သစ်လုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သစ်ရတနာသစ်ထုတ်လုပ်ငန်း၏ သည်ထိပ်ရင်ဖိုဖွယ်ရာများ၊ ကမ္ဘာ၌ သစ်ထွက်ကောင်းသောနိုင်ငံကြီးများ၊ မြန်မာနိုင်ငံထွက်သစ်အမျိုးမျိုး၊ မြန်မာနိုင်ငံ၏ ဒုတိယဝင်ငွေအကောင်းဆုံးလုပ်ငန်း၊ ကမ္ဘာ့ဈေးကွက်၌ မျက်နှာပန်းလှနေသော မြန်မာ့ကျွန်းသစ်။

သစ်လုပ်ငန်း[ပြင်ဆင်ရန်]

သစ်တောတွင်းမှ သစ်ပင်ကို ခုတ်လှဲသစ်ထုတ်ခြင်း၊ ထိုနောက်သစ်စက်တွင် သစ်ခွဲခြင်း၊အသုံးချမည့်လူတို့လက်သို့ရောက်အောင် အဆင့်ဆင့်ဖြန့်ဖြူးရောင်းချခြင်း တို့ကို သစ်လုပ်ငန်း ဟုခေါ်သည်။ ကမ္ဘာအရပ်ရပ်တွင်သစ်တောများကိုအသုံးချသည့်ဒေသမှန်သမျှ သစ်လုပ်ငန်းရှိသည်။ သစ်လုပ်ငန်းသည်ရှေးအစဉ်အဆက်ကပင် လုပ်ကိုင်လာခဲ့ကြသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်ပေသည်။ လူတို့၏ နေအိမ်အဆောက်အအုံများ၊သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးမျိုးစသည်တို့သည် သစ်နှင့်မကင်းကြသဖြင့် သစ်လုပ်ငန်းသည်ခေတ်အမျိုးမျိုးနှင့်စံနစ်အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ကမ္ဘာ၌အဓွန့်ကြာရှည်စွာ တည်တံ့နေမည့်လုပ်ငန်းပေတည်း။

ကမ္ဘာပေါ်တွင် သစ်တောဧရိယာ ၆ဝရာခိုင်နှုန်း ခန့်သည် အာဖရိကတိုက်၊ အာရှတိုက်၊ လက်တင်အမေရိကတိုက်၊ (တောင်အမေရိကတိုက်)နှင့် ပစိဖိတ်ဒေသတို့၌ တွေ့ရှိရသည်။ သို့သော်ထိုဒေသများမှ စုစုပေါင်း သစ်အထွက်နှုန်းသည် ကမ္ဘာ့သစ်အထွက်၏ ၃ဝ ရာခိုင်နှုန်းခန့်သာရှိသည်။ ကမ္ဘာ့မြောက်ဘက်လုံးခြမ်း သမပိုင်းနိုင်ငံများသည် ရဝ ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်နိုင်ကြရာ သစ်ထုတ်ရေး၊ သစ်ခွဲရေး၊ သယ်ယူပို့ဆောင်ရေးတို့၌ အလွန်တိုးတက်သော စက်မှုပစ္စည်းများကိုထိုနိုင်ငံများက တွင်တွင်ကျယ်ကျယ် အသုံးပြုကြသောကြောင့် ဖြစ်လေသည်။ တောင်အမေရိကတိုက်၊ အာဖရိကတိုက်တို့၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် သစ်ထုတ်ခြင်းမပြုနိုင်သော သစ်တောကြီးများအများအပြားရှိသည်။ သစ်အထွက်ကောင်း၍ သစ်လုပ် ငန်းကြီးကျယ်သော ကမ္ဘာ့နိုင်ငံကြီးများမှာ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ ဆိုဗီယက်ရုရှနိုင်ငံ၊ ကနေဒါ နိုင်ငံနှင့်ဥရောပနိုင်ငံများဖြစ်ကြသော ဖင်းလန်၊ ဆွီဒင်၊ ပြင်သစ်၊ ပိုလန်နှင့် ဂျာမနီနိုင်ငံတို့ဖြစ်ကြသည်။ အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားပြည်ထောင်စုနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ် ပိုင်နိုင်ငံတို့သည်လည်း သစ်အထွက်ကောင်းသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည်ကျွန်းနှင့် အခြားအဖိုးတန် သစ်မာအများအပြားထွက်ရှိသဖြင့် ကျော်ကြားလေသည်။ အထက်တွင်ဆိုခဲ့သောသစ်လုပ်ငန်း၏အဆင့်သုံးဆင့် အနက် သစ်ထုတ်ရသည့်အဆင့်သည် အတော်ခက်ခဲသော အလုပ်ဖြစ်သည်။သစ်ပင်ခုတ်လှဲခြင်းကိုသစ်ခုတ်သမားတို့က ဆောင်ရွက်ရသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ သို့သော် သစ်တောအတွင်း၌ ကြံ့ခိုင်မြင့်မားသော သစ်ပင်ကြီးများကို ခုတ်လှဲရခြင်း သည်သက်သာလွယ်ကူသော အလုပ်မဟုတ်ချေ။ သစ်ခုတ်သမားများသည် ကြမ်းတမ်းကြံ့ခိုင်၍ ဇွဲသတ္တိရှိသူများဖြစ်ကြရသည်။

အေးမြသောသမပိုင်းဒေသနိုင်ငံများတွင် သစ်ခုတ်ရသည့်အချိန်ကာလသည် ရာသီဥတုဆိုးဝါးသော ဆောင်းအခါဖြစ်သည်။ ထိုနိုင်ငံများ၌ ဆောင်းရာသီတွင် သစ်ခုတ်လုပ်ငန်းကို ဆောင်ရွက်ရသည် အကြောင်းမှာဆောင်းရာသီ၌ မြေပြင်ကိုဆီးနှင်းများဖုံးလွှမ်းနေသဖြင့် ခုတ်လှဲပြီးသောသစ်များကိုတောတွင်းမှ ထုတ်ယူရန် လွယ်ကူသည်။သစ်လုံးများကိုချောင်းဘေးတွင်စုဆောင်းထား၍ နွေဦး၌ ဆီးနှင်းများအရည်ပျော်ပြီးလျှင် မြစ်ချောင်းများအတွင်းသို့စီးဆင်းသောအခါ သစ်လုံးများကိုထိုမြစ်ချောင်းများထဲသို့တွန်းချ၍မျောပါစေခြင်း ဖြင့်သစ်စက်များသို့သယ်ယူပို့ဆောင်ရေးလွယ်ကူသည်။ ရေခဲအောင်အေးမြလှသည့် ဆောင်းကာလတွင် တောကြီးမျက်မည်းများထဲ၌ သစ်ခုတ်ရသည့်အလုပ်သည် မည်မျှပင်ပန်းခက်ခဲမည်ကို တွေးဆကြည့်ကသိနိုင်ကြပေမည်။ သစ်ခုတ်ရမည့် သစ်တောအတွင်း၌ တဲစခန်းများဆောက်လုပ်၍ သစ်ခုတ်သမားများသည် နေ့စဉ်မိမိတို့ဆိုင်ရာအဆိုင်းနှင့် သစ်ခုတ်ထွက်ကြရသည်။ စက်မှုမထွန်းကားမီခေတ်ကကြီးမားသောလွှကြီး များကို အသုံးပြုကြရာ ထိုလွှကြီးများကို နှစ်ယောက်ဆွဲရသည်။ ခုတ်ကွက်တစ်ခု၏ သင့်လျော်ရာ တစ်နေရာတွင် ခုတ်ပြီးသားသစ်များကို ရွှေ့ပြောင်းသယ်ယူရေးအတွက် စက်ကြိုးယန္တရားတပ်ဆင်ရန် ကြီးမားကြံ့ခိုင်၍ မြင့်မားသောသစ်ပင်ကြီးတစ်ပင်ကို မဏ္ဍိုင်အဖြစ်ရွေးချယ်ရသည်။ မဏ္ဍိုင်ပင်အဖြစ်ထားမည့် သစ်ပင် ကြီးကိုသစ်ခုတ်သမားတစ်ယောက်တည်းက သစ်ပင်အပေါ်ပိုင်းသို့တက်ကာ ထိပ်ဖျားကိုပိုင်းချရသည်။ ယင်းသို့ ထိပ်ဖျားကိုပိုင်းရသည့်အလုပ်သည် အလွန်အသက်ဘေးအန္တရာယ်နှင့်နီးလှပေသည်။ ထိပ်ဖျားကို ပိုင်းချပြီးနောက် ဆွဲအားခံနိုင်ရန်မဏ္ဍိုင်ပင်ကြီးတွင် ထိန်းကြိုးဆိုင်းကြိုးများဖြင့် ဆိုင်းထားပြီးလျှင် စက်သီးများနှင့် အခြားစက်ကြိုးယန္တရားများ တပ်ဆင်ကာ ထိုစက်ကြိုးယန္တရားများဖြင့် ခုတ်လှဲပြီးသော သစ်လုံးများကို ထုတ်ယူ၍ လွယ်ကူစေရန်ရွှေ့ပြောင်းပေးခြင်း၊ ဆွဲတင်ပေးခြင်းတို့ကိုပြုလုပ်ရသည်။

အခြားသစ်ပင်များကိုခုတ်လှဲရာ၌မူ အပင်ကိုလှဲချပြီးနောက် အကိုင်းအလက်များကိုပုဆိန်ဖြင့် ခုတ်ထွင်ရှင်းလင်းရသည်။ ထိုနောက်တွင်သင့်လျော်မည့်အနေသစ်လုံးများရရှိအောင် ပင်လုံးကို ပိုင်းဖြတ်ကြရပြန်သည်။ ယင်းသည့်နောက်မှ သစ်လုံးများကို သစ်စက်များရှိရာသို့သယ်ယူပို့ဆောင်ရေး စံနစ်အမျိုးမျိုးဖြင့် ပို့ဆောင်ကြလေသည်။ စက်မှုထွန်းကားလာသောခေတ်တွင် သစ်ပင်များကို ခုတ်လှဲရာ၌ လွှစက်များကိုအသုံးပြုလာကြသည်။ အမေရိကန်ပြည်ထောင်စု၌ အထူးသဖြင့် ၁၉၄ဝ ပြည့်နှစ်နောက် ပိုင်းမှစပြီးလျှင် မော်တာစက်ဖြင့် မောင်း၍ဘိုင်စကယ်ချိန်းကြိုးနှင့်တူသော သံကြိုးကွင်းဆက်တွင် လွှ သွားများ တပ်ထားသည့် ချိန်းလွှများကို အသုံးပြုကာ သစ်ပင်များကိုခုတ်လှဲ ပိုင်းဖြတ်ကြလေသည်။

သစ်လုံးများကိုပိုင်းဖြတ်ထားသော နေရာများမှ အနီးဆုံးမီးရထားလမ်း၊ မော်တော်ကားလမ်း၊ မြစ်ဆိပ်စသော စခန်းတို့သို့ရောက်အောင် တစ်ခါတစ်ရံလူအင်အားဖြင့်၎င်း၊ တစ်ခါတစ်ရံမြင်း၊ လားစသော ဝန်ဆွဲတိရစ္ဆာန်များကိုအသုံးပြု၍ ဆွဲထုတ်ကြရသည်။ တောင်ကုန်းထူထပ်သောဒေသများတွင် တောင် စောင်း ဆင်ခြေလျှောများမှ လျှောချခြင်းများလည်း ပြုကြသည်။ မီးရထားလမ်း၊ မော်တော်ကားလမ်း၊ မြစ်ဆိပ်စခန်းသို့ရောက်သည့်အခါမှ မီးရထား၊ မော်တော်ထရပ်ကား၊ ဆွဲသင်္ဘောများဖြင့် သက်ဆိုင်ရာ သစ်စက်ကြီးများသို့ သယ်ယူပို့ဆောင်ရလေသည်။ အသုံးများသော သယ်ယူပို့ဆောင်ရေးစံနစ်မှာ မြစ်ချောင်းများဖြင့်သစ်လုံးများမျှောချခြင်းဖြစ် သည်။ သစ်မျှောချရာ၌လည်း သစ်အလုပ်သမားများ၏အံ့ဖွယ်ရာ အရည်အခြင်းကိုတွေ့ကြရသည်။

သစ်လုံးများဖောင်ဖွဲ့၍မျှောချစဉ် လိုက်ပါလာသောအလုပ်သမားတစ်ယောက်အတွက် ရေစီးအရှိန်ပြင်းပြင်း တွင်မျောပါလာသော သစ်လုံးများကို ထိန်းသိမ်းလိုက်ပါလာရခြင်းသည် အန္တရာယ်မသေးလှချေ။ သံချွန် တပ်ထားသော ဖိနပ်များကိုစီးကာ သစ်တုံးတစ်ခုမှတစ်ခုသို့ ခုန်ကူးပြီးလျှင် သစ်လုံးများကိုနေရာတကျ မျောပါနိုင်စေရန်ပြုပြင်ပေးရသည့်အလုပ်သည် မလွယ်ကူပေ။ တစ်ခါတစ်ရံ ဖောင်ဖွဲ့ထားသော သစ်လုံးများ သည်အတားအဆီးတခုခုနှင့်တွေ့သဖြင့်ကစဉ့်ကရဲဖြစ်သွားခြင်း၊ သစ်လုံးများစုပြုံမောက်တက်ပြီးလျှင် ထိုးထိုးထောင်ထောင် ဖြစ်ခြင်းများလည်း ဖြစ်တတ်သေးသည်။ ယင်းသည့်အခါ သစ်လုံးကိုနေရာတကျ ဖြစ်အောင် ပြန်၍စီစဉ်ရသည့်အလုပ်သည်လည်း သည်းထိပ်ရင်ဖိုဖွယ်ကောင်းလှသည်။ ထိုအခါမျိုးတွင် အချက်အခြာသော့ချက်ဖြစ်သော သစ်လုံးကိုရှာပြီးလျှင် ပြန်၍နေထားတကျဖြစ်အောင် ပြုလုပ်ရသည်။ တစ်ခါတစ်ရံဒိုင်းနမိုက်များကိုအသုံးပြုကာ လုံးထွေးနေသောသစ်လုံးများကိုရှင်းထုတ်ရလေသည်။ ထိုနိုင်ငံကြီးများတွင် မြစ်ချောင်းများဖြင့် မျှောချရသည့်သစ်လုံးများကို လက်ခံသောသစ်စက် များသည် များသောအားဖြင့်သဘာဝရေအိုင်၊ သို့မဟုတ် လူတို့စီမံလုပ်ကိုင်ထားသောရေအိုင်တို့၏ကမ်းပါးပေါ်တွင်တည်ရှိ ကြသည်။ ထိုသစ်စက်ကြီးများရှိ သစ်လှောင်ကန်များတွင် သစ်လုံးများကိုထည့်သွင်း ချည်နှောင်ထားကြသည်။

တစ်ခါတစ်ရံ သစ်စက်ကြီးများသည် ကြီးမားကျယ်ပြန့်သော ရေအိုင်ကြီးများ ၏ကမ်းပါး၌တည်ရှိကြပေရာ၊ မြစ်ချောင်းများဖြင့်မျောပါလာသောသစ်လုံးများကိုရေအိုင်ကြီး များသို့ရောက် လျှင်ဆွဲသင်္ဘောများဖြင့်တဆင့်ဆွဲယူ၍ သစ်စက်ကြီးများသို့ပို့ကြရသည်။ ယခုခေတ်တွင်မူ မြစ်ချောင်း များအားဖြင့်သစ်မျှောခြင်းသည် မြစ်ချောင်းကမ်းပါးများကို ပြိုစေသည်ဟု ယူဆသောကြောင့် ထိုနည်းကို အသုံးနည်းပါးလာသည်။ စက်ကရိယာအသုံးများသော ခေတ်သို့ရောက်ရှိလာသဖြင့်လည်း သစ်လုံးများ ကိုမီးရထား၊ မော်တော်ကားများဖြင့် သယ်ယူပို့ဆောင်မှုကို ပို၍အသုံးများလာလေသည်။

စက်မှုခေတ်သို့ရောက်လာသဖြင့် သစ်တောအတွင်း၌ သစ်ခုတ်လှဲခြင်း၊ တောတွင်းမှသစ်လုံးများ ထုတ်ယူခြင်း၌လည်း စက်ကရိယာများကို အသုံးပြုလာကြသည်။ အမေရိကန်ပြည်ထောင်းစု ၊နယူး အင်္ဂလန်ပြည်နယ်နှင့် ရေအိုင်ကြီးများဒေသတွင် တောတွင်းမှ သစ်လုံးများကို ထရက်တာများ၊ ဗူလဒိုဇာ များဖြင့်ဆွဲ၍ မီးရထားလမ်း၊ မော်တော်ကားလမ်းရှိ စခန်းများသို့ပို့ဆောင်ကြသည်။ ထိုကြောင့်သစ် တောများတွင်းမှသစ်လုုံးများထုတ်ယူရေးသည် ယခင်ကလောက်ခဲယဉ်းပင်ပန်းခြင်း မရှိတော့ချေ။ ထရက်တာ များ သည်နေရာကျဉ်းကျဉ်း၌ပင်လှည့်ပတ် သွားလာနိုင်၍ သစ်ခုတ်စခန်းသို့အရောက်သွားပြီးလျှင် သစ်လုံးများကိုဆွဲယူလာနိုင်သည်။ ဗူလဒိုဇာများသည်လည်း သစ်တောများအတွင်းလမ်းရှင်းခြင်း၊ မညီညာသော မြေပြင်များကိုညှိခြင်းများကို ပြုလုပ်ကာ သစ်လုံးများကိုပါဆွဲထုတ်လာနိုင်သည်။ ထရက်တာ များ၊ ဗူလဒိုဇာများကိုအသုံးပြုလာသဖြင့် သစ်တောများအတွင်းမှသစ်လုံးများကို တောတွင်း၌ အချိန်ကြာ မြင့်စွာမထားဘဲ ထုတ်ယူနိုင်သောကြောင့် သစ်လုံးများဆွေးမြေ့ခြင်း၊ ပိုးကိုက်ခြင်းတို့လျော့နည်းသွားလေ သည်။

သစ်စက်များတွင် သစ်လုံးမျာကိုခွဲခြမ်းစိတ်ဖြာရသည်။ သစ်ခွဲရာ၌ ဂိုဏ်းလွှဟုခေါ်သော လွှသားအများအပြား ပါဝင်သည့် လွှစက်ကိုအသုံးများကြသည်။ ထိုလွှစက်ဖြင့် သစ်လုံးကိုစိတ်ဖြာ လိုက်ရာတစ်ချိန်တည်းတွင် သစ်လုံးတစ်လုံးတည်းမှ သစ်ခွဲသားအများအပြား ထွက်ရှိနိုင်သည်။ သစ်လုံးကို သစ်ခွဲသားများအဖြစ် လွှာချရာ၌ အလဟဿဖြစ်သွားသောအစိတ်အပိုင်းဟူ၍မရှိချေ။ ဂ္ဂွဲခြမ်းညံ့ညံ့များ ကိုတန်းပျဉ်များအဖြစ် သုံးနိုင်သည်။ အခေါက်၊ လွှစာနှင့် အခြားအစအနများကို ထင်းဆိုက်ကြရ သည်။ သစ်တိုသစ်စများကိုလေလုံသောပေါင်းအိုးများတွင် အပူဓာတ်ပေးပြီးပေါင်းခံခြင်းအားဖြင့် မက်သဲ အယ်လကိုဟော၊ အက်သဲ အယ်လကိုဟော၊ ကတ္တရာတစ်မျိုးနှင့် မီးသွေးကိုလည်း ရရှိနိုင်လေသည်။

သစ်စက်မှ ခွဲခြမ်းပြီးစသစ်များကို အသုံးမပြုသင့် သေးပေ။ ထိုသစ်များသည်အသားမသေသေး သဖြင့် ရာသီဥတုစိုထိုင်းခြင်း၊ ခြောက်သွေ့ခြင်းတို့ကို လိုက်၍ အသားကျုံ့ခြင်းပွခြင်းဖြစ်တတ်သည်။ ထိုကြောင့် အသားသေအောင် ပြုပြီးသော သစ်များကိုသာလျှင် အသုံးပြုသင့်သည်။ သစ်စက်ကြီးများတွင် သစ်များကို အသားသေအောင်ပြုလုပ်သည့် သစ်ပေါင်းဖို'များရှိသည်။ ထိုပေါင်းဖိုများအတွင်းသို့ သစ်ခွဲသားများသွင်းပြီးလျှင် သစ်များ၏အမျိုးအစားအခြေအနေကိုလိုက်၍ ရက်အနည်းအများထားကာ ရေနွေးငွေ့နှင့်လေပူတို့ကိုပေးသွင်း၍ သစ်များခြောက်သွေ့အောင် ပြုပေးသည်။ ပေါင်းဖိုများမရှိသည့် သစ်စက်များတွင်းမူ သစ်ခွဲသားများကို တစ်ခုပေါ်တစ်ခုဆင့်၍ ကန့်လန့်ဖြတ်တင်ကာ လေသလပ်စေ ခြင်းဖြင့် သစ်များခြောက်သွေ့၍ အသားသေအောင် ပြုကြသည်။ ထိုနည်းသည်ပေါင်းတင်နည်း ကဲ့သို့ အခြောက်မမြန်ပေ။ အချို့သစ်စက်ကြီးများတွင် ရွေပေါ်ထိုးစက်များလည်း ပါရှိ၍ အချို့တွင်မပါသဖြင့် ရွေပေါ်ထိုးခြင်းကို သီးသန့်ပြုရသည်။ အမေရိကန်ပြည်ထောင်စုမှ သစ်စက်ကြီးများ ရှိ ရွေပေါ်ထိုးစက်များသည် တမိတစ်လျှင် အလျားပေ ၄ဝဝ ပြီးစီးအောင်ထိုးနိုင်သည်။ ကြမ်းခင်းရန် ၊သို့မဟုတ် နံရံကာရန် အတွက်လျှာထိုးဆက်၍ကောင်းစေရန် ပျဉ်ချပ်၏နံဘေးစောင်းတစ်ဖက်တွင် လျှာဖေါ်ပေးပြီးလျှင် တစ်ဖက်တွင် မြောင်း ဖေါ်ပေးရလေသည်။

အချို့သောကမ္ဘာ့နိုင်ငံကြီးများတွင် သစ်အရောင်းအဝယ်ပြုကြရာ၌ ဗြက်တပေ၊ အထူတလက်မ ရှိသည့်ပျဉ်ချပ်များ၏ အလျားပေကိုလိုက်၍ တွက်ချက်ရောင်းဝယ်ကြသည်။ အမေရိကန်ပြည်ထောင်စု တွင်သစ်ဈေးကိုထိုတစ်ပေပျဉ်၏ အလျားပေ တစ်ထောင်ဈေးကို ဆို၍အရောင်းအဝယ်ပြုကြသည်။ မြန်မာနိုင်ငံတွင်မူ သစ်အလေးချိန် တစ်တန်ဈေးနှုန်းကို ဆို၍ အရောင်းအဝယ် ပြုကြသည်။ သစ်တစ်တန်လျှင် ကုဗ ပေ ၅ဝ ရှိလေသည်။ သစ်များကိုအမျိုးမျိုးအသုံးချကြရာ၌ သမပိုင်းဒေသနိုင်ငံများတွင် ထင်းရှူးတို့မှ ထုတ်လုပ်သော သစ်ပျော့မျိုးတို့ကို အသုံးများကြသည်။ အပူပိုင်းဇုန် ဒေသများ၌မူ ရွက်ပြန့်မျိုးတို့မှ ထုတ်လုပ်သော သစ်မာမျိုး တို့ကို အသုံးများလေသည်။

၁၉၆၃ ခုနှစ်အတွင်းတစ်ကမ္ဘာလုံး၏ သစ်လုံးအထွက်စုစုပေါင်းသည် ၄၆၃ဝဝဝဝဝဝ တန် ဖြစ်သည်။ ကမ္ဘာပေါ်တွင်သစ်အများဆုံးထုတ်လုပ်နိုင်သော နိုင်ငံသည် အမေရိကန်ပြည်ထောင်စုဖြစ်သည်။ သို့သော်အထွက်ကောင်းသလောက် အသုံးလည်းများသည်။ ၁၉၆၃ ခုနှစ်အတွင်းက သစ်လုံး ၂၁ဝဝဝဝဝဝဝ တန်ထုတ်လုပ်ခဲ့သည်။

သစ်မာအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သော်လည်း အပူပိုင်းဒေသမှသစ်မာမျိုးကိုတင်သွင်းရသေးသည်။ ကနေဒါနိုင်ငံ၏ မြေဧရိယာ ၅ရ ရာခိုင်နှုန်းသည် သစ်တောများဖြစ်၍ သစ်လုပ်ငန်းသည် နိုင်ငံ၏အဓိက လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။

သစ်လုပ်ငန်းတွင်စက်မှုအသုံးများ၍ သစ်ထုတ်ရေး၌ထရပ်ကား များကိုအသုံးပြုသဖြင့် သစ်ခုတ်ခြင်းကိုတစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်သောနေရာ ဒေသများစွာရှိသည်။ ခေတ်မီ စက်ပစ္စည်းများကိုအသုံးပြုသဖြင့်လည်း ကနေဒါနိုင်ငံသည် သစ်များကိုတိုးတက်ထုတ်လုပ်နိုင် လျက်ရှိရာ ၁၉၆၂ ခုနှစ်အတွင်း ကနေဒါနိုင်ငံ၏သစ်အထွက်မှာ သစ်လုံး ၆၈ရဝဝဝဝဝ တန်ဖြစ် သည်။

ကမ္ဘာ၌ဒုတိယအထွက်ကောင်းသောဆိုဗီယက် ရုရှတွင်၂ဝ ရာစုနှစ်အစပိုင်းအထိသစ်ထုတ်လုပ်ရေးသည် ခေတ်မမီသေးပေ။ဒုတိယကမ္ဘာစစ်အပြီးတွင်သစ်လုပ်ငန်း၌စက်မှု ပစ္စည်းများကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာရာ သစ်ခုတ်ရေး၌စက်ကရိယာများ ၉၁ ရာခိုင်နှုန်း၊ သစ်ထုတ်သစ်ဆွဲရေး၌၆ဝ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးတွင် ၈၈ ရာခိုင်နှုန်း၊အသီးသီးအသုံးပြုလေသည်။ ၁၉၆၃ ခုနှစ်၌သစ်လုံး ၂၅၄ဝဝဝဝဝဝတန်ကိုထုတ်လုပ်ခဲ့လေသည်။ ဆွိီဒင်၊ ဖင်းလန်နှင့်ဂျာမနီနိုင်ငံတို့သည် သစ်လုပ်ငန်းတွင်ဥရောပမြောက်ပိုင်းနိုင်ငံများ၌စံနမူနာ ထားရသောနိုင်ငံများဖြင့်သည်။ စက်ကရိယာပစ္စည်းများကို အသုံးပြုသော်လည်း မြစ်ချောင်းများအားဖြင့် သစ်မျှောခြင်းကိုပြုလုပ်ကြသေးသည်။

တောင်အမေရိကတိုက်၏ အပူပိုင်းသစ်တောအများအပြားတို့သည်၎င်း၊ သမပိုင်းသစ်တောများ သည်၎င်း၊ လူသူမနီးသောဒေသ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများ၌ရှိကြသဖြင့် သစ်ထုတ်ယူရေးကိုမဆောင်ရွက်နိုင်သေးသလောက်ဖြစ်နေသည်။ ဗရာဇီး၊ ပိုလစ်ဗီးယား၊ ပီးရူး၊ ကိုလုံးဗီးယား၊ အက်ကွာဒေါစသောနိုင်ငံများ၌လည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိိသော သစ်ထုတ်လုပ်ရေးစံနစ်များသည် များစွာခေတ်နောက်ကျလျက်ရှိသေးသည်။ လူအင်အားကိုသာ အဓိကထားနေရသဖြင့် ကြီးကြီးမားမား သစ်လုံးကြီးများကို လည်း မထုတ်လုပ်နိုင်ဘဲ ခြေနိုင်လက်နိုင်အရွယ်အစားရှိသော မဟောဂနီနှင့် စပိန် ဆီဒါသစ်မျိုးကိုသာထုတ်လုပ်နိုင်လေသည်။ အာဖရိကတိုက်တွင် သစ်ထုတ်ရန်လွယ်ကူသော သစ်တောများမှသာ သစ်ထုတ်ရေးကိုဆောင်ရွက်လျက်ရှိ၍ ဒုတိယကမ္ဘာစစ်ခေတ်အထိ သစ်လုပ်ငန်းအခြေအနေသည်များစွာ ခေတ်နောက်ကျခဲ့သည်။ စစ်ပြီးစခေတ်တွင်မူ ဇိုင်ယာနိုင်ငံ (ယခင်ဗဲလဂျီယန်ကွန်ဂို) နှင့်အာဖရိကတိုက်တောင်ပိုင်းတွင် သစ်လုပ် ငန်း၌ ထရက်တာ၊ ဝန်တင်စက်၊ ဝန်ချီစက်၊ ထရပ်ကားစသော ခေတ်မှီစက်ပစ္စည်းများကိုအသုံးပြုလာခဲ့ သည်။

အာရှတိုက်တောစိုများ၌ သစ်ခုတ်လုပ်ငန်းတွင် လူအင်အားကိုအဓိကအသုံးပြု၍ သစ်ထုတ်သစ်ဆွဲရန် တိရစ္ဆာန်အင်အားကိုအသုံးပြုသည်။ အိန္ဒိယတွင် ကျွဲနွားများကိုအသုံးများ၍၊ ခရီးလမ်းပန်းကြမ်းတမ်းသော ဒေသများတွင် ဆင်များကိုအသုံးပြုသည်။ ဘင်္ဂလားဒေ့ရှနိုင်ငံ (ယခင်အရှေ့ပါကစ္စတန်) တွင်ပုဂ္ဂလိကသစ်ခုတ်ကွက်များ၌ ဆင်ကိုအသုံးပြု၍ အစိုးရပိုင်သစ်တောများ၌မူ ထရက်တာများ ကိုအသုံးများသည်။ အနောက်ပါကစ္စတန်၌မူ သစ်လုံးသေးများသာထွက်သဖြင့် သစ်ခုတ်သစ်ထုတ်လုပ်ငန်း များ၌ လူအင်အား ကိုသာ အသုံးပြုသည်။

အာရှနိုင်ငံများအနက် ဂျပန်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် သစ်လုပ်ငန်း၌ စက်မှုပစ္စည်းအသုံး များသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်စစ်တပ်၏ စစ်ကျန်စက်မှု ပစ္စည်းအများအပြားကိုရလိုက်သည်မှစ၍ သစ်ခုတ်၊ သစ်ထုတ်လုပ်ငန်းတွင် ထရက်တာများကိုအသုံး ပြုခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းအထိ သစ်ခုတ်၊ သစ်ထုတ်လုပ်ငန်းများတွင် လူအင်အားကိုသာ အသုံးပြုခဲ့ သေးသည်။ ထိုနိုင်ငံသည် သစ်ထွက်ကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ရာ ၁၉၆၂ ခုနှစ်တွင် သစ်လုံး ၄၂၅ဝဝဝဝဝ တန်ထုတ်လုပ်နိုင်ခဲ့သည်။

ပစိဖိတ်ဒေသတွင် ဩစတြေးလီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ဖီးဂျီးကျွန်းတို့မှလွဲ၍ အခြားဒေသများတွင် များသောအားဖြင့် သစ်ခုတ် သစ်ထုတ်ရေးတို့ကို သမားရိုးကျစံနစ်များဖြင့်သာ ဆောင် ရွက်နေဆဲဖြစ်သည်။ ဩစတြေးလီးယားနှင့်နယူးဇီလန်နိုင်ငံတို့ရှိ ကြီးကျယ်သောသစ်လုပ်ငန်းများတွင် ခေတ်မှီစက်ကရိယာပစ္စည်းများကို အသုံးပြုလျက်ရှိကြလေသည်။ သစ်လုပ်ငန်းသည် မြန်မာနိုင်ငံစီးပွားရေးစံနစ်၏ ဒုတိယအချက်အချာနေရာကိုယူထားပေသည်။ သစ်တောများကို စံနစ်တကျပြုစုစောင့်ရှောက်ထားပါက ဆန်စပါးကဲ့သို့ရာသီဥတုနှင့်မိုးရေချိန်ပေါ်မှိီခိုခြင်း မပြုရဘဲ နှစ်စဉ်ဝင်ငွေမှန်မှန်ရနိုင်သော လုပ်ငန်းဖြစ်လေသည်။ မြန်မာနိုင်ငံ၏ မြေပြင်ဧရိယာ ၅ရ ရာခိုင်နှုန်းသည် သစ်တောများဖြစ်ကြ၍ ထိုသစ်တောများ တွင်ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင်၊ သစ်ယာ၊ အင်ကြင်း၊ပိတောက်၊ ယင်းမာစသော အဖိုးတန် များပေါက်ရောက်သည့်ပြင် လက်ပံ၊ ဒီဒူး၊ လျှော်ပြာအစရှိသော မီးခြစ်သစ်အတွက်သစ်ပျော့များ ထွက်သည့် သစ်တောများလည်း ရှိပေသေးသည်။ မြန်မာ့သစ်တောများတွင် ပေါက်ရောက်သည့် သစ်ပင် မျိုးစုံ အမျိုးပေါင်း၂ဝဝ ကျော်ရှိ၍ ယခုအချိန်အထိ ရောင်းတန်းဝင် သစ်ပင်အမျိုးပေါင်း ၅၂ မျိုးခန့် ရှိသည်ဟု သိရပေသည်။ ယင်းတို့အနက် ကျွန်းသည် သစ်ဘုရင်ဟု ခေါ်ဆိုရလောက်အောင် တန်ဖိုး လည်းရှိ လူကြိုက်လည်း များလှပေသည်။

မြန်မာနိုင်ငံထွက်သစ်အမျိုးမျိုးအနက် နိုင်ငံခြားကအထူးအလိုရှိသောသစ်သည် ကျွန်းဖြစ်သည်။ မြန်မာ့ကျွန်းသစ်၏အဖိုးတန်ပုံကို ခရစ် ရှစ်ရာစုနှစ်မှ ၁၆ ရာစုနှစ်အတွင်းက အရှေ့နိုင်ငံများသို့ ပင် လယ်ခရီးဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုခဲ့ကြသည့် အာရပ်လူမျိုးများကစ၍ သိခဲ့ကြသဖြင့် ယင်း တို့၏လှေကြီးများ၊ ပင်လယ်ကူးသင်္ဘောများကို ကျွန်းသစ်ဖြင့်ဆောက်လုပ်ခဲ့ကြ သည်။ ဥရောပတိုက် တွင်သမုဒ္ဒရာရေကိုစိုးမိုးနိုင်လျှင် ကမ္ဘာကိုလည်းစိုးမိုးနိုင်မည်ဟူသော အယူအဆခေတ်စားလာသောခေတ်၊ ပင်လယ်ခရီးထွက်၍ ရေသစ်၊ မြေသစ်၊ ဈေးကွက်သစ်များရှာကြသောခေတ်တွင် ဥရောပနိုင်ငံများသည် မြန်မာ့ကျွန်းတောကြီးများကို လိုချင်မက်မောလာကြသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ သည့်အကြောင်းရင်း တွင်အဖိုးတန်မြန်မာ့သစ်တောကြီးများကို ပိုင်ဆိုင်လိုမှုသည်လည်း အဓိကအကြောင်း ရင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့လေသည်။

ရှေးရှေးက မြန်မာနိုင်ငံတွင်စိမ်းစိုညိုမှိုင်းသော သစ်တောကြီးများ အလွန်ပေါများခဲ့သည်။ လူနေ အိမ်ခြေ ချဲ့ထွင်လာကြသဖြင့်၎င်း၊ သစ်တောများကိုစည်းကမ်းမဲ့ ခုတ်လှဲကြ သဖြင့်၎င်း၊ သစ်တောများစွာ ပြုန်းခဲ့ရသည်။ ခရစ်နှစ် ၁ရ၅၂ ခုတွင် နန်းတက်သော အလောင်းမင်းတရားကြီး လက်ထက်တွင် ကျွန်းပင်များသည် ဘုရင့်ဘဏ္ဍာတော်ပိုင် တော်ဝင်ပစ္စည်းများဟု သတ်မှတ်ကျေညာ၍ စည်းကမ်းမဲ့ ခုတ်ခြင်းကို တားမြစ်သဖြင့်သာ ကျွန်းပင်များပျက်စီးပြုန်းတီးမှုမှ သက်သာတန်သရွေ့သက်သာခဲ့ လေသည်။

ပထမအင်္ဂလိပ်· မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့သည်မိမိတို့သိမ်းပိုက်ရရှိသော တနင်္သာရီတိုင်း မှကျွန်းတောများကို အိန္ဒိယနိုင်ငံရှိ ဗြိတိသျှရေတပ်မတော် သင်္ဘောများတည်ဆောက်ရန်အတွက် စည်းကမ်းမဲ့ ခုတ်လှဲခဲ့သဖြင့် သစ်တောအများပင် ပြုန်းတီးခဲ့ရသည်။ ထိုကြောင့် အိန္ဒိယဘုရင်ခံချုပ်သည် အစိုးရက ရွေးချယ်သတ်မှတ်ပေးခြင်းမပြုဘဲ ကျွန်းပင်များကိုမည်သူမျှ မခုတ်လှဲရဟူ၍ ခရစ် ၁၈၈၅ခုနှစ်တွင် အမိန့်ထုတ်ပြန်ရသည်။ ၁၈၅၆ ခုနှစ်တွင်အိန္ဒိယနိုင်ငံ ဗြိတိသျှအစိုးရသည် အိန္ဒိယနှင့်မြန်မာသစ် တောများကိုအုပ်ချုပ်ရန် ဂျာမန်လူမျိုးသစ်တောပါရဂူ ဒေါက်တာ ဗရန်းဒစ်ကို ခန့်ထားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးသည် သစ်တောများအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပြုစုပျိုးထောင်ရေး၊ သစ်ထုတ်လုပ်ရေးတို့ ကို စည်းကမ်းစံနစ်ကျနစွာ ဖြစ်စေရန် ခိုင်ခံ့သော အခြေခံအုတ်မြစ်ချထားပေးခဲ့ပေသည်။

သစ်လုပ်ငန်းကိုမြန်မာနိုင်ငံ၌ အစောဆုံးလုပ်ကိုင်သည့် နိုင်ငံခြားသားကုမ္ပဏီကြီးများမှာ မင်းတုန်းမင်းတရားကြီး လက်ထက် ၁၈၅၈ ခုနှစ်မှစ၍အောက်မြန်မာနိုင်ငံ၌ လုပ်ကိုင်ခဲ့သောဘုံဘေဘား မား ကုမ္ပဏီနှင့် ၁၈၆ဝ ပြည့်နှစ်မှစ၍ အထက်မြန်မာနိုင်ငံ၌လုပ်ကိုင်ခဲ့သော မက္ကရီကာကုမ္ပဏီတို့ဖြစ်ကြ သည်။ မင်းတုန်းမင်းတရားကြီး သည် မြန်မာပိုင်နယ်မြေအတွင်းရှိ သစ်တောများမှ ကျွန်းသစ်ရောင်း ဝယ်ရေးကို တစ်ဦးတည်းမူပိုင်ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာတနိုင်ငံလုံးကို ဗြိတိသျှတို့သိမ်းပိုက်ပြီး နောက်တွင်မူ သစ်လုပ်ငန်းကို နိုင်ငံခြားသားကုမ္ပဏီကြီးများက လွှမ်းမိုးခြယ်လှယ်ခဲ့ရာ ထိုကုမ္ပဏီကြီး များမှာအထက်ပါကုမ္ပဏီကြီးနှစ်ခုအပြင် စတီးဘရားသား၊ ဖူးကားကုမ္ပဏီနှင့် ဖင်ဒလေအင်ဆန်း ကုမ္ပဏီများ ဖြစ်ကြ သည်။ ဘအိုကျွန်းနှင့် သစ်မာကုမ္ပဏီအပြင် ဦးဘိုးတန်၊ ဒေါ်ကြူနှင့် ဦးသင်းမောင် တို့ကဲ့သို့ တိုင်းရင်းသားကုမ္ပဏီများ ရှိကြသော်လည်း ယင်းတို့၏စုစုပေါင်းငွေရင်းသည် နိုင်ငံခြား ကုမ္ပဏီများထဲမှ အငယ်ဆုံး၏ငွေရင်းကိုပင်မမီနိုင်ချေ။ သစ်လုပ်ငန်းကို ပြည်ပိုင်အစိုးရထံမှ နှစ်ရှည် နှစ်တိုစာချုပ်ဖြင့်လုပ်ကိုင်ကြရာငွေရင်းတောင့်သော နိုင်ငံခြားကုမ္ပဏီကြီးများသာလျှင် နှစ်ရှည်စာချုပ်ဖြင့် လုပ်ကိုင်နိုင်သည်။ နှစ်ရှည်စာချုပ်သစ်တောများမှလည်း သစ်ကောင်းအထွက်များလေသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းကမူ မြန်မာသစ်တောများအတွင်း ကြွင်းကျန်ရစ်သောကျွန်းသစ်လုံး များကို နိပွန်ဘားမားကုမ္ပဏီက ဆက်လက်လုပ်ကိုင်ခဲ့သည်။ စစ်ပြီးကာလ၌အထက်တွင်ဖေါ်ပြခဲ့သော နိုင်ငံခြားအင်္ဂလိပ်ကုမ္ပဏီကြီးများသည် အစိုးရနှင့်ဖက်စပ်၍ သစ်စီမံကိန်းဘုတ်အဖွဲ့တည်ထောင်ပြီးလျှင် သစ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်ဇွန်လတစ်ရက်နေ့မှ စ၍ ပြည်ထောင်စုအစိုးရသည် ပဲခူးရိုးမရှိ နှစ်ရှည်စာချုပ်သစ်တောများကို ပြည်သူပိုင်လုပ်ထားလိုက် သည်။

ထိုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့ဟူ၍ ဖွဲ့စည်းပြီးလျှင် သစ်ထုတ်လုပ်ငန်းကိုုထို အဖွဲ့သို့လွှဲအပ်သည်။ ထိုနှစ်ကုန်ဆုံးလုနီးအချိန်တွင်ပြည်တွင်းသောင်းကျန်းမှုများ ဖြစ်ပေါ်လာသောအခါ နိုင်ငံခြားကုမ္ပဏီကြီးများသည် နှစ်ရှည်စာချုပ်သစ်တောကြီးများနှင့် ရသင့်ရထိုက်သမျှတို့ကို ကျွန်းသစ် လုံး ၅၄ရ၅ဝ နှင့်အလဲအလှယ်ပြုပြီးလျှင် အစိုးရသို့ပြန်အပ်လေသည်။ ထိုအခါမှစ၍ သစ်လုပ်ငန်း ကိုနိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ (မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့) သည် သစ်ထုတ်ရေး၊ သစ်ခွဲရေး၊ နိုင်ငံခြားသို့တင်ပို့ပေးရေး စသည်တို့ကို ဦးစီးဆောင်ရွက်ခဲ့သည်။ သို့သော် နှစ်ရှည်စာချုပ်သစ်တောများမှ အပဖြစ်သောအချို့သစ်တောများတွင် ခုတ်ကွက်ငယ်များပိုင်းခြားပြီးလျှင် တိုင်းရင်းသားသစ်ကုန်သည်များ သို့ တင်ဒါစံနစ်ဖြင့် ရောင်းချ၍လုပ်ကိုင်ခွင့်ပြုခဲ့သည်။ သို့တိုင်အောင် ၁၉၆၁·၆၂ ခုနှစ်အတွင်းသစ် လုပ်ငန်းအဖွဲ့၏အသားတင်အမြတ်ငွေသည် ၁၁ရ သိန်းကျော်ခဲ့သည်။ တော်လှန်ရေးအစိုးရ လက်ထက် တွင်ကျွန်းသစ်လုပ်ငန်းသာမက အခြားသစ်မာနှင့် ဇလီဖားတုံးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံသစ်လုပ်ငန်း အဖွဲ့က စီစဉ်လုပ်ကိုင်လျက်ရှိလေသည်။

မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့သည် သစ်တောဌာနခွဲနည်းတူ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်သည်။ သစ်တောရေးဌာနအတွက် သစ်တောဌာနခွဲနှင့်ပူးပေါင်းဆောင် ရွက်ရသည်။ သစ်ထုတ်ရေးကိုတိုင်းလေးတိုင်းခွဲ၍ ဆောင်ရွက်ရာ ယင်းတို့မှာ (၁)စစ်တောင်းတိုင်း၊ (၂)ဧရာဝတီတိုင်း၊ (၃)ချင်းတွင်းတိုင်းနှင့် (၄) မန္တလေးတိုင်းတို့ဖြစ်ကြပြီးလျှင် ဌာနချုပ်ကိုရန်ကုန်မြို့၌ ထားရှိလေသည်။ ထိုပြင် သစ်ခွဲရေး၊ သစ်ဖြန့်ချိရောင်းဝယ်ရေး စသော လုပ်ငန်းအလိုက်ဆောင်ရွက်ရွက် ရသည့် ဌာနစိတ်များလည်းရှိပေသေးသည်။

အထက်ပါတိုင်းများရှိသစ်တောများမှ သစ်များကိုခုတ်ယူရာတွင် သစ်တောဌာနခွဲကသတ်မှတ်ပေးသော ခုတ်ကွက်များမှ ခုတ်ယူရသည်။ ကျွန်းသစ်များကိုထုတ်ယူရာ၌ သစ်တောဌာခွဲကသင်းသတ်ပေးသောကျွန်းပင်များကိုသာလျှင် ခုတ်ယူရသည်။ သင်းသတ်သည်ဆိုသည်မှာအပင် သေသွားအောင် ပြုခြင်းဖြစ်၍ သင်းသတ်ပြီးသောကျွန်းပင်များကို ချက်ချင်းခုတ်မယူသေးဘဲ သုံးနှစ် အခြောက်ခံထားရသည်။ သို့မဟုတ်က ကျွန်းသစ်လုံးအစိုသည် အလွန်လေး၍ ရေမပေါ်သဖြင့် သစ်မျှောချရာတွင် အခက်အခဲတွေ့ရသည်။

ကျွန်းသစ်လုံးအခြောက်သည် ရေပေါ်သည့်ပြင် ရာသီဥတု ဒဏ်ကိုခံနိုင်ရည်ရှိရာကျုံ့ခြင်းလိမ်ခြင်းမရှိပေ။ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်းစသည်တို့ကိုလည်း ခုတ်ရန်အရွယ်သင့်ပင်များကို အမျိုးအစား လိုက်၍ သစ်တောဌာနခွဲက ရွေးချယ်ပေးပြီးလျှင် ပင်ထောင်တံဆိပ်ရိုက်နှိပ်ပေးရသည်။ ယင်းတို့ကိုမူ ကျွန်းပင်ကဲ့သို့ သင်းသတ်ခြင်းမပြုဘဲ ခုတ်ကြသည်။ မြန်မာနိုင်ငံတွင်စက်မှုလုပ်ငန်း မတိုးတက်လှသေး သဖြင့်သစ်ခုတ်ရာတွင်များသောအားဖြင့် လွှများပုဆိန်များကိုပင်အသုံးပြုရသေးသည်။ ခုတ်လှဲပြီးသော သစ်းလုံးများကို ဆင်များဖြင့်ဖြစ်စေ၊ ကျွဲများဖြင့်ဖြစ်စေ၊ နီးရာတောင်ကျချောင်းများရှိရာသို့ ဆွဲပို့ရသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် သစ်ဆွဲ၊ သစ်ထုတ်ရာ၌ ဆင်များသည်အလွန်အရေးပါလှသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက သစ်လုပ်ငန်းတွင်ဆင်အကောင်ရေ ၆ဝဝဝ ကျော်ကိုအသုံးပြုခဲ့ရာ စစ်ပြီးခေတ်တွင် စစ်ဒဏ်၊ ပြည်တွင်းသောင်းကျန်းမှု ဒဏ်တို့ကြောင့် ဆင်ကောင်ရေ ၂ဝဝဝခန့်ပင် မပြည့်တော့ချေ။ သို့ဖြစ်၍ သစ်လုပ်ငန်းအဖွဲ့ သည်စစ်ပြီးခေတ်နောက်ပိုင်းတွင် သင့်လျော်သည့်နေရာများ ၌ ဆင်အစား ထရက်တာများ၊ ဗူလဒိုဇာများ၊ ထရပ်ကားများ၊ ဝင့်စက်များဖြင့် သစ်ထုတ်လုပ်အင်အား ကို ဖြည့်စွက်လျက်ရှိသည်။ သို့သော် ကျွန်းသစ်ထုတ်လုပ်ရေး၌မူ ဆင်များကိုမသုံး၍မဖြစ်ပေ။

သစ်မာမျိုးတို့သည် ရေတွင်မပေါ်သောကြောင့် အခြားပေါ့သောသစ်များနှင့် တွဲ၍ဖြစ်စေ၊ ဝါးများ နှင့်တွဲ၍ဖြစ်စေ၊ ဖောင်ဖွဲ့ပြီးလျှင်မျှောချရသည်။ တစ်ခါတစ်ရံ လှေများတစ်ဖက်တစ်ချက်တွင်တွဲ၍လည်း သယ်ယူကြရ လေသည်။ သစ်များကိုဖောင်ဖွဲ့ရန် ရွှေ့ပြောင်းသယ်ယူရသည်မှာ တစ်ရာသီအတွင်း ရောက်နိုင်သော် လည်း တောတွင်းမှ ကုန်းလမ်းဖြင့် သစ်မျှောချောင်းသို့ရောက်ရန်မှာအချိန်ကြာမြင့်တတ်သည်။ အထူးသ ဖြင့် ကျွန်းသစ်လုံးများကိုရန်ကုန်နှင့်မော်လမြိုင်ရှိ သစ်စက်များသိုအရောက်သယ်ယူရေးသည် အလွန်အချိန်ကြာ သည်။ တစ်ခါတစ်ရံ ခုနစ်နှစ် ရှစ်နှစ်ခန့်ပင်ကြာသည်။ ကျွန်းသစ်များထုတ်ယူရေးသည် ခုတ်ပြီးသည်မှ သစ်စက်သို့ရောက်သည်အထိ အချိန်ကြာမြင့်ခြင်း၊ ပို့ဆောင်ရေးခက်ခဲခြင်း၊ ကျွန်းပင်များက လည်း တစ်နေရာတည်းတွင် တစုတရုံးတည်းမပေါက်ပဲ ပြန့်ကျဲ၍ ပေါက်ခြင်းတို့ကြောင့် ကျွန်းသစ်ထုတ် ယူရေးကို ငွေအင်အားကောင်းသော ကုမ္ပဏီကြီးများကသာ နှစ်ရှည်စာချုပ်ဖြင့်လုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ သစ်လုံးကြီးများကို သစ်စက်ကြီးများတွင် လွှစက်များဖြင့်ခွဲစိတ်ကြသည်။ လွှစက်မရှိသော ဒေသ များတွင်မူ လက်ဆွဲလွှများကိုအသုံးပြုရသည်။

မြန်မာနိုင်ငံအထက်ပိုင်း သစ်တောများမှလာသော သစ်လုံး များကို မန္တလေးမြို့ရှိ လွှစက်များတွင်အများဆုံးသစ်ခွဲကြသည်။ ကျွန်းသစ်များကိုရန်ကုန်နှင့်မော်လမြိုင်ရှိ သစ်စက်ကြီးများတွင် သစ်ခွဲကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသစ်စက်ကို ခရစ် ၁၈၃၃ခုနှစ်တွင်မော်လမြိုင်မြို့၌ တည်ဆောက်ခဲ့သည်။ သစ်တောကြိုးဝိုင်းအနီးအနားရှိ မြို့များ၊ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ဆိပ်ကမ်းမြို့များ၊ မီးရထားလမ်းမြို့များတွင် သစ်စက်များရှိလေရာ ပုဂ္ဂလိကပိုင်များဖြစ်ကြသည်။ နိုင်ငံပိုင်သစ်စက်ကြီးများမှာ ရန်ကုန်၊ မော်လမြိုင်၊ ပျဉ်မနားမြို့နယ်အတွင်းရှိသစ်ပုပ်ပင်ရွာ၌ရှိ လေသည်။ တော်လှန်ရေးအစိုးရသည် နိုင်ငံပိုင် သစ်စက်များကိုတိုးချဲ့ပြုပြင်ပေးလျှက်ရှိသည်။ ထို့ပြင်နိုင်ငံပိုင် အကြီးဆုံးနှင့်ခေတ်အမီဆုံးသစ်စက်ကြီးတစ်လုံးကို အုတ်ကျင်း၌၎င်း၊ ထိုထက်ငယ်သောသစ်စက်တစ်လုံးကို ဒလ၌၎င်း၊ စတင်ဆောက်လုပ်လျက်ရှိလေသည်။ မြန်မာတစ်နိုင်ငံလုံးမှ အကြမ်းဖျင်းအားဖြင့် နှစ်စဉ်သစ်တန်ချိန် ဆယ်သိန်းခန့်ထွက်သည်။ သစ်မာ အမျိုးမျိုးသည် ခြောက်သိန်းခန့်ထွက်၍ ကျွန်းသစ်တန်ချိန် လေးသိန်းခန့်ထွက်သည်။ ယင်းသည့်အနက် နိုင်ငံတွင်းသုံးသစ်တန်ချိန် သည် အကြမ်းဖျင်းအားဖြင့် တန်ချိန်ခြောက်သိန်းခန့်ဖြစ်သည်။ သစ်အမျိုး မျိုးနှင့် အခြားသစ်တောထွက်ပစ္စည်းများအတွက် ၁၉၆ဝ·၆၁ ခုနှစ်မှစ၍ သစ်တောဌာနခွဲမှရရှိသော နှစ် စဉ်အခွန်တော်ငွေသည် ယေဘုယျအားဖြင့် သိန်း ၅ဝဝနှင့်သိန်း ၆ဝဝ အကြားတွင် ရှိသည်။ သစ်လုပ်ငန်းအဖွဲ့ ထုတ်ယူသော သစ်လုံးများအတွက်လည်း အဖွဲ့က အခွန်ပေးဆောင်ရလေသည်။ သစ်လုံးများကို ခွဲစိတ်ပြီးနောက် အမျိုးအစားညံ့သောသစ်များကို နိုင်ငံတွင်းသုံးအဖြစ်ထား၍ ဈေးကောင်းရသောသစ်များကိုနိုင်ငံခြားသို့တင်ပို့သည်။ နိုင်ငံခြားသို့အများဆုံးတင်ပို့ရသော သစ်မာမျိုးမှာ ကျွန်းသစ်ဖြစ်သည်။ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က သိမ်းယူပြီးစ ၁၈၅၆−၅ရ ခုနှစ်ကပင် ကျွန်းသစ်တန်ချိန် ခြောက်သောင်းကျော်တင်ပို့ခဲ့သည်။ ထိုအခါမှစ၍ မြန်မာကျွန်းသစ်များကို တစ်နှစ်ထက်တစ်နှစ် တိုးတက်တင်ပို့နိုင်ခဲ့ရာ ၁၉၃၉−၄ဝ ပြည့်နှစ်အတွင်း အများဆုံးတင်ပို့နိုင်ခဲ့၍ တန်ချိန်အားဖြင့်၂.၃ သိန်းကျော်ဖြစ်သည်။ ထိုစဉ်က မြန်မာကျွန်းသစ်များကို အိန္ဒိယကအများဆုံးဝယ်ယူ၍ ဥရောပနိုင်ငံများ က ဒုတိယအများဆုံးဝယ်ယူရာ ယင်းတို့အနက် အင်္ဂလန်သည် အများဆုံးဝယ်ယူသောတိုင်းပြည်ဖြစ် လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် မြန်မာကျွန်းသစ်ဈေးကွက်အခြေအနေပြောင်းသွားပြီးလျှင် ယခင်ကအများဆုံးဝယ်ယူသောအိန္ဒိယသည် ရှစ်ပုံတစ်ပုံခန့်သာ ဝယ်ယူတော့၍ အင်္ဂလန်ကမူ သုံးပုံတစ်ပုံခန့်သာဝယ်ယူ လေသည်။ သို့သော် စစ်မတိုင်မီကာလက မဝယ်ခဲ့ဖူးသော တိုင်းပြည်များ၊ အနည်းငယ်သာဝယ်ခဲ့ဖူးသော တိုင်းပြည်များဖြစ်ကြသော နောဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ အနောက်ဂျာမဏီ၊ နယ်သာလန်၊ ဣတလီ ဟောင်ကောင်စသည်တို့က တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝယ်ယူခဲ့ကြသည်။ ထို့ကြောင့် မြန်မာကျွန်းသစ် ဈေးကွက်သည် ခိုင်မြဲလျက်ရှိနေ၍ လက်ရှိဈေးကွက်တွင်အင်္ဂလန်နှင့်ဥရောပနိုင်ငံများ၊ ကမ္ဘာ့အရှေ့အ လယ်ပိုင်းနိုင်ငံများနှင့် အာဖရိက၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီဟိုဠ်ကျွန်း၊ ပီနန်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ပါဝင်လေသည်။ စစ်ပြီးခေတ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိနှစ်များအတွင်းသစ်လုပ်ငန်းကို ကျနသေ ချာစွာလုပ်ကိုင်နိုင်ခြင်းမရှိသော်လည်း ၁၉၄၅−၄၆ ခုနှစ်မှစ၍ သစ်များကိုနိုင်ငံခြားသို့တင်ပို့နိုင်စပြုခဲ့သည်။ ငါးနှစ်အတွင်းစစ်ကာလမတိုင်မီ စံချိန်အတိုင်း နိုင်ငံခြားသို့တင်ပို့နိုင်ရန် စီမံကိန်းများချမှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအတိုင်း မပေါက်မြောက် နိုင်ခဲ့ချေ။ ယင်းသို့မပေါက်မမြောက်နိုင်ခဲ့ခြင်းမှာ စစ်ပြီးစဖြစ်၍ လုပ်ငန်းအခြေတကျမဖြစ်သေးခြင်း၊ သစ်လုပ်ငန်းတွင် အလွန် အရေးပါသော သစ်ဆွဲဆင်ဦးရေ ထက်ဝက်မကလျော့နည်းသွား၍ လုပ်ငန်းနှောင့်နှေးခြင်း၊ သစ်ခိုးမှုများ အဆမတန်များပြားခြင်းတို့ကြောင့်လည်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ၁၉၄ရ−၄၈ တွင်တန်ချိန်တစ်သိန်း ကျော်နိုင်ငံခြားသို့တင်ပို့လာနိုင်သည်အထိ လုပ်ငန်းအရှိန်ကောင်းလာဆဲတွင် ၁၉၄၈-၄၉ခုနှစ်မှအစပြု၍ ပြည်တွင်းသောင်းကျန်းမှုများဒဏ်ကြောင့် ပြန်၍အားလျော့သွားပြန်သည်။ သို့သော် ၁၉၅၅−၅၆ ခုနှစ်တွင် တန်ချိန် ရှစ်သောင်းကျော်အထိတိုးတက်တင်ပို့နိုင်ခဲ့၍ ထိုနောက်နှစ်များတွင်လည်း သစ်များကို ပိုမိုထုတ်လုပ်နိုင် ပြီးလျှင် နိုင်ငံခြားသို့လည်းတိုးတက်တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံသစ်ထုတ်လုပ်ရေးအဖွဲ့၏ရည်မှန်းချက်မှာ ကျွန်းသစ်ကိုတစ်နှစ်လျှင် တန်ချိန် လေးသိန်းခွဲ ထုတ်လုပ်ရန်ဖြစ်လေသည်။

ကမ္ဘာ့ဈေးကွက်တွင် ဗြိတိသျှဝက်သစ်ချ၊ အမေရိကန် သစ်ကြား၊ ကနေဒါသစ်နှင်းဆီနှင့်မြန်မာ့ကျွန်းသစ်တို့ အပြိုင်အဆိုင်ဖြစ်နေရာ မြန်မာကျွန်းသစ်သည် ရှေ့တန်းနေရာသို့ ရောက်နေခဲ့ပေသည်။ ကမ္ဘာတွင် ကျွန်းသစ်ထွက်သောနိုင်ငံသည် မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ချေ။ အိန္ဒိယ၊ ထိုင်း(ယိုးဒယား) အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုများမှ လည်းထွက်သည်။ ကမ္ဘာ့ဈေးကွက်တွင်မြန်မာနိုင်ငံသည် ကျွန်းသစ်အများဆုံးထုတ်လုပ်နိုင်၍ ထုတ်လုပ်သည့်ကျွန်းသစ် အမျိုးအစားကလည်း ကောင်းသည်။

အခြားကျွန်းသစ်ထွက်နိုင်ငံများအနက် ယိုးဒယားနိုင်ငံက သာလျှင် ကမ္ဘာ့ဈေးကွက်သို့တန်ချိန်များစွာ ပို့နိုင်သည်။ အိန္ဒိယမှထွက်သောကျွန်းသစ်များသည်လည်း ပြည်တွင်းသုံးရန်အတွက်ပင် မလုံလောက်ချေ။ အရှေ့အိန္ဒိယကျွန်းစုမှ ကျွန်းသစ်များသည်လည်း သဘာဝပေါက်အပင်များမဟုတ်ဘဲ စိုက်ပျိုးယူရသော ကျွန်းပင်များဖြစ်၍ မြန်မာ့ကျွန်းသစ်အဆင့်အတန်း ကိုမမီသေးချေ။ အရှည်မျှော်ကိုးသောစီးပွားရေး သုတေသီပါရဂူအချို့သည် မြန်မာကျွန်းသစ်မျိုးကို အာဖရိကတိုက် တန်ဂန်ယိက နိုင်ငံ၊ ပြင်သစ်ပိုင် အနောက် အာဖရိကတိုက်၊ ထရင်းနီးဒက် (အနောက်အိန္ဒိယကျွန်းစု) ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားပြည် ထောင်စုတို့၌ စမ်းသပ်စိုက်ပျိုးလျက်ရှိကြလေသည်။

မြန်မာအိမ်နီးချင်းတစ်နိုင်ငံဖြစ်သော ယိုးဒယားနိုင်ငံ၏ သစ်တောဧရိယာသည် စတုရန်းမိုင် ၁၂၅၅ဝဝ ရှိရာ စတုရန်းမိုင် ၃၅၅ဝဝ ကျော်သည် ကျွန်းတောများဖြစ်သည်။ ယိုးဒယားသစ်တောများ ကိုသုံးပိုင်းခွဲ၍ သစ်ထုတ်လုပ်သည်။ သုံးပုံတစ်ပုံခန့်ကို မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့မျိုးဖြစ်သော သစ်တော လုပ်ငန်းများအဖွဲ့က ထုတ်လုပ်သည်။

ဒုတိယသုံးပုံတစ်ပုံကို ထိုအဖွဲ့နှင့် နိုင်ငံခြား ကုမ္ပဏီများ ဖက်စပ်လုပ် ကိုင်ကြသည်။ တတိယသုံးပုံတပုံကိုမူ ပုဂ္ဂလိကကုမ္ပဏီများကလုပ်ကိုင်ကြသည်။ သစ်ခုတ်၊ သစ်ထုတ် လုပ်ကိုင်ပုံစံနစ်များမှာ မြန်မာနိုင်ငံမှာကဲ့သို့ ကျွန်းသစ်လုံးများကိုခုတ်လှဲပြီးနောက် သစ်မျှော ချောင်းများ ဖြင့် သစ်စက်များရှိရာသို့ မျှောချသည်။ အခြားလေးလံသော သစ်မာများကိုမူ ဆင်နှင့် ကျွဲများဖြင့်၎င်း၊ မီးရထားဖြင့်၎င်း၊ သယ်ယူပို့ဆောင်သည်။ ယခုအခါယိုးဒယားနိုင်ငံတွင် ထရက်တာ၊ ဗူလဒိုဇာ၊ ထရပ်ကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ ထိုသို့တိုင်အောင် ကမ္ဘာ့ ဈေးကွက်သို့ တင်ပို့လျှက် ရှိသော ယိုးဒယားသစ်တန်ချိန်သည် ၁၉၆၂ ခုနှစ်က ၆၄၂ရ တန်ဖြစ်ရာ ထိုနှစ်က မြန်မာနိုင်ငံမှသစ်မာ ၆၈၅၂၁ တန်တင်ပို့နိုင်ခဲ့လေသည်။ ဈေးကွက်ချင်းလည်း မြန်မာ နှင့်ယိုးဒယားမတူချေ။ မြန်မာကျွန်း သစ်ကို အနောက်နိုင်ငံများကအသုံးများ၍ ယိုးဒယား ကျွန်းသစ်ကို အရှေ့နိုင်ငံများကအသုံးများလေသည်။

မြန်မာကျွန်းသစ်များကမ္ဘာ့ဈေးကွက်၌မျက်နှာပန်းလှရခြင်း အကြောင်းရင်းသည်ကား မြန်မာသစ်တောများကို စည်းကမ်းတကျ ထိန်းသိမ်းခဲ့၍ စည်းကမ်းတကျ သစ်ထုတ်ရေးကိုဆောင်ရွက်ခဲ့သောကြောင့် ဖြစ်ပေသည်။ စင်စစ်သော်ကား မြန်မာ့ကျွန်းပင်များသည် မြန်မာနိုင်ငံ၏ ရွှေပင်ငွေပင်များဟု ဆိုရ မည်သာဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)