စာပေဗိမာန်
စာပေဗိမာန် လိုဂိုအမှတ်တံဆိပ် | |
| ဆောင်ပုဒ် | အမှောင်ခွင်း၍ အလင်းဆောင်အံ့ |
|---|---|
| ယခင်အဖွဲ့အစည်း | မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း |
| ဖွဲ့စည်းခြင်း | ၂၂ ဩဂုတ် ၁၉၆၃ |
| တည်ထောင်သူ | |
| တည်နေရာ |
|
| ဝန်ဆောင်မှုများ | စာပေရေးသားထုတ်ဝေရေး |
မိခင်အဖွဲ့အစည်း | ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန |
| ဝက်ဘ်ဆိုဒ် | sarpaybeikman-pol.gov.mm |
စာပေဗိမာန် ဟူသည် မူလက မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း အမည်ဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် အဖွဲ့အစည်းပုံစံဖြင့် စတင်တည်ထောင်ခဲ့သော စာပေလုပ်ငန်းဆိုင်ရာ ဌာနတစ်ခု ဖြစ်သည်။
စတင်ဖွဲ့စည်းချိန်တွင် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း နောင်တွင် တော်လှန်ရေးကောင်စီအစိုးရလက်ထက်၌ ပြန်ကြားရေးဌာန (ယခု ပြန်ကြားရေးဝန်ကြီးဌာန) လက်အောက်သို့ ထည့်သွင်းခဲ့သည်။ လက်ရှိအချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ လက်အောက်ခံ ဌာနခွဲတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ စာပေဗိမာန်ကို အင်္ဂလိပ်ဘာသာဖြင့် "Palace of Literature" ဟု ပြန်ဆိုသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ ၁၉၄၇-ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။
စာပေဗိမာန်အဖွဲ့သည် မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅-ခုနှစ်၊ မေလတွင် (၅၂၉-၅၃၁) ကုန်သည်လမ်း (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။
၁၉၇၂-ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ [၂]
ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]
အသင်း၏ ရည်ရွယ်ချက်များမှာ-
- မြန်မာတိုင်းရင်းသားများအဖို့ ဉာဏ်ပညာ ဗဟုသုတ တိုးပွားကြောင်းဖြစ်သော အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ၊ နိုင်ငံခြားဘာသာဖြင့် ဖြစ်စေ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို မြန်မာဘာသာ ပြန်ဆိုရန်။
- မြန်မာဘာသာဖြင့် ပြုစုရေးသားထားသော သို့မဟုတ် မြန်မာတိုင်းရင်းသား ဘာသာတစ်ခုခုဖြင့် ပြုစုရေးသားထားသော စံမီ စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာများသို့ ပြန်ဆိုရန် သို့မဟုတ် ပြန်ဆိုခြင်းကို ကူညီအားပေးရန်။
- လူထုပညာရေး တိုးတက်ကောင်းမွန်လာစေရန်နှင့် မြန်မာနိုင်ငံတွင် ပညာတတ် အဆင့်အတန်း မြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာစာပေနှင့် မြန်မာအနုပညာရပ်များကို စူးစမ်းရှာဖွေရန် သို့မဟုတ် စူးစမ်းရှာဖွေမှုများကို ကူညီအားပေးရန်။
- ပင်ကိုဉာဏ်ဖြင့်သော်လည်းကောင်း၊ ရှာဖွေစုဆောင်း၍သော်လည်းကောင်း၊ ဘာသာပြန်၍သော်လည်းကောင်း၊ စာတမ်းများ စာစောင်များနှင့် အခြားဖတ်ရှုဖွယ်ရာများကို ရေးသားပုံနှိပ် ထုတ်လုပ်ဖြန့်ချိ ဝေငှရန် သို့မဟုတ် ရောင်းရန် ထိုရည်ရွယ်ချက်ဖြင့် ရုပ်ပုံများ၊ အနုပညာရပ်များ၊ စာစောင်များနှင့် အခြားဖတ်ရှုဖွယ်ရာ စာအုပ်များကို ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိဝေငှရန် အတွက် စာပုံနှိပ်စက်၊ ကိရိယာနှင့် အလုပ်သမားများ ရယူတည်ထောင် ခန့်အပ်ထားရှိရန်။
အစရှိသော(၁၄)ချက်ပါဝင်သည့်အသင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုပြီးနောက် အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် လူကြီး (၁၂) ဦးကို ရွေးချယ် တင်မြှောက်ရာတွင် ဝန်ကြီးချုပ် ဦးနု မှာ ဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့လေသည်။
စာပေဗိမာန်၏ အစနှင့် လုပ်ငန်းဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်၊ မေလတွင် စာပေဗိမာန်ကို ရန်ကုန်မြို့ရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် စတင်တည်ထောင်ခဲ့ပြီး၊ ၎င်း၏ဆောင်ပုဒ်မှာ "အမှောင်ခွင်း၍ အလင်းဆောင်အံ့" ဖြစ်သည်။ စတင်တည်ထောင်စဥ်က အသင်းဝင်စနစ်ဖြင့် စည်းရုံးခဲ့သော်လည်း နောင်တွင် ထိုစနစ်ကို ဖျက်သိမ်းခဲ့သည်။ စာပေဗိမာန်သည် "ဘာသာပြန်စာပေအသင်း" ဟု အမည်ခံသော်လည်း ၎င်း၏ဖွဲ့စည်းပုံသည် အသင်းအဖွဲ့ပုံစံမဟုတ်ဘဲ လုပ်ငန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ခဲ့သည်။
စာပေဗိမာန်သည် အစောပိုင်းကာလများတွင် "လူထုအလင်းစာစဉ်"၊ "လူထုအိတ်ဆောင်စာစဉ်" နှင့် "လူထုတက္ကသိုလ်စာစဉ်" အမည်များဖြင့် စာအုပ်များ ထုတ်ဝေခဲ့သည်။ ထို့အပြင် ကျောင်းများနှင့် တက္ကသိုလ်များအတွက် ဘာသာရပ်ဆိုင်ရာ ကျောင်းသုံးစာအုပ်များ ဘာသာပြန်ဆိုခြင်းနှင့် ပြုစုခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၎င်းလုပ်ငန်းများအတွက် ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာနများကို ဖွဲ့စည်းခဲ့ပြီး၊ ၁၉၄၉ ခုနှစ်မှစ၍ မြန်မာ့စွယ်စုံကျမ်း ပြုစုရေးလုပ်ငန်းကိုလည်း တာဝန်ယူခဲ့ရာ ၁၉၇၆ ခုနှစ်တွင် အတွဲ (၁၅) အထိ ပြီးစီးအောင် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ်မှစ၍ နှစ်စဉ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှစတင်၍ စာတတ်မြောက်ခါစ ပုဂ္ဂိုလ်များအတွက် "ပြည်သူ့လက်စွဲစာစဉ်" ကို ထုတ်ဝေခဲ့ပြီး၊ စာပေဗိမာန်စာအုပ်အသင်း ကိုလည်း တည်ထောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှစတင်ကာ ကလေးများအတွက် ရွှေသွေးစာစောင် ကို အပတ်စဉ် ထုတ်ဝေခဲ့သည်။
စာပေဆုများ ချီးမြှင့်ခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုများ
[ပြင်ဆင်ရန်]စာပေဗိမာန်သည် ၁၉၄၉ ခုနှစ်မှစ၍ "စာပေဗိမာန်ဆု" အမည်ဖြင့် စာပေဆုများ ချီးမြှင့်ခဲ့ရာ၊ နောင်တွင် "အမျိုးသားစာပေဆု" အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၆၉ ခုနှစ်မှစ၍ "စာပေဗိမာန်စာမူဆု" ပြိုင်ပွဲကိုလည်း နှစ်စဉ် ကျင်းပပေးခဲ့သည်။ ထို့အပြင် စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများစွာကိုလည်း စီစဉ်ကျင်းပခဲ့သည်။
၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရလက်ထက်၌ စာပေဗိမာန်ကို အစိုးရလက်အောက်ခံဌာနအဖြစ် သတ်မှတ်ခဲ့ပြီး၊ မူလအဖွဲ့အစည်းကို ပယ်ဖျက်ကာ "စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့" ကို ဥပဒေဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်၏ လုပ်ငန်းများကိုလည်း ပြန်လည်သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့အမည်ကို "စာပေဗိမာန်အဖွဲ့" ဟု ပြောင်းလဲခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် စာပေဗိမာန်ဥပဒေကို ပယ်ဖျက်ခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ဗဟိုပုံနှိပ်တိုက်နှင့် ပူးပေါင်းကာ "ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း ကော်ပိုရေးရှင်း" အဖြစ် ပြောင်းလဲခဲ့ပြီး၊ နောက်ပိုင်းတွင် နာမည်များစွာ ပြောင်းလဲခဲ့ကာ လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဌာနတစ်ခုအဖြစ် တည်ရှိနေသည်။
ပခုက္ကူဦးအုံးဖေ စာပေဆု
[ပြင်ဆင်ရန်]ပခုက္ကူဦးအုံးဖေ စာပေဆုကို ၁၉၉၃ ခုနှစ်မှ စ၍ ချီးမြှင့်ခဲ့ရာ ဆုရွေးချယ်ရေးနှင့် ဆုနှင်းသဘင် ကျင်းပရေး ကိစ္စများကို စာပေဗိမာန်ကပင် တာဝန်ယူ၍ ဆောင်ရွက်ခဲ့သည်။ ပခုက္ကူဦးအုံးဖေ စာပေဆုတွင် တစ်သက်တာ စာပေဆုနှင့် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတေသနစာပေ၊ ကျမ်းစာဟူသော ဘာသာရပ်များ ပါရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Live Life design magazine , Issue 30, 2018, June, Page-42
- ↑ စာပေဗိမာန် သမိုင်းအကျဉ်း (in မြန်မာဘာသာ)။ စာပေဗိမာန် ဝဘ်ဆိုက်။ ၁၈-၀၂-၂၀၂၃ တွင် ပြန်စစ်ပြီး။
ဖြည့်စွက်ဖော်ပြချက်
[ပြင်ဆင်ရန်]- စာပေဗိမာန်သမိုင်းအကျဉ်း၊ရန်ကုန်၊ ဘာသာစာပေအသင်း၊ပကြိမ်၊ ၁၉၅၂ ခု၊ ဩဂုတ်လ။
- မလိခ၊ မြန်မာစာပေအဘိဓာန် အတွဲ(၂)ရန်ကုန်၊ သစ္စာစာပေ၊ ၁၉၇၄ ခု၊ စာ ၄၇၊ ၅၁။
- မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၇)၊ စာ ၁၂၅၊ ၁၃၄။