ရှန်ဟိုင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှန်ဟိုင်းမြို့
上海市 (Shanghai)
ဖူတုန်းမြို့နယ် ရှုခင်း
ဖူတုန်းမြို့နယ် ရှုခင်း
ရှန်ဟိုင်းမြို့ တည်နေရာ
ရှန်ဟိုင်းမြို့ တည်နေရာ
နိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော် တရုတ်ပြည်
ထူထောင်နှစ် ၅ – ၇ ရာစုနှစ်
ဧရိယာ
 - မြို့ပြ ၇၀၃၇ km² (၂၇၁၇ sq mi)
 - မြေ ၆၃၄၀ km² (၂၄၄၇.၉ sq mi)
 - ရေ % ၆၇၉ km² (၂၆၂.၂ sq mi)
 - ဆင်ခြေဖုံး ၅၂၉၉ km² (၂၀၄၆ sq mi)
လူဦးရေ (2008)
 - မြို့ပြ ၁၈၈၈၄၆၀၀
 - သိပ်သည်းမှု ၂၆၈၃.၆/km² (၆၉၅၀.၅/sq mi)
အချိန်ဇုန် တရုတ်စံတော်ချိန် (UTC+8)
စာပို့သင်္ကေတ 200000 – 202100
Area code(s) 21
GDP[၁] 2009
 - စုစုပေါင်း US$ 224 ဘီလီယံ
Website www.shanghai.gov.cn

ရှန်ဟိုင်းမြို့ (上海 Shanghai) (တရုတ်အသံထွက် - ဆန့်ဟိုင်) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။ လူဦးရေ သန်း ၂၀ အထက်ရှိသည့် ကမ္ဘာ့မြို့ကြီး တစ်မြို့လည်းဖြစ်သည်။[၂] ရှန်ဟိုင်းမြို့သည် တရုတ်အရှေ့ ကမ်းရိုးတန်း ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိပြီး ဗဟိုမှ တိုက်ရိုက် အုပ်ချုပ်သည့် မြို့တစ်မြို့ဖြစ်သည်။ [၃]

နဂိုမူလက တံငါရွာလေး တစ်ရွာဖြစ်သည့် ရှန်ဟိုင်းသည် ၁၈၄၂ ခုနှစ်တွင် တရုတ်နှင့် ဗြိတိသျှတို့ ရေးထိုးခဲ့သည့် နန်ကျင်းစာချုပ်အရ နိုင်ငံခြားကုန်သည်များ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ပေးသည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာသောကြောင့် အရေးပါသည့် မြို့တစ်မြို့ဖြစ်လာသည်။[၄] ရှန်ဟိုင်းသည်လည်း အရှေ့ဖျားဒေသနှင့် အနောက်တိုင်း နိုင်ငံများအကြား အရောင်းအဝယ် ဖောက်ကားရာ ဒေသဖြစ်လာသည်နှင့်အညီ ၁၉၃၀ ပြည့်လွန်နှစ်များတွင် နိုင်ငံစုံ ဘဏ္ဍာရေးနှင့် စီးပွားရေး အချက်အခြာ ဖြစ်လာသည်။[၅] သို့သော်လည်း ရှန်ဟိုင်း၏ စည်ပင်ဖွံ့ဖြိုးမှုသည် တရုတ်ကွန်မြူနစ်တို့ ပြည်တွင်းစစ်ကို အနိုင်ရလိုက်သည့် ၁၉၄၉ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်ကွန်မြူနစ် အစိုးရက တံခါးဖွင့်ဝါဒနှင့် ဈေးကွက်စီးပွားရေး စနစ်ကို စတင်ကျင့်သုံးလာခဲ့ချိန်မှစ ရှန်ဟိုင်း၏ စီးပွားရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လာခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော ကုန်တင်ကုန်ချ ဆိပ်ကမ်းမြို့ အဖြစ် စာရင်းဝင်ခဲ့သည်။[၆]

ရှန်ဟိုင်းမြို့သည်လည်း ကိုလိုနီခေတ်မှ ဥရောပဟန် အဆောက်အအုံများ တည်ရှိရာ ဝိုက်ထန်းဧရိယာ၊ အရှေ့တိုင်း ပုလဲမျှော်စင်နှင့် တိုးချဲ့ထားသည်မှာ မကြာသေးသည့် ဖူတုန်းမြို့နယ်ရှိ ခေတ်မှီတိုက်ကြီးများ စသည့် အထင်ကရ အဆောက်အအုံများကြောင့် ကမ္ဘာ့နယ်လှည့်ခရီးသည်များအကြား ကျော်ကြားသည်။ [၇][၈] ယနေ့တွင် ရှန်ဟိုင်းသည် တရုတ်ပြည်၏ စီးပွားရေးနှင့် ဘဏ္ဍာရေး အကြီးမားဆုံး အချက်အချာ ဖြစ်နေပြီဖြစ်သည့်အပြင် တရုတ်၏ စီးပွားရေး အရှိန်အဟုန်နှင့် တိုးတက်နေကြောင်း ကမ္ဘာက သိအောင် ပြသနိုင်သည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ [၉] ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ အကြီးဆုံး သဘေ‡ာဆိပ် ကြီးမြို့ ဖြစ်သည့်အပြင် ကုန်သွယ် စီးပွားရေး အချက်အခြာမြို့ ကြီးလည်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အထင်ရှား အကြီးကျယ်ဆုံး သော မြို့ကြီး ၁ဝ မြို့တွင် တတိယအဖြစ် ပါဝင်လေသည်။ သဘေ‡ာဆိပ်ကောင်းမြှိုု့ကြီးဖြစ်သော်လည်း ပင်လယ်ဝတွင် မရှိဘဲ ယန်စီမြစ်တွင်းသို့ စီးဝင်သောဟွန်ပူမြစ် အနောက်ဖက် ကမ်းပေါ်တွင် တည်ရှိလျက် ယန်စီမြစ်ဝမှ ၁၄ မိုင်ခန့် ကွာဝေး လေသေည်။ထိုသို့ပင်လယ်နှင့် ဝေးသောကြောင့်ပင် တရုတ်ဘာ သာဖြင့် ရှန်ဟိုင်းမြို့ဟု ခေါ်တွင်ခဲ့လေသေည်။ ပင်လယ်ကူး သဘေ‡ာကြီးများ ဆိုက်ကပ်နိုင်စေရန် အမြဲလိုပင် နုံးများကို ဆယ်၍ သဘေ‡ာဆိပ်ကို ပြုပြင်နေရလေသည်။ ရှန်ဟိုင်းမြို့သည် ခရစ်နှစ် ၁၈၂၄ ခုနှစ် မတိုင်မီက ဟွန်ပူမြစ်ကမ်း၏ နုံးတင်မြေနုပေါ်တွင် တည်ရှိသော တံငါ ရွာကလေးမျှသာ ဖြစ်၏။ သို့ရာတွင် ၁၈၄၂ ခုနှစ်တွင် တရုတ် နိုင်ငံတွင်းသို့ နိုင်ငံခြားသားများ ဝင်ထွက် ကူးသန်းနိုင်ရေး စာချုပ်ကို အင်္ဂလိပ်နှင့်တရုတ်တို့ နန်ကင်းမြို့၌ ချုပ်ဆိုလိုက် သောအခါမှ စ၍ တဖြည်းဖြည်း တိုးတက်လာခဲ့ရာ ကမ္ဘာကျော် သင်္ဘောဆိပ် မြို့ကြီးတစ်မြို့ ဖြစ်လာလေသည်။ တရုတ်နိုင်ငံ လူဦးရေ ထက်ဝက်ခန့် နေထိုင်ရာ ယန်စီမြစ်ဝှမ်းဒေသဖြစ်သော တရုတ်နိုင်ငံ နယ်ကြီးဖြစ်နေသည့်အလျောက် ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ ထက်ဝက်ခန့်မျှသာ နိုင်ငံခြား ကူးသန်းရောင်း ဝယ်ရေးကို အုပ်စီးကြိုးကိုင်နိုင်သည့် အချက်အချာမြို့ကြီးအဖြစ် သို့ ရောက်လာလေသည်။

ရှန်ဟိုင်းမြို့သည် သုံးပွင့်ဆိုင် မြို့ကြီး အဖြစ်ဖြင့် ကြီးပွား တိုးတက်ခဲ့လေသည်။ သုံးပွင့်ဆိုင်မြို့ကြီးတွင် အပါအဝင်တို့မှာ နိုင်ငံပေါင်းစုံရပ်ကွက်၊ ပြင်သစ်မြို့ခေါ် ပြင်သစ်ရပ်ကွပ်နှင့် တရုတ်ရပ်ကွပ်တို့ပင် ဖြစ်ကြ၏။ နိုင်ငံပေါင်းစုံ ရပ်ကွက်သည် ဟွန်ပူမြစ်ကမ်းတစ်လျှောက်တွင် တည်ရှိ၍ ခေတ်မှီသော အဆောက်အအုံများဖြင့် ခမ်းနား စည်ကားလှသည်။ အထပ် ၂ဝ ကျော်ရှိသော မိုးထိတိုက်ပေါင်း များစွာရှိသဖြင့် ကမ္ဘာ့အရှေ့ဖက် တလွားတွင် အထူးပင် သာယာတင့်တယ်လေသည်။ ပြင်သစ် ရပ်ကွက်သည် မြစ်ကမ်းနှင့်အတန်ငယ်လှမ်း၍ နောက်ဖက်ကျ ကျ၌ တည်ရှိပြီးလျှင် ထိုရပ်ကွက်တွင် ရှိသော အဆောက်အအုံ တို့သည် အနည်းငယ် သေးငယ်ကြ၏။ သို့သော် သပ်ယပ် ကောင်းမွန်သော လူနေအိမ်များပေါများသည်။ မဟာရှန်ဟဲ မျူနီ စီပယ် ပိုင်နက်သည် ထိုနိုင်ငံပေါင်းစုံရပ်ကွက်နှင့် ပြင်သစ်ရပ် ကွက်တို့ကို ပတ်ရံနေသည်သာမက ဆင်ခြေဖုံးမြို့ ကလေးများ ကား မြို့ရိုးကာ ရှန်ဟိုင်မြို့ဟောင်း၊ မြစ်တစ်ဖက် ကမ်းရှိ ပူတွန်းမြို့၊ မြို့တောင်ဖက်ရှိ နန်တော်မြို့နှင့် မြောက်ဖက်ရှိ ချာပေးမြို့၊ ဟောင်ကျူးမြို့၊ ယန်စီပူးမြို့တို့ ဖြစ်ကြ၏။ ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံနှင့် နိုင်ငံခြား ကူးသန်းရေး တွင် အချက်အခြာဖြစ်သည့်အတိုင်း နှစ်စဉ်ပင် လူဦးရေ တိုး လျက် ရှိလေသည်။ ထိုအတွက် မြို့ကို တဖြည်းဖြည်း တိုးချဲ့ ဆောက်လုပ်ခဲ့ရာ ယခုအခါ ရှန်ဟိုင်းမြို့၏အကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း ၂၂၄ဝ ခန့်ပင် ရှိနေပေပြီ။ လူဦးရေ ခန့်မှန်း ခြေအားဖြင့် ၁ဝ သန်းခန့် (၁၉၆၄ ခုနှစ်)ရှိ၍ တရုတ် ပြည်သူ့ ယ သမတနိုင်ငံတွင် လူဦးရေအများဆုံး ဖြစ်လေသည်။ ရှန်ဟန်းမြို့သည် နိုင်ငံပေါင်းစုံနှင့် ဆက်သွယ်နေသော သင်္ဘောဆိပ်မြို့ကြီး ဖြစ်သည့်အလျောက် နိုင်ငံခြားမှ ခြည်ထည်၊ စက်ကိရိယာ၊ ရေနံဆီ၊ ဓာတ်ဆီစသော ရေနံထွက်ပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောများနှင့် တရုတ်နိုင်ငံမှ လက်ဖက် ခြောက်၊ ဝါဂွမ်း၊ ဆန်၊ သားရေ၊ ပိုးရိုင်း၊ ကြက်ဥ၊ ငှက်ဥ စသော ကုန်များကို တင်ဆောင်ကာ အခြားတိုင်းပြည်တို့သို့ ထွက်မည့် သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်ကြ၍ အထူးပင် စည်ကားလှ၏။ ပြည်တွင်း ကုန်သွယ်ရေး၌လည်း ကြီးကျယ် သည်ဖြစ်ရာ ကူးသန်းသွားလာရာ လမ်းကြောင်းကြီးများမှာ ယန်စီမြစ်ကြောင်းနှင့် ဆူချောင်ချောင်းမှ တစ်ဆင့် ဂရင်း တူး မြောင်းလမ်းတို့ ဖြစ်၏။ထိုပြင် ပီကင်း၊ နန်ကင်း၊ ဟန်ချောင် စသော မြို့ကြီးများနှင့်လည်း မီးရထားလမ်းများ ဆက်သွယ် လျက် ရှိသည်။

ရှန်ဟိုင်းမြို့ ပတ်ဝန်းကျင်တွင် စက်မှုလက်မှုလုပ်ငန်းများ အထူး တိုးတက်လျက် ရှိရာ သကြားလုပ်ငန်း၊ စက္ကူ လုပ်ငန်း၊ ဗိလပ်မြေလုပ်ငန်း၊ သားရေလုပ်ငန်း၊ ခြည်ထည်ပိုးထည်ဇာထည် လုပ်ငန်းများသည် ထင်ရှားသော လုပ်ငန်းများဖြစ်ကြသည်။ စစ် မဖြစ်မီက ရှန်ဟိုင်းမြို့တွင် စက်ရုံပေါင်း ၅ဝဝ ကျော်မျှနှင့် အလုပ်ရုံပေါင်း ၁၆ဝဝဝ ကျော်မျှ ရှိခဲ့၏။ တရုတ်နိုင်ငံရှိ ခြည်စက်အားလုံး၏ ထက်ဝန်ခန့်သည် ရှန်ဟိုင်းမြို့၌ တည်ရှိ လေသည်။

၁၈၆ဝ ပြည့်နှစ် တိုင်ပင်သူပုန် အရေးအခင်း အတွင်း၌ သူပုန်တို့သည် ရှန်ဟိုင်းမြိုု့ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ ထိုနောက် ၁၉ဝဝ ပြည့်တွင် ဗောက်ဆာ အရေးတော်ပုံကြောင့် ရှန်ဟိုင်းမြို့သည် တိုက်ခိုက်ခြင်း ခံရပြန်သည်။ ဂျပန်တို့သည် ၁၉၃၂ ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး အဓိကရုဏ်များကို အကြောင်းပြု၍ ရှန်ဟိုင်းမြို့၏ မြောက်ဖက်ဆင်ခြေဖုံးရပ်ကွက် တို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။

၁၉၃၇ ခုနှစ်တွင် ဂျပန်တို့သည် တရုတ်နိုင်ငံကို ဝင် ရောက် တိုက်ခိုက်သောအခါ ရှန်ဟိုင်းမြို့ကို လေးလနီးပါးမျှ အပြင်းအထန် ဝန်းရံ တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ကြလေ သည်။ ဂျပန်တို့ သိမ်းပိုက်ပြီးနောက် မဟာမိတ်တို့သည် အကြိမ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ရာ မြို့ကြီးမှာ အတော် အတန် ပျက်စီးခဲ့၏။ ပိုးထည်ရက်လုပ်သော စက်ရုံပေါင်း ၄ဝဝ ကျော် ရှိသည့်အနက် ၃ဝဝ ခန့်မျှ ပျက်စီးသွားခဲ့လေသည်။ သို့သော် ကမ်းနားတာရိုးလမ်းမကြီးနှင့် ခေတ်မီ အဆောက်အအုံ များဖြင့် ခမ်းနားလှသော မြို့လယ်ရပ်ကွက်တို့ကား အထိအခိုက် အပျက်အစီး မရှိကြချေ။

ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် ရှန်ဟိုင်းမြို့ ကို ဂျပန်တို့ လက်လွှတ်လိုက်ရ၏။ အင်္ဂလိပ်နှင့် အမေရိကန် တို့သည် ၁၉၄၃ ခုနှစ်တွင်၎င်း၊ ပြင်သစ်တို့သည် ၁၉၄၆ ခုနှစ် တွင်၎င်း ယင်းတို့၏ အခွင့် အရေးတို့ကို စွန့်လွှတ်လိုက်ကြ၍ တရုတ်ပြည်သူ့အစိုးရ လက်အောက်တွင်မူ နိုင်ငံခြားသားများ သည် ရှန်ဟိုင်းမြို့တွင် အထူးအခွင့်အရေးများကို မရရှိကြတော့ ချေ။[၁၀]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Global woes pinch rise in city GDP. Shanghai Daily.
  2. Shanghai population tops 20m. China Daily (2003-12-05). 2008-03-22တွင် ပြန်စစ်ပြီး။
  3. Shanghai. Encyclopædia Britannica Online (2008). 2008-03-22တွင် ပြန်စစ်ပြီး။
  4. Mackerras, Colin (2001). The New Cambridge Handbook of Contemporary China. Cambridge University Press, 242. ISBN 0521786746. 
  5. A Glimpse at 1930s Shanghai. Yoran Beisher (2003-09-24). 2008-03-20တွင် ပြန်စစ်ပြီး။
  6. Shanghai now the world's largest cargo port. Asia Times Online (2006-01-07). 2008-03-20တွင် ပြန်စစ်ပြီး။
  7. Caroline Bremner (2009-01-07). Trend Watch: Euromonitor International’s Top City Destinations Ranking. Euromonitor International. 2009-01-16တွင် ပြန်စစ်ပြီး။
  8. Look! It's the brand new face of China. The Guardian (2008-03-09). 2008-03-20တွင် ပြန်စစ်ပြီး။
  9. Shanghai: China's capitalist showpiece. BBC News (2008-05-21). 2008-08-07တွင် ပြန်စစ်ပြီး။
    Of Shanghai... and Suzhou. The Hindu Business Line (2003-01-27). 2008-03-20တွင် ပြန်စစ်ပြီး။
  10. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)



ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]