် မြန်မာ-ထိုင်းနယ်နိမိတ်အဖြစ် ကယား-ကရင်ပြည်နယ် အစပ်မှ စတင်စီးဆင်းလာပြီး ဘားအံခရိုင်အရောက်တွင် သောင်းရင်းမြစ်နှင့်ဆုံကာ ဘားအံခရိုင်အတွင်း ဆက်လက်စီးဆင်းသည်။ထို့နောက် မွန်ပြည်နယ်မှနေ၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။သံလွင်မြစ်နှင့်ဆုံရာအရပ်မှစ၍ သောင်းရင်းမြစ်မှာ မြန်မာ-ထိုင်း နယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းနေသည်။လှိုင်းဘွဲ့မြစ်ဂျိုင်းမြစ်တို့သည်လည်း ထင်ရှားသည်။ထို့အပြင် သောက်ရေခပ်ချောင်း၊ ဒုံသမိချောင်း၊ မိဇိုင်းချောင်း၊ ပသိချောင်း၊ မြစ်ငန်ချောင်း၊ ကျီးချောင်း၊ ကမ်းနီချောင်းများလည်းရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ဘားအံခရိုင်၏ဦးရေမှာ ၇၈၃,၅၁၀ ဦးဖြစ်သည်။အမျိုးသား ၃၈၂,၃၈၇ဦး၊ အမျိုးသမီး ၄၀၁,၁၈၃ဦးဖြစ်သည်။မြို့ပြတွင် ၁၁၂၄၀၅ဦးနေထိုင်ကြကာ မြို့ပြနေထိုင်သူရာခိုင်နှုန်းမှာ ၁၄.၃ရာခိုင်နှုန်းဖြစ်သည်။ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ဘားအံမြို့နယ်တွင် လူဦးရေ အများဆုံးနေထိုင်ကြသည်။ကရင်လူမျိုးများ အများဆုံးနေထိုင်ကြကာ ဗမာမွန်ပအိုဝ့်လူမျိုးများ အစဉ်လိုက် များပြားစွာ နေထိုင်ကြသည်။ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဘားအံခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေး အသင့်အတင့် ကောင်းမွန်သောခရိုင်ဖြစ်သည်။ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။အဓိကထွက်ကုန်များမှာ စပါး၊ မြေပဲ၊ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာ၊ ဒူးရင်း စသည်တို့ဖြစ်ကာ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းသို့ အဓိကတင်ပို့သည်။ဘားအံမြို့နယ်ရှိ အပန်းဖြေဥယျာဉ်ကြီးများနှင့် သံတောင်ကြီးမြို့နယ်ရှိ နော်ဘူဘောတောင်တို့ကြာင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိကြသည်။[၆]

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဘားအံခရိုင်သည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်များသို့ ကုန်းလမ်းကြောင်းများဖြင့် ဆက်သွယ်ထားသည်။ဘားအံမြို့တွင် လေယာဉ်ကွင်းရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၇၃.၃ရာခိုင်နှုန်းဖြစ်သည်။ဘားအံမြို့နယ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ တည်ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဘားအံမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ မြိုင်ကလေးဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊ လှိုင်းဘွဲ့မြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊သံတောင်ကြီးမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၂)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့ တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  6. သံတောင်ကြီးမြို့ ‘နော်ဘူဘော’ ဆုတောင်းတောင်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်လာ