တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ

ဝီကီပီးဒီးယား မှ

တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲသည် မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာတွင် ကျင်းပလေ့ရှိသည်။ နှစ်စဉ် တော်သလင်းလလပြည့်ကျော် (၂)ရက်မှ တော်သလင်းလပြည့်ကျော်(၁၀)ရက်နေ့အထိ ကျင်းပရာ ဒေသခံများနှင့် အခြားဒေသများမှ နတ်ကိုးကွယ်သူများ လာရောက်ဆင်နွှဲကြသည်။ နတ်ပွဲနှင့်တကွ အင်းထဲတွင် မြန်မာ့ရိုးရာလှေပြိုင်ပွဲပါ ကျင်းပလေ့ရှိသည်။ [၁]

တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝင်းကျင်ရှိ နယ်ခံများသည် တောင်သမန်ဘိုးဘိုးကြီး ဒေသအခေါ် ဘိုးရေကြီးကို ယုံကြည်ကိုးကွယ်ကြသည်။ ဦးပိန်တံတား ဘေးတွင် ဘိုးဘိုးကြီး သက်ပျောက်တိုင်ဟု ခေါ်သော အုတ်တိုင်တစ်တိုင် တည်ရှိသည်။ ယခင်က ကျွန်းတိုင်ဖြစ်ပြီး နောက်ပိုင်းတွင် တံငါသည်များ စုပေါင်းကာ အုတ်တိုင်ပြုလုပ်ထားသည်။ ရေလုပ်သားများ အလေးထားကိုးကွယ်ကာ သက်ပျောက်တိုင်ကို ဦးတိုက်ကာ တိုင်တည်ပြီးမှ ငါးဖမ်းကြသည်။

ဘိုးဘိုးကြီး နတ်နန်းနှစ်နန်း ရှိသည်။ ယာယီတဲတန်းအဖြစ် တောင်သမန်အင်းဘေး အနောက်ဘက်တဲတန်းနှင့် တောင်သမန်ရွာထဲမှ မူရင်းနတ်နန်းတို့ တည်ရှိသည်။ နှစ်စဉ် ဘိုးဘိုးကြီးဖောင်လှည့်ပွဲနှင့် နတ်ပွဲကို တော်သလင်းလပြည့်ကျော် (၂)ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ တောင်သမန်ဘိုးဘိုးကြီးသည် ရှေးယခင်က ကျားသတ္တဝါကိုက်သည့်အတွက် သေဆုံးသွားသည်။ သို့အတွက် တောင်သမန်အင်းတစ်ဝိုက် တွင် ကျားပုံအသုံးပြုခြင်း မရှိကြပေ။ ထို့အတူပင် နယ်ခံများမှာ ဦးပိန်တံတားပေါ်နှင့် နတ်နန်းများအနီးတွင် ကျားဟု ကြုံးဝါးခြင်း မပြုရဟု ဆိုကြသည်။ နယ်ခံများမှာ ကျားပုံပါသော ကိရိယာများကို ဝယ်ယူပြီးပါက တိုက်ခြစ်ကာ ကျားပုံဖျက်ပြီးမှ သုံးကြသည်။ ကျားကို တောကောင်ဟု ခေါ်ဝေါ်သုံးစွဲကြသည်။

တော်သလင်းလပြည့်ကျော် (၂)ရက်နေ့ ညတွင် နတ်ကြီးပင့် အခမ်းအနား ကျင်းပသည်။ လပြည့်ကျော်(၃)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ချိုးရေတော်သုံး၊ ဖောင်လှည့်အခမ်းအနားကို တောင်သမန်အင်းတွင် ကျင်းပသည်။ ချိုးရေတော်သုံး အခမ်းအနားကို ရှေးယခင်ကတည်းက နှစ်စဉ် တောင်သမန်အင်းအတွင်းတွင် ကျင်းပခဲ့ပြီး နတ်ရုပ်တု ပုံတော်များအား ဖောင်တော်ပေါ်တင်ဆောင်ပြီး အခြားလှေများက ဝန်းရံကာ အင်းအတွင်းရှိ ဘိုးဘိုးကြီး သက်ပျောက်ကျောက်တိုင်အား ဦးတိုက်၍ ရွာသစ်ကျေးရွာရှိ နတ်နန်းသို့ သွားရောက်လှည့်ပတ်ကာ ကျင်းပကြသည်။ ဖောင်လှည့်ပွဲကို ဒေသခံများက အလေးထားသကဲ့သို့ပင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော စည်ကားသည့် ပွဲတော်ပင်ဖြစ်သည်။ ဖောင်လှည့်ပွဲကို ရိုးရာမပျက် ဆင်နွှဲပုံမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။

ဦးပိန်တံတား နောက်ခံထားသည့် တောင်သမန်အင်း ရေပြင်ကျယ်တွင် တူညီဝတ်စုံဝတ်ဆင်ထားသော လှေတော်သားများက ဖောင်ကိုကြိုးဖြင့် ဆွဲကြသည်။ ဘိုးဘိုးကြီးဖောင်လှည့်ပွဲတွင် ရှေးဦးစွာ ဖောင်တော်နှင့် ဘိုးဘိုးကြီး သက်ပျောက်တိုင်ကို ဦးတိုက်ကြရသည်။ ဖောင်တော်တွင် နတ်ဝတ်နတ်စားများ နှင့် နတ်ကတော်တို့မှာ ဆိုင်းများဖြင့် ညင်သာစွာကလာကြသည်။ ဖောင်တော်အား ဒေသခံများ ဖြစ်သည့် တဲနန်းသာရွာ၊ ရွာသစ်ရွာ၊ နွားနို့တော်စုရွာ၊ တောင်သမန်၊ ဆီမီးထွန်းနှင့် အိုးဘိုတို့မှ လှေတော်သားများက ဖောင်ကြိုးကိုင်ကာ ဆွဲလာကြသည်။

ဖောင်တော်နောက်မှ ပရိသတ်မှာ ရိုးရိုးလှေများ၊ ငှက်လှေများဖြင့် လိုက်လာပြီး ဦးပိန်တံတားမှ တောင်သမန်အင်း တောင်ဘက်တဲနန်းသာရွာနှင့် ရွာသစ်ရွာကြားရှိ တောင်သမန်ဘိုးဘိုးကြီး ယာယီတဲနန်းသို့ ပင့်ဆောင်လာကြရသည်။ တဲနန်းတွင် ဒေသခံများက ငှက်ပျောပွဲများဖြင့် ကြိုဆိုကြသည်။

ယာယီတဲနန်း ညောင်ပင်အောက်တွင် နတ်ချော့ခြင်း၊ (နတ်ကခြင်း)များ ပြုလုပ်ပြီးသည်နှင့် တောင်သမန်ရွာရှိ နန်းရင်းသို့ ဖောင်ဖြင့် ပို့ဆောင်ကာ တော်သလင်းလပြည့်ကျော် (၁၀)ရက်နေ့အထိ အစဉ်အလာအတိုင်း ကျင်းပကြသည်။ ဖောင်လှည့်သည့်နေ့တွင် ရွာလုံးကျွတ် မုန့်များဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိသည်။ ယခင်က ဆလှပွဲထည့်သွင်း ကျင်းပကြသည်။ ဒေသခံများ၏ ယုံကြည်မှုနှင့်အတူ လက်ရှိကာလအထိ ဦးပိန်တံတားအပေါ် သူတို့တစ်တွေ ကျားဟု မအော်ကြကြောင်း သိရသည်။ [၂] နောက်နေ့များတွင် တက်ပွဲ၊ ကန်တော့ပွဲ၊ နတ်ချော့ပွဲများ ကျင်းပသည်။ လပြည့်ကျော် (၁၀)ရက်နေ့တွင် အခြားနတ်ပွဲများတွင် မပါရှိသည့် ထန်းချိုင်ပွဲ ကျင်းပသည်။ ထို့အပြင် နတ်ပွဲအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို လပြည့်ကျော် (၅)ရက်မှ (၁၀)ရက်နေ့အထိ တောင်သမန်အင်းအတွင်း ကျင်းပလေ့ရှိသည်။ အင်းပတ်လည် အနီးဝန်းကျင်ရှိ ဘုန်းအိုး၊ ရွှေဂွမ်းထုပ်၊ တရုတ်တန်း၊ တောင်သမန်၊ သရက်တန်း၊ ထန်းတော၊ နွားနို့တော်စု၊ ရွာသစ်၊ တဲနံ့သာ စသည့် ကျေးရွာများ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၂၁-၉-၂၀၁၈၊ စာ-၁၂
  2. မန္တလေးနေ့စဉ်၊ ၂၃-၉-၂၀၁၈၊ စာ-၂၄
  3. မန္တလေးနေ့စဉ်၊ ၂၃-၉-၂၀၁၈၊ စာ-၁၈