သံပရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သံပရာ[ပြင်​ဆင်​ရန်​]

သံပရာသည် ရှောက်၊ လိမ်မော်၊ ကျွဲကော၊ ရှောက်ချိုစသည်တို့နှင့်အတူ ရူတေးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ရုက္ခဗေဒအမည်မှာ စစ်ကြပ်အော်ရင် တီဖောလီး ယား ဖြစ်သည်။ သံပရာပင်၏မူလပေါက်ရာဒေသမှာ အရှေ့အိန္ဒိယကျွန်းစုဖြစ်သည်ဟုယူဆကြ၍ထိုမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်အရှေ့တောင်ပိုင်း တိုင်းပြည် များသို့ ယူဆောင်စိုက်ပျိုးကြလေသည်။ အာရှတိုက်မှ တစ်ဖန် အာဖရိကမြောက်ပိုင်းနှင့် ဥရောပတောင်ပိုင်းရှိ မြေထဲပင်လယ် ကမ်းခြေတစ်လျှောက် တိုင်းပြည်များသို့ ပျံ့နှံ့သွားလေသည်။ ၁၆ ရာစု ခေတ်ဦးပိုင်းလောက်တွင် စပိန်နှင့်ပေါ်တူဂီလူမျိုးတို့ သည် သံပရာပင်မျိုုး ကိုအမေရိကတိုက်နှင့် အနောက်အိန္ဒိယ ကျွန်းစုများသို့ စတင်ယူဆောင်စိုက်ပျိုုးခဲ့ကြသဖြင့် ယခုအချိန်၌ အမေရိကန်ပြည်ထောင်စုမက္ကဆီကိုပြည်နယ်နှင့်အနောက်အိန္ဒိယ ကျွန်းစုများတွင် သံပရာပင်ကို အမြောက်အမြားစိုက်ပျိုးထား ကြသည်။

သံပရာပင်ကိုမြန်မာနိုင်ငံတွင်အနှံ့အပြားစိုက်ပျိုးကြ၍ မြစ်ငယ်၊ ရွှေကျင်၊ မုတ္တမနှင့် တောင်ငူ နယ်များတွင် အမြောက်အမြား စိုက်ပျိုးကြသည်။ ထိုနယ်များမှ အခြားနယ်များသို့တင်ပို့ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် သံပရာပင်ကို အစေ့စိုက်၍၎င်း၊ မြေထုပ်စည်းနည်းဖြင့်၎င်း မျိုးပွားယူကြသည်။ မြေထုပ် စည်းနည်းဖြင့်စိုက်ပျိုးပါက အပင်ကြီးထွားမြန်၍ အသီးလည်းသီးမြန်သော်လည်း ဤနည်းဖြင့်မစိုက်ပဲ အစေ့မှစိုက်ပျိုးကြသည်သာများကြသည်။

သံပရာပင်စိုက်ပျိုးသောအခါ အတန်းလိုက်တစ်ပင်နှင်တစ်ပင် အနည်းဆုံး ၁၅ပေခန့်ခွာစိုက်ပျိုုးမှသာအသီးများစွာသီးနိုင်သည်။ သံပရာပင်သည်အပင်ပုမျိုးဖြစ်၍ အပင်အမြင့်ရှစ်ပေမှ ၁၅ပေအထိသာရှိသည်။အရွယ်မှာငယ်၍စိမ်းဖျော့ဖျော့အရောင်ရှိ သည်။ ဆူးတက်ကလေးများပေါသောအပင်ဖြစ်သည်။ စ၍စိုက်သည်မှ သုံးနှစ် သို့မဟုတ် လေးနှစ်တွင်စ၍သီးတော့ သည်။ အသီးသည်အချို့ငယ်၍အချို့ကြီးလျက် အချို့မှာလုံး၍ အချို့သည် ဘဲဥပုံမျိုးဖြစ်သည်၊အရည်ရွှမ်း၍ရှောက်သီးထက်ပို၍ ချဉ်၏။အခွံပါး၍ အသီးမှည့်လာသောအခါအရောင်မှာ စိမ်းဝါဝါ ဖြစ်လာသည်၊ သံပရာသီးမှသံပရာရည်ကိုထုတ်ယူ၍ဖျော်ရည် ပြုလုပ်ရန်နှင့် စားသောက်ဖွယ်ရာတို့၌ အနံ့အရသာဖြည့်စွက်ရန် အသုံးပြုကြသည်။ ဟင်းလျာများ ချက်ပြုတ်ရာ၌လည်း သံပရာရည်ကိုအသုံးပြုကြသည်။ သံပရာခွံမှအဆီထုတ်၍ရသဖြင့် အနောက်အိန္ဒိယကျွန်းစုသည်ထိုသံပရာဆီထုတ်သည့်လုပ်ငန်း၏ အချက်အချာဒေသဖြစ်သည်။

သံပရာပင်သည်တစ်ဆဲ့နှစ်ရာသီပတ်လုံးအသီးမပြတ်ဟု ဆိုရသော်လည်း မိုးလများဖြစ်သည့် ဇွန်လမှ အောက်တိုဘာလ အထိသည် အပင်၌အသီးလှိုင်ဆုံးအချိန်ဖြစ်၍ အလုံးကလည်း ကြီးလာသည်။ မြန်မာနိုင်ငံမှထွက်သောသံပရာသီးမှာ ပြည်တွင်းသုံးအတွက်မလုံလောက်သဖြင့် အိန္ဒိယနိုင်ငံမဒရပ်ပြည်နယ်မှ ဝယ်ယူတင်သွင်းခဲ့ရသေးသည်။

ယခုအခါပြည်တွင်းသုံးလုံလောက်အောင်ပိုမိုစိုက်ပျိုးလာကြသည်။ သံပရာ သီးကို သနပ်၊ ယို၊ စသည်ဖြင့်လည်းပြုလုပ်ကြသည်။ သံပုရာဖျော်ရည်ကိုလည်းပူပြင်းသည့် နွေအခါ၌ လူတို့သောက်သုံးကြသည်။[၁]


Lime (သံပရာ)[ပြင်​ဆင်​ရန်​]

  • Botany Term : Citrus aurantifolla Linn var acida
  • Species/Family : Rutaceae

ပုံသဏ္ဌာန် : အပင်ငယ်ချုံပင်မျိုးဖြစ်သည်။ အကိုင်းအခက်များ ဘေးသို့ကိုင်းဖြာပြီး ဆူးများရှိသည်။ တစ်ဆင့် ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ရှည်မျော မျော ဖြစ်သည်။ ရွက်နားညီသည်။ အဖြူရောင် သိုႚမဟုတ် ပန်းနုရောင် အပွင့်ကလေးများပွင့်၍ မွှေးကြိုင်သင်းပျံ့သော အနံ့အနည်း ငယ်ရှိသည်။ နုစဉ် အစိမ်းရောင်ရှိ၍ မှည့်သော်အဝါရောင် ရှိသည်။ အသီးအနှစ်များသည် အဝါရောင်ဖျော့သည်။ အပင်----အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၆ ပေ မှ ၁၄ ပေ ခန့် ထိရှိ၏ ။ အကိုင်း အခက်များ သေးသွယ် ပြီး ဖြာထွက် ၏ ။တစ်ပင်လုံး မာ၍ ချွန်ထက်သော ဆူးများ ရှိ၏ ။ အရွက်--ရွက်လွှဲ ထွက်သည်။ ရွက်ထပ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာ အတောင်ပုံ ဖြစ်သည်။ ရွက်ညှာရင်း တွင် ချွန်ထက်သော် ဆူးရှိသည်။ အရွက်တွင် အနံ့ ရှိသည်။ အပွင့်--ကြားထွက် ပန်းခိုင် ဖြစ်သည်။ ပန်းခိုင် တိုသည်။ ပန်းခိုင် ပေါ်တွင် သေးငယ်သော အဖြရောင် အပွင့်ကလေး များ ပွင့်၏။ အနံ့ အနည်းယ် ရှိသည်။ အသီး--လုံးဝိုင်း သော ပုံသဏ္ဍာန် ရှိသည်။ ခွံပျော့သီး ဖြစ်ပြီး အခန်းများ ပါသည်။ အရည်ရွှမ်းသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး ၊ အခေါက် ၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ၌ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ- (က) ပျိုးပင်ရယူခြင်း---အစေ့ကို ပျိုးထောင် ၍ လည်းကောင်း မျိုးကောင်း သည့် အပင် မှ မြေထုပ် စည်း၍ လည်းကောင်း ရယူနိုင်သည်။ အစေ့ကို ပျိုးပါက ပျိုးထောင် ပျိုးခုံ ပျိုးသေတ္တာ တွင် သဲနှင့် မြေဆွေး ရော၍ ပျိုးရသည်။ ရေကို မကြာခဏ လောင်းပေးပြီး ပျိုးပင်ကလေး များ တစ်မိုက် ခန့် ရှိပါက ပြောင်းရွှေ့ စိုက်ပျိုး နိုင်သည်။ ပျိုးထုပ်စည်း ၍ စိုက်ပါက မိုးဦး တွင် ပျိုးထုပ်များ စည်း၍ မိုးနှောင်း တွင် အပင်မှ ဖြတ်ယူပြီး ခြင်းတောင်း သို့မဟုတ် အိုး များ တွင် ထည့်၍ အရိပ်အောက်တွင် ထားရှိပြီး ၁ နှစ်သား အရွယ် ရောက်ရှိသည့် အခါ ပြောင်းရွှေ့ စိုက်ပျိုး ရသည်။ဤနည်းအားဖြင့် စိုက်ပျိုးခြင်းသည် ပိုမို၍ သီးထွက်ကောင်း နိုင်သည်။ (ခ) စိုက်ပျိုးခြင်း--စိုက်ခင်း နေရာသည် သဲနုန်း မြေမျိုး ဖြစ်ရမည်။ ရေစီး ရေလာကောင်းရမည်။ တစ်ပင် နှင့်တစ်ပင် ပေ ၁၅x ၁၂ ပေခန့် ခွာထား ရမည်။ ကျင်းများကို ၂x၂ တူး၍ ဆွေးမြည့်သော မြေဆွေးများ ရောစပ်ပြီး စိုက်ပျိုးရမည်။ (ဂ) ပြုစုဂရုစိုက်ခြင်း---ပေါင်းမြက်များ ကို ကောင်းစွာ ရှင်းလင်း ပေးသင့်သည်။ မိုးဦးကျ နှင့် မိုးလယ်များ တွင် မြေဩဇာ ကျွေးပေး သွားရမည်။ ကိုင်းခြောက် ကိုင်းသေးများ အား ဖြတ်တောက် ပေးရမည်။သံပရာ ပင်သည် အများအား ဖြင့် ၃-၄ နှစ်အတွင်း သီးသည်။ အသုံးဝင်ပုံ : အာနိသင်---မြန်မာ ဆေးကျမ်းများ အလိုအရ သံပရာ သီးသည် ချဉ်၏၊လေကို နိုင်၏ ၊ ဝမ်းမီး တောက်၏၊ ကြေကျက် လွယ်၏။ ရောဂါ ဖြစ်စေ တတ်သော ပိုးကို နိုင်၏ ။နှုတ်ကို မြိန်စေ၏ ။ သလိပ် နာ ၊ လေနာ ၊ အော့အန် ခြင်း ၊ ချောင်းဆိုး ခြင်း နှင့် လည်ချောင်းနာ ၊ ပန်းနာ ၊ အစာမကြေ လေပြည့် ရောဂါ တို့ကို နိုင်၏။ အသုံးပြုပုံ- အသီး ၁ ။ သံပရာ ရည်ကို သောက်ခြင်းဖြင့် မောပန်းခြင်း ကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ကျရောက် တတ်သည့် ရောဂါ များ ၊ အထူး သဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ် သော ရောဂါများကို ကာကွယ်နိုင် ၏။ ၂ ။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။ ၃ ။ ယားနာ၊ ပွေးနာ ၊ အရေပြား ၌ အမည်းကွက် များ ပေါက်ခြင်း ၊ အမွေးများ ကျွတ်ခြင်း စသော ရောဂါ များ အတွက် သံပရာ သီးကို ထက်ခြမ်း ပြု၍ ၎င်း အခြမ်းဖြင့် နာနာပွတ် တိုက်ပေးပါ က ပျောက်၏ ။ ၄ ။ သံပရာ သီး အရည်ကို သကြား အနည်းငယ် ထည့်၍ များစွာ သောက်ပါက အဆိပ်သင့် နာ (ဥပမာ-ဘိန်းမူးလွန်သော အဆိပ်၊ အရက် မှ ဖြစ်တတ်သော အဆိပ်၊ အစားမှ ဖြစ်သော အဆိပ်) စသည်တို့ ပျောက်၏။ ၅ ။ ထမင်းစား ပြီးနောက် အော့အန်ခြင်း ဖြစ်သော အခါ ၇ ။ သံပရာ ရည်ကို သကြားခတ် ၍ သောက်ပါက အဆီများ ၍ ချောင်းဆိုးခြင်း ၊ သည်းခြေ အားနည်းခြင်း ၊ အဆစ်အမျက် ကိုက်ခြင်း များ ပျောက်ကင်း၏။ ၈ ။ သံပရာရည် တွင် သကြားအနည်းငယ် ထည့်၍ ည နံနက် ၂ ကြိမ်မျှ မှန်မှန်သောက် ပါက သွားမှ သွေးယို စီးခြင်း ပျောက်ကင်း ၏ ။ ၉ ။ လက်ဖက်ရည် ကျကျ (အင်္ဂလိပ်+မြန်မာ) ကျိုပြီး သံပရာ ရည် ညှစ်သောက် က ခေါင်း ကိုက် ရောဂါ ပျောက်၏။ ၁၀။ သံပရာ ဖျော်ရည် ကို နေ့စဉ် သောက်ပေးပါ က အထိုက်အထ သွားလာရာ ၌ မူးဝေတတ်သော ရောဂါ များ ပျောက်ကင်း ၏ ။ ၁၁။ သံပရာ သီး လတ်လတ် ဆတ်ဆတ် အရည်ကို နှာခေါင်း တွင်း သို့ ညှစ်ထည့် ပါက နှာခေါင်း သွေးယို ခြင်း ပျောက်၏။ ၁၂ ။ သံပရာ ရည်ပူပူနှင့် ပျားရည်ရော ၍ နေ့အခါ နှစ်ကြိမ် မျှ လျက်ပါက လည်ချောင်းနာ ရောဂါ ပျောက်ကင်း ၏။ ၁၃ ။ သံပရာသီး တစ်လုံး မီးကျွမ်းအောင် ဖုတ်၍ လေးညှင်း တစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်း စေ၏ ။ ၁၄ ။ ကြွေမီး ဖုတ်နှင့် သံပရာ ရည် ဖျော်၍ သောက်သော် ဆီး အောင့်ခြင်း ပျောက်၏။ အခေါက် ၁ ။ သံပရာ ခေါက်ကို ရေနှင့် ထက်ဝက်ခန်း ကျို၍ ညနံနက် တစ်ကြိမ် ကျ သောက်က အဖျားပျောက် ၏ ။ အစေ့ ၁ ။ သံပရာ စေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=94