ဩစတြေးလျတိုက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဩစတြေးလျ (Australia)

ကမ္ဘာ့မြေပုံ

ဧရိယာ ၈,၄၆၈,၃၀၀ km²
(၃,၂၆၉,၆၂၉ စတုရန်းမိုင်)
လူဦးရေ ၃၁,၂၆၀,၀၀၀ (၂၀၀၉)
လူဦးရေ
သိပ်သည်းမှု
၃.၇/km²
နိုင်ငံများ ဩစတြေးလျနိုင်ငံပါပူအာနယူးဂီနီနိုင်ငံအရှေ့တီမောနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ ၏ တစိတ်တဒေသ
ဆက်စပ်နယ်မြေများ
ဘာသာများ
အချိန်ဇုန် GMT +10, GMT +9:30, GMT +8:00

ဩစတြေးလျတိုက်သည် တောင်ကမ္ဘာခြမ်းတွင် တည်ရှိပြီး ကမ္ဘာ့ အသေးဆုံး တိုက်ဖြစ်ပြီး အဓိက ကျွန်းကြီးဖြစ်သော တက်စ်မေးနီးယား ကျွန်းနှင့် ပစိဖိတ်နှင့် အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်များ ပါဝင်သည်။

ကမ္ဘာပေါ်ရှိအငယ်ဆုံးတိုက်[ပြင်ဆင်ရန်]

ကမ္ဘာ၏တောင်ဘက်ခြမ်း ပစိဖိတ်သမုဒ္ဒရာထဲတွင် ပကတိ အထီးတည်း ကျွန်းကြီးသဖွယ်တည်ရှိသော ဩစတြေးလီးယား တိုက်သည် တိုက်ကြီးခြောက်တိုက်တွင် အငယ်ဆုံးဖြစ်သည်။ ယင်းနှင့် အနီးဆုံးဖြစ်သော အာရှတိုက်နှင့်ပင် မိုင်၁၈ဝဝ ဝေး သည်။ ထို့ကြောင့်ပင် ဩစတြေးလီးယားတိုက်ကို နောက်ဆုံးမှ လူတို့ တွေ့ရှိခဲ့ခြင်းဖြစ်လေသည်။

ဩစတြေးလီးယားတိုက်[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးခြောက်တိုက်တွင် အငယ်ဆုံးဖြစ်သည်။ အရှေ့နှင့်အနောက်သို့ အရှည်ဆုံးနေရာတွင် ၂,၄၈၅ မိုင်ရှိ၍ တောင်နှင့်မြောက်သို့ အကျယ်ဆုံးနေရာတွင် ၁,၉၅၈ မိုင် ကျယ်ဝန်းသည်။ တက်စမေးနီးယာကျွန်း အပါအဝင် စုစုပေါင်း ၂၉၇၄,၅၈၁ စတုရန်းမိုင်ကျယ်ဝန်းသည်။ ဩစတြေးလီးယားတိုက်သည် ကမ္ဘာ၏တောင်ဘက်ခြမ်းပစိဖိတ် သမုဒ္ဒရာထဲ၌ တည်ရှိ၍ တောင်လတ္တီတွဒ် ၁ဝ° မှ ၄၅°° အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၁၁၄° မှ ၁၅၄°အတွင်း၌ ရှိလေသည်။

ဩစတြေးလီးယားတိုက်၏ ပင်လယ်ကမ်းရိုးတန်းသည် အရှည် မိုင်တစ်သောင်းနှစ်ထောင်မျှသာ ရှိသည်။ အငူများ၊ ပင်လယ်အော်များ အလွန်နည်းသည်။ ပင်လယ်လက်ကြား ဟူ၍လည်း မြောက်ဘက်၌ ကာပင်တေးရီးယားပင်လယ်ကွေ့ရှိ၍ တောင်ဘက်၌ ဂရိတ် ဩစတြေးလီးယန်းဗိုက်ရှိသည်။ အရှေ့မြောက် ကမ်းခြေနှင့် မိုင် ၃ဝ မှ ၇ဝ ကွာဝေးသောနေရာ၌ မိုင် ၁၂၅ဝ ရှိသော ဂရိတ်ဗယ်ရီယာရိခေါ် သန္တာကျောက်တန်းကြီးရှိ၏။ အရှေ့တောင်ကမ်းရိုးတန်းတွင် သင်္ဘောဆိပ်ကောင်းများရှိ၍ ကမ်းရိုးတန်းအနီး တစ်လျှောက်တွင် ကျွန်းကလေး များစွာရှိလေသည်။ ဩစတြေးလီးယားတိုက်အနီးရှိသော ကျွန်းများအနက် မြောက်ဘက်ရှိ နယူးဂင်းနီကျွန်းနှင့် တောင်ဘက်ရှိ တက်စမေးနီးယားကျွန်းတို့သည် ထင်ရှားသည်။

ဩစတြေးလီးယားတိုက်သည် ပကတိအထီးတည်းကျွန်းကြီးအဖြစ် တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။ အနီးဆုံးတိုက်ဖြစ်သော အာရှတိုက်နှင့်ပင် မိုင် ၁ယ၈ဝဝ ဝေးသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်ကို မြေမျက်နှာသွင်ပြင်လိုက်၍ သုံးပိုင်းခွဲနိုင်သည်။ ယင်းတို့မှာ (၁) အနောက်ကုန်းမြင့်ဒေသ၊ (၂)အလယ်ပိုင်းမြေနိမ့်ဒေသ၊ (၃) အရှေ့တောင်တန်းဒေသတို့ ဖြစ်သည်။

အနောက်ကုန်းမြင့်ဒေသသည် ပေ ၆ဝဝ မှ ၁ယ၅ဝဝ အထိသာဖြစ်သည်။ ထိုဒေသသည် ဩစတြေးလီးယားတိုက်၏ တစ်ဝက်နီးနီး ကျယ်ဝန်းသည်။

အလယ်ပိုင်းမြေနိမ့်ဒေသသည် ပင်လယ်သို့ထွက်ပေါက် မရှိသော မြစ်များစီးဆင်းရာဒေသ ဖြစ်သည်။ အချို့နေရာတွင် ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေတတ်ရာ အရှေ့တောင်ဘက် ပိုင်းဖြစ်သော မာရေးမြစ်ဝှမ်းဒေသသည် အနိမ့်ဆုံးအပိုင်းဖြစ် သည်။

အရှေ့တောင်တန်းဒေသသည် အမှန်စစ်စစ် ကုန်းမြေ မြင့်၏အစွန်း တောင်တန်းကြီးဖြစ်သည်။ ယင်းတောင်တန်းကို ဂရိတ်ဒီဗိုက်ဒင်း တောင်တန်းဟုခေါ်သည်။ ထိုတောင်တန်းကြီး သည် ဩစတြေးလီးယားတိုက်၏ အရှေ့ဘက်ကမ်းရိုး တစ်လျှောက်တွင် ကမ်းရိုးနှင့် မိုင် ၅ဝ မှ ၃ဝဝ အကွာ၌ တန်းနေ၍ တောင်ဘက်ဆုံးတွင် အမြင့်ဆုံးတောင်များရှိသည်။ တောင်တန်းကြီးသည် မိုင် ၁၅ဝ ခန့်ကျယ်၍ အနောက်ဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားရာ ထိုဆင်ခြေလျှောတစ်လျှောက်၌ ဒါလင်ဒေါင်းခေါ် မြက်ခင်းပြင်ရှိသည်။ တောင်တန်းနှင့် ကမ်းရိုးတန်းအကြားတွင် အလွန်ကျဉ်းမြောင်းသောလွင်ပြင် ရှိ သည်။


ဩစတြေးလီးယားတိုက်ရှိ ရေအိုင်များသည်လည်း များ သောအားဖြင့် ကျယ်၍တိမ်သည်။ နွေအခါ၌ အချို့ရေအိုင် များသည် ရွှံ့အိုင်ကြီးများသဖွယ် ရေမရှိဘဲ ရွှံ့များဖြင့်ပြည့်နေ သည်ကိုသာ တွေ့ရသည်။ ဩစတြေးလီးယားတိုက်ရှိ ဂျော့ ရေအိုင်သည် ကမ္ဘာပေါ်တွင် အထူးဆန်းဆုံးသော ရေအိုင်တစ်ခု ဖြစ်သည်။ ယင်းရေအိုင်သည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်သည်။ ဂျော့အိုင်နည်းတူ အဲရာအိုင်သည်လည်း အမြဲလိုလို ဆားကန်ကြီးသဖွယ် ဖြစ်နေပြီးနောက် လွန်ခဲ့သည့်အနှစ်တစ်ရာ အတွင်း နှစ်ကြိမ်သာ ရေဖြင့် ပြည့်ခဲ့ဖူးလေသည်။

ဩစတြေးလီးယားတိုက်တွင် ရေတံခွန်များရှိ၍ လှလည်း အလွန်လှပသည်။ သို့ရာတွင် မမြင့်လှချေ။

ရာသီဥတု[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်အလယ်ကို ဒက္ခိဏယဉ်စွန်း တန်းသည် ဖြတ်သန်းသွားရကား ဩစတြေးလီးယားတိုက် မြောက်ပိုင်းသည် မြန်မာနိုင်ငံကဲ့သို့ပင် မုတ်သုန်ဒေသဖြစ်သည်။ မုတ်သုန်လေသည် မြန်မာနိုင်ငံမှာကဲ့သို့ပင် ဇွန်လမှ အောက်တို ဘာလအတွင်း မဟုတ်ဘဲ၊ နိုဝင်ဘာလမှ ဧပြီလအတွင်း တိုက်ခတ် သည်။ တိုက်ခတ်သော မုတ်သုန်လေသည်လည်း အနောက်မြောက်လေဖြစ်သည်။ အနောက်မြောက်လေ တိုက်ခတ် သော နိုဝင်ဘာလမှဧပြီလအတွင်း မြောက်ဘက်ကမ်းရိုးတန်း တစ်လျှောက် မိုးရွာသွန်းလေသည်။ ဩစတြေးလီးယားတိုက် အလယ်ပိုင်းဒေသသည် တစ်နှစ်ပတ်လုံးမိုးခေါင်လေသည်။ ထို့ ကြောင့် ဩစတြေးလီးယားတိုက် အလယ်ပိုင်းသည် သဲကန္တာရ ဖြစ်၍ အနောက်တောင်ထောင့်မှာမူ ဆောင်းအခါ၌ မိုးရွာသော မြေထဲပင်လယ်ရာသီဥတုရှိသည့် ဒေသဖြစ်သည်။ ဩစတြေးလီးယားတစ်တိုက်လုံးကိုခြုံကြည့်မူ များသော အားဖြင့် မိုးခေါင်းပါးသောဒေသ များသည်။ မြောက်ဘက်နှင့် အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်၌သာ မိုးရွာသွန်း၍ ကုန်းတွင်းပိုင်းဒေသများတွင် အချို့နှစ်များ၌ လုံးဝမိုးမရွာဘဲရှိ တတ်သည်။ ဩစတြေးလီးယားတိုက်၏ သုံးပုံတစ်ပုံကျော်ကျော် သည် မိုးရေချိန် တစ်နှစ်လျှင် ဆယ်လက်မထက်နည်း၍ တစ်ဝက်ကျော်ကျော်သည် ၁၅ လက်မထက် နည်းသည်။

ပေါက်ရောက်သောအပင်နှင့် တွေ့ရှိရသော တိရစ္ဆာန်များ

ဩစတြေးလီးယားတိုက်၏ သဘာဝပေါက်ရောက်သော အပင်နှင့် တွေ့ရှိရသောတိရစ္ဆာန်များမှာ အခြားဒေသ၌တွေ့ရခဲ သော အပင်နှင့် တိရစ္ဆာန်များဖြစ်သည်။ မြေမျက်နှာပြင်၊ ရာသီဥတုကိုလိုက်၍ ပေါက်ရောက် သည့်အပင်များ ကွဲပြားခြားနားသည်။ ဩစတြေးလီးယားတိုက် အလယ်ပိုင်းကုန်းမြေမြင့်ကြီး တစ်ခုလုံးနှင့် အဲရာရေအိုင်ပတ်ဝန်းကျင်ရှိ မြေနိမ့်ဒေသတစ်ဝိုက် လုံးသည် သဲကန္တာရဒေသဖြစ်သည်။ ရှားစောင်းပင်၊ ဆူးရှိသော မြက်ပင်၊ ခြုံဖုတ်များ စသည် ကြိုးကြားပေါက်ရောက်နေတတ် သည်။ ဩစတြေးလီးယားတိုက်၏ အနောက်တောင်နှင့် အရှေ့ တောင်ကမ်းရိုးတန်း၌ မြေထဲပင်လယ်ရာသီဥတုဒေသကို တွေ့ရ သည်။ ဆောင်းရာသီ၌ မိုးရွာသည်။ လိမ္မော်သီး၊ သစ်သော့သီး၊ စပျစ်သီး စသော သီးပင်များ၊ ဂျုံများစိုက်ပျိုးကြ၍ စိုစွတ် သောအပိုင်း၌ အဖိုးတန်သစ်တောများရှိသည်။

ဩစတြေးလီးယားတိုက်မြောက်ဘက်ကမ်းရိုးတန်းဒေသ တစ်လျှောက်သည် အပူပိုင်းမြက်ခင်းဒေသ ဖြစ်သည်။ ကမ်းစပ် တွင် စိုစွတ်၍ သစ်တောများရှိသည်။ ကုန်းတွင်းဘက်ရောက် သောအခါ မုတ်သုန်တော၊ သို့မဟုတ် အမြဲစိမ်းလန်းသော အပင်များပေါက်ရောက်သော သစ်တောများရှိသည်။ ယင်းသစ် တောမျိုးကို လွန်သောအခါ မြက်ခင်းနှင့်သစ်ပင်စု ရောနှော နေသော ဆဗာနာမြက်ခင်းမျိုးကို တွေ့ရသည်။ မြက်ခင်းဒေသ သည် သိုး၊ နွားမွေးမြူရန် စားကျက်ကောင်းဖြစ်သည်။

ဂရိတ်ဒီဗိုက်ဒင်းတောင်တန်း၏ အနောက်ဘက် မာရေး နှင့် ဒါလင်မြစ်ဝှမ်းဒေသသည် သမပိုင်း မြက်ခင်းဒေသဖြစ်သည်။ ယင်းမြက်ခင်းဒေသတွင် သိုးများ အကြီးအကျယ်မွေးမြူရာ ကမ္ဘာပေါ်၌ သိုး အများဆုံးမွေးမြူရာ ဒေသကြီးဖြစ်သည်။

မိုးကောင်းစွာရရုံမက ပင်လယ်နှင့်နီး၍ ပင်လယ်လေ အမြဲရရှိသော အရှေ့ဘက်ကမ်းရိုးတန်းဒေသသည် ရာသီဥတု ညီညွတ်မျှတသည်။ မြက်ခင်းများ အမြဲစိမ်းစိုနေသဖြင့် နွားမွေး ကြသည်။ ထို့ကြောင့် နို့ထွက်ပစ္စည်း အမြောက်အမြားထွက် သဖြင့် နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချနိုင်သည်။ ပိုမိုပူနွေးသော မြောက်ဘက်ကျကျအပိုင်း၌ ကြံ၊ နာနတ်၊ ငှက်ပျောစသော သီးနှံပင်များကို စိုက်ပျိုးကြသည်။ တောင်ခါးပန်းများတွင် ယူကလစ်တပ် စသော အဖိုးတန်သစ်တောများရှိသည်။

တက်စမေးနီးယားကျွန်းသည် သမအေးပိုင်းဒေသဖြစ် သည်။ တစ်နှစ်ပတ်လုံး မိုးရသည်။ ရာသီဥတုမျှတသည်။ အဓိကအားဖြင့် ဂျုံ၊ ပန်းသီး၊ အာလူးတို့ကို စိုက်ပျိုး၍ သိုး များ၊ နွားများလည်း မွေးမြူသည်။ ယူကလစ်တပ်ပင်များ ထူထပ်စွာပေါက်ရောက်သည်။ ဩစတြေးလီးယားတိုက်သည် အခြားတိုက်များနှင့် တစ်စုံတစ်ရာ အဆက်အသွယ်မရှိ၊ ပကတိအထီးတည်း တည်ရှိ နေဘိသကဲ့သို့ တွေ့ရသည့် တိရစ္ဆာန်များ၊ သစ်ပင်များ၊ ပန်းပင် များသည်လည်း ထူးထူးဆန်းဆန်း အံ့ဩဖွယ် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသတွင်မှ မတွေ့ရှိရသော သစ်ပင်အမျိုးပေါင်း တစ်သောင်းကျော်ကို ဩစတြေးလီးယား တိုက်၌ တွေ့ရသည်။

အခြားဒေသ၌ မတွေ့ရှိရသော တိရစ္ဆာန်များ ငှက်များ ကိုလည်း ဩစတြေးလီးယားတိုက်၌ တွေ့ရှိရသည်။ ပလက်တီ ပက်ခေါ် ဘဲတူဖျံတူကောင်၊ သားပိုက်ကောင်အမျိုးမျိုး၊ အီချစ် ဒနာပရွက်စားကောင်၊ အီးမျူးငှက်ကုလားအုပ်၊ ဒင်ဂိုခေါ် တော ခွေးတစ်မျိုး၊ ကွာလာဝက်ဝံစသည်တို့ကို ဩစတြေးလီးယား တိုက်မှတစ်ပါး အခြားမည်သည့်ဒေသတွင်မျှ မတွေ့ရချေ။

တွင်းထွက်ဓာတ်သတ္တုများ[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်သည် ဓာတ်သတ္တုပေါများသော တိုက်ကြီးဖြစ်သည်။ အနောက်ဘက် ကုန်းမြေမြင့်ဒေသတွင် ရွှေ အမြောက်အမြားတွေ့ရသည်။ ကာလဂူလီရွှေတွင်းသည် အကြီး ကျယ်ဆုံးဖြစ်သည်။ ဩစတြေးလီးယားတိုက်အရှေ့ပိုင်းဝိတိုရိယ နယ်၌လည်း ရွှေကိုတွေ့ရသည်။ ကွင်းစလန်နှင့် နယူး ဆောက် သဝေးပြည်နည်တို့မှ ကျောက်မီးသွေးထွက်သည်။ ဩစတြေးလီး ယားတိုက် ထွက်ကုန်အားလုံး တန်ဖိုး၏ ထက်ဝက်သည် ကျောက်မီးသွေးထွက်ကုန်မှ ရရှိသည်။ ဩစတြေးလီးယားတိုက် ထွက် အခြားအဖိုးတန် ဓာတ်သတ္တုများမှာ ကြေးနီ၊ ငွေ၊ ခဲ၊ သံ၊ သွပ်၊ ပလက်တီနမ်၊ သံဖြူ၊ မက်ဂနီဆိုက်နှင့် ရွဲများ ဖြစ် ကြသည်။ ဩစတြေးလီးယားတစ်တိုက်လုံးမှ ထွက်သော တွင်းထွက်သတ္တုများ၏ ထက်ဝက်ကို နယူး ဆောက်သဝေး ပြည်နယ်မှ ရရှိသည်။

လူဦးရေနှင့် အလုပ်အကိုင်[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ် ခန့်မှန်းခြေအရ ဩစတြေးလီးယားတိုက် ၏ လူဦးရေသည် ၁၃ဝ၂၆၃ဝဝ ယောက် ဖြစ်သည်။ ဩစတြေး လီးယားတိုက်ကား လူဦးရေညီမျှစွာ ရှိသည်မဟုတ်ချေ။ များသောအားဖြင့် အရှေ့တောင်ပိုင်းနှင့်ကမ်းရိုးတမ်းတစ်လျှောက် မြို့ကြီးပြကြီးများတွင် လူနေအိမ်ခြေအများဆုံးဖြစ်သည်။ ကျေး ရွာလူထုမှာ လူဦးရေ၏ လေးပုံတစ်ပုံသာရှိသည်။ နယူးဆောက် သဝေးနှင့် ဝိတိုရိယပြည်နယ်တို့သည် လူဦးရေ အထူထပ်ဆုံး ဖြစ်သည်။ ဩစတြေးလီးယားတိုက်၌ နေထိုင်ကြသူများသည် များသောအားဖြင့် ဗြိတိသျှလူမျိုး အဆက်အနွယ်များ ဖြစ်ကြ သည်။ တိုင်းဦးသားလူမျိုးများသည် ယခုအခါ ၅ဝဝဝဝ ခန့် သာရှိတော့သည်။ ယင်းတို့သည် အတည်တကျ တစ်နေရာ တည်း၌ နေထိုင်လုပ်ကိုင်မစားဘဲ လှည့်လည်သွားလာနေတတ် သည်။ ဩစတြေးလီးယားတိုက် အမျိုးသားဝင်ငွေ၏ ၅ဝ ရာ ခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးမှ ရရှိ သည်။ မွေးမြူရေးတွင် သိုးမွေးမြူရေးသည် အကြီးကျယ်ဆုံး လုပ်ငန်းဖြစ်သည်။ မာရီးနိုး သိုးမျိုးသည် ဩစတြေးလီးယား တိုက်၌ မွေးမြူသော နာမည်ကျော် သိုးမျိုးကောင်းဖြစ်သည်။ ဩစတြေးလီးယားတိုက် ထွက်ကုန်၏ ၅ဝ ရာခိုင်နှုန်းသည် သိုးမွေးဖြစ်သည်။ အခြားအကြီးအကျယ်မွေးမြူသော တိရစ္ဆာန် များမှာ နွား၊ ဆိတ်၊ ဝက်တို့ဖြစ်သည်။ ထို့ကြောင့် ဩစတြေး လီးယားတိုက်မှ ထောပတ်၊ ဒိန်ခဲ၊ နို့ဆီစသော နို့ထွက် ပစ္စည်းများ၊ အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သားစသည် တို့ကို ကြာရှည်ခံရန် ပြုပြင်ထားသော စည်သွတ်အသားဗူးများ ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည်။

ဩစတြေးလီးယားတိုက်သည် စိုက်ပျိုးရေး၌သာမက စက်မှုလက်မှုလုပ်ငန်း၌လည်း ကမ္ဘာပေါ်တွင် အထွန်းကားဆုံး ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ လူတစ်ရာလျှင် ၂၈ ယောက်ခန့်သည် စက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင် နေသူများဖြစ်ကြသည်။ ဩစတြေးလီးယားတိုက်၏ ထင်ရှား သော စက်မှုလက်မှုလုပ်ငန်းများမှာ စည်သွတ်ဗူးလုပ်ငန်း၊ သံ မဏိလုပ်ငန်း၊ မော်တော်ယာဉ်နှင့် လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတို့ ဖြစ်ကြသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်အတွင်း၌ မီးရထားလမ်း မိုင် နှစ်သောင်းရှစ်ထောင်ခန့်ရှိသည်။ မီးရထားလမ်းများကို မိမိ ပြည်နယ်နှင့် မိမိဖောက်လုပ်ကြခြင်းဖြစ်ရာ မီးရထားလမ်း အကျယ်သည် ပြည်နယ်တစ်ခုနှင့်တစ်ခု မတူသဖြင့် ပြည်နယ် တစ်ခုနှင့်တစ်ခု မီးရထားလမ်းဖြင့် ဆက်စပ်ထားသော်လည်း ခရီးသည်များ တောက်လျှောက်မသွားလာနိုင်ချေ။ ရထားပြောင်း စီးရလေသည်။ မော်တော်ကားလမ်းမှာမူ မိုင်ပေါင်း ငါးသိန်းခန့် ရှိသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်မှစ၍ ဩစတြေးလီးယားတိုက် တွင် လေကြောင်းသယ်ယူပို့ဆောင်ရေး ခရီးလမ်းများ တိုးတက် များပြားလာလေသည်။ စိတ်ဝင်စားဖွယ် လေကြောင်းသယ်ယူ ပို့ဆောင်ရေး တိုးချဲ့မှုတစ်ခုကား မိုးပျံဆရာဝန်ဟုခေါ်ကြသော လုပ်ငန်းတစ်ခုဖြစ်သည်။ အလုပ်သမားလူနာများရှိရာသတ္တုတွင်း၊ မွေးမြူရေးခြံစသော မြို့နှင့်ဝေးသည့် အလုပ်သမားများနေရာ ဒေသများသို့ ချက်ချင်း ဆရာဝန်များ လေကြောင်းခရီးဖြင့် သွားရောက်ကုသပေးခြင်းဖြစ်သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်သည် ဗြိတိသျှဓနသဟာယအဖွဲ့ ဝင်ဖြစ်၍ ဩစတြေးလီးယား ဓနသဟာယ ပြည်ထောင်စုအဖြစ် ပါဝင်သည်။ ဩစတြေးလီးယားတစ်တိုက်လုံး၏ မြို့တော်မှာ ကန်းဗရားမြို့ဖြစ်၍ လူဦးရေ ၁၄၁၇၉၅ ယောက်ရှိသည်။

ဩစတြေးလီးယားတိုက်တွင် ပြည်နယ်ခြောက်နယ်နှင့် နယ်ကြီးနှစ်နယ်တို့ ပါဝင်သည်။ ပြည်နယ်များမှာ

  1. ဩစတြေးလီးယားအနောက်ပိုင်း၊
  2. တက်စမေနီးယား၊
  3. ဩစတြေးလီးယားတောင်ပိုင်း၊
  4. ဝိတိုရိယ၊
  5. နယူးဆောက်သဝေး၊
  6. ကွင်းစလန်ပြည်နယ်တို့ဖြစ်၍ နယ်ကြီးများမှာ ဩစတြေးလီးယားမြောက်ပိုင်းနယ်နှင့် ဩစတြေးလီးယားမြို့တော်နယ်တို့ဖြစ်ကြသည်။ (ကွင်းစလန်ပြည်နယ်၊ ဩစတြေးလီးယား တောင်ပိုင်းပြည်နယ်၊ ဩစတြေးလီးယားမြောက်ပိုင်းနယ်၊ ဩစတြေးလီးယားအနောက်ပိုင်းပြည်နယ်၊ ဝိတိုရိယပြည်နယ်၊ နယူး

ဆောက်သဝေးပြည်နယ်၊ တက်စမေးနီးယားကျွန်း-ရှု။)


ထိုမှတစ်ပါး ဩစတြေးလီးယား ဓနသဟာယ အစိုးရသည် ပါပူယာ နယူးဂင်းနီနယ်ကို၎င်း၊ နော်ဖို့ကျွန်း၊ အက်ရှမိုးနှင့် ကာတီယာကျွန်းများ၊ ဟာဒ်နှင့် မက္ကဒေါ်နယ်ကျွန်းများ၊ ကိုကိုးနှင့် ကီးလင်းကျွန်းများ၊ ခရစ္စမတ်ကျွန်းတို့ကို၎င်း၊ ဩစတြေးလီးယား အန္တာတိတ်နယ်ပယ်ကို၎င်း အုပ်ချုပ်ရသည်။ ၁၉ဝ၁ ခုနှစ်မှစ၍ နယ်များကိုခွဲလိုက်၍ မိမိနယ်နှင့်မိမိ စိတ်တိုင်းကျ အုပ်ချုပ်ကြရသည်။ ပြည်နယ်အသီးသီးတွင် သီးသန့်ပါလီမန်တစ်ခုစီ၊ တရားရုံးချုပ်တစ်ခု စီရှိကြသည်။ ဩစတြေးလီးယား ဓနသဟာယပြည်ထောင်စု အစိုးရတွင်လည်း ပါလီမန်လွှတ်တော်ရှိသည်။ ဓနသဟာယပါလီမန် အောက်လွှတ်တော်သို့ ပြည်နယ်များမှ ကိုယ်စားလှယ်များ လူဦးရေ အချိုးအစားအလိုက် ပါဝင်ရသည်။ အထက်လွှတ်တော်သို့မူ ပြည်နယ်တစ်ခုစီမှ ပြည်နယ်ပါလီမန်ကိုယ်စားလှယ် ၁ဝ ဦးကျစီ ပါဝင်ရသည်။ ဓနသဟာယ ပါလီမန်အောက်လွှတ်တော်၌ အမတ်နေရာအများဆုံးရသော နိုင်ငံရေးပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်၍ စိုးရအဖွဲ့ကိုခေါင်းဆောင်စေ သည်။ ဗြိတိသျှဘုရင်မကိုယ်စား ဆောင်ရွက်ရန် ဗြိတိသျှအစိုးရ က ဩစတြေးလီးယား ဓနသဟာယပြည်ထောင်စု အစိုးရအကြံပေးသည့်ပုဂ္ဂိုလ်အား ဘုရင်ခံချုပ်အဖြစ် ခန့်ထားရသည်။

သမိုင်း[ပြင်ဆင်ရန်]

ဩစတြေးလီးယားတိုက်သည် တိုက်ကြီးခြောက်တိုက်အနက် နောက်ဆုံးမှတွေ့ရှိ၍ မကြာမီကမှ ယဉ်ကျေးမှုတိုးတက် ပြန့်ပွားလာသော တိုက်ဖြစ်သော်လည်း တည်ရှိခဲ့သောအချိန် ကာလမှာ အလွန်ပင်ရှေးကျလျက် အာရှနှင့်ဥရောပတိုက်တို့ ပင်လယ်ရေအောက်တွင် နစ်မြုပ်နေစဉ်ကပင် ကျွန်းကြီးတစ်ကျွန်းအဖြစ် တည်ရှိနေခဲ့ဟန်ရှိကြောင်းဖြင့် ပထဝီသိပ္ပံ ပညာရှင်များကယူဆကြသည်။

ဩစတြေးလီးယားတိုက်ကို မည်သည့်အချိန်က စတင်တွေ့ရှိခဲ့သည်ဟု အတိအကျမပြောနိုင်ချေ။ သို့သော် အရှေ့ အိန္ဒိယကျွန်းစုအလွန်ရှိ ကုန်းမြေတစ်ခုအကြောင်း ရေးသားထားသော စာတမ်းတစ်ခုကိုမူကား ၁၅၄၂ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ဤသည်ကို ထောက်ချင့်ခြင်းအားဖြင့် ဩစတြေးလီးယားတိုက်ကို ပေါ်တူဂီတို့ စတင်တွေ့ရှိသည်ဟု ယူဆရန်ရှိသည်။ ၁၆ဝ၆ ခုနှစ်တွင် ဒတ်ချလူမျိုး ရေကြောင်းခရီးသွားတစ်ဦးသည် ကာပင်တေးရီးယားပင်လယ်ကွေ့၏ အရှေ့ ဘက်ကမ်းကို တွေ့ရှိခဲ့ဖူးသည်ဟုဆိုသည်။ ၁၆၄၂ ခုနှစ်တွင် ဒတ်ချ သင်္ဘောသား အတ်ဗယ်ဂျေတက်စမင် ဆိုသူသည် ဩစတြေးလီးယားတိုက်၏ တောင်ဘက်တွင် ကပ်လျက်ရှိသော တက်စမေနီးယား ကျွန်းကိုတွေ့ရှိလေသည်။ ဒတ်ချလူမျိုးတို့သည် ဩစတြေးလီးယားတိုက်ကိုတွေ့ရှိကြသော်လည်း အတည်ကျ တက်ရောက် နေထိုင်ခြင်းကား မပြုကြချေ။ ၁၇၇ဝ ပြည့်နှစ်တွင် ကပ္ပတိန် ဂျိမ်းကွတ်ဆိုသူ အင်္ဂလိပ်လူမျိုး နယ်သစ်ရှာသူသည် ဩစတြေးလီးယားတိုက် အရှေ့ဘက် ကမ်းရိုးတမ်း တစ်လျှောက် တောင်မှမြောက်သို့ လှည့်လည်ရောက်ရှိရင်း ယခု နယူးဆောက်သဝေးပြည်နယ်ဟုခေါ်သောဒေသကို အင်္ဂလိပ်ပိုင်ဒေသအဖြစ် သတ်မှတ်တည်ထောင်ခဲ့ သည်။ (ကွတ်၊ ကပ္ပတိန်-လည်းရှု။) အင်္ဂလိပ်တို့သည်ယခင်က အကျဉ်းသားများကို အမေရိကတိုက်ရှိ ကိုလိုနီနယ်များသို့ပို့ခဲ့သော်လည်း အမေရိကန်ပြည်တွင်းစစ်ဖြစ်၍ ကိုလိုနီနယ် အမြောက်အမြား လက်လွှတ်လိုက်ရပြီးသည့်နောက် ၁၇၈၈ခုနှစ် မှစ၍ အကျဉ်းသားများကို ဩစတြေးလီးယားတိုက်ရှိ နယ်မြေသစ်များသို့ပို့လေသည်။ ၁၈၅၁ ခုနှစ်တွင် ဩစတြေးလီးယားတိုက်၌ ရွှေကိုတွေ့ရသဖြင့် ရွှေတွင်းလုပ်ငန်းဖြင့် စီးပွားရှာရန် လာရောက်နေထိုင်သူများကြောင့် လူဦးရေတိုးလာလေသည်။ ထို သူများက အကျဉ်းသားများပို့သည်ကို ကန့်ကွက်သော်လည်း ၁၈၆၈ ခုနှစ်အထိမူ အကျဉ်းသားများ အပို့မရပ်ခဲ့ချေ။ တဖြည်းဖြည်းသာ အကျဉ်းသားဦးရေကို လျော့၍ပို့ခဲ့လေသည်။ ရှေးဦးလာရောက်နေထိုင်သူများသည် ရိက္ခာအခက်အခဲနှင့် အတော်ပင် ရင်ဆိုင်ခဲ့ကြရသည်။ တဖြည်းဖြည်းနယ်သစ်များကို ရှာဖွေ တည်ထောင် စိုက်ပျိုးလုပ်ကိုင်ကြမှ အနေကျသွားလေသည်။ ဤသို့ဖြင့် နယူးဆောက်သဝေးပြည်နယ်သည် ရှေးဦးဆုံး တည်ထောင်သောပြည်နယ်ဖြစ်၍ ၁၈ဝ၄ ခုနှစ်တွင် တက်စမေနီးယားကျွန်းကို၎င်း၊ ၁၈၅၁ ခုနှစ်တွင် ဝိတိုရိယပြည်နယ်ကို၎င်း၊ ၁၈၅၉ ခုနှစ်တွင် ကွင်းစလန်းပြည်နယ်ကို၎င်း တည်ထောင်ခဲ့ကြသည်။ ၁၉ဝ၁ ခုနှစ်တွင် ထို ပြည်နယ်များကိုစုပေါင်းကာ ဩစတြေးလီးယား ဓနသဟာယ ပြည်ထောင်စုဟူ၍ ဖွဲ့စည်းခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)