တူးမြောင်း

ဝီကီပီးဒီးယား မှ
စူးအက်တူးမြောင်းထဲမှ အမေရိကန် စစ်သင်္ဘောတစ်စီး ကို တွေ့ရစဉ်

တူးမြောင်းသည် များသောအားဖြင့် လူတို့ ဖောက်လုပ်ထားပြီး ရေစီးသွားရန် ပြုလုပ်ထားသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် လေးလံသော ဝန်စည်စလယ်များ သယ်ဆောင်ရန် တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ တူးမြောင်းများသည် ရေကန်များ နှင့် မြစ်များ သို့မဟုတ် ပင်လယ်သမုဒ္ဒရာများ နှင့် ဆက်စပ်နေသည်။ တချို့ တူးမြောင်းများမှာ လှေများဖြတ်သန်းနိုင်ကြသည်။ တချို့ မှာ စိုက်ပျိုးရေးအတွက် သာ ဖြစ်သည်။ ကျော်ကြားသော ပနားမား တူးမြောင်း သည် အတ္တလန်တစ် သမုဒ္ဒရာ နှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်ခု ကို ဆက်သွယ်ထားသည်။ မြောင်းထိန်းနံရံ များကို ရွှံ့စေးများ သို့ ကွန်ကရစ် များဖြင့် ဆောက်လုပ်ထားလေ့ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

တူးမြောင်းကို လယ်ယာစိုက်ပျိုးရေးအတွက် ရေထုတ်ခြင်း၊ ရေသွင်းခြင်းအလို့ငှာသော်လည်းကောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သော်လည်းကောင်း ဖောက်လုပ်ကြသည်။ ရှေးဦးစွာ၌ တူးမြောင်းများကို လယ်ယာလုပ်ကိုင်ရေး အတွက်သာ ဖောက်လုပ်ခဲ့ကြဟန်တူ၏။ သို့သော် မကြာမီ အဆီးရီးယားနှင့် အီဂျစ်နိုင်ငံများမှာကဲ့သို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး၌ ခရီးတွင်ကျယ်စေရန် တူးမြောင်းကို ဖောက်လုပ်လာကြသည်။ ရောမလူမျိုးတို့သည် တူးမြောင်းများကိုဖောက်၍ မာ့စနှင့် ရိုင်းမြစ်များကို ဒန်းညုမြစ်နှင့် ဆက်ပေးခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးဆုံး တူးမြောင်းမှာ တရုတ်နိုင်ငံရှိ ယူဟိုးခေါ် တူးမြောင်းကြီးဖြစ်၍ ထိုတူးမြောင်းကြီးသည် မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည်။ ဟန်ချိုမြို့နှင့် တီယန်စင်မြို့ကို ဆက်ပေးလေသည်။

ရှေးအထက်ကျော်ကာရီက တူးမြောင်းများကို ဖောက်ခဲ့သော်လည်း၊ ကုန်းမြင့်ခံလျက်ရှိသော ဒေသတို့၌ ထိုကုန်းမြင့်များကို လှေသဗ္ဗန်တို့ကျော်လွှားသွားနိုင်အောင် ကြံဆောင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် တူးမြောင်းများသည် အရာရောက်သင့်သလောက် မရောက်ခဲ့ကြပေ။ သို့သော် ရေတံခါးကို ကြံစည်တီထွင်လာသည့်အခါ တူးမြောင်းဖောက်လုပ်ရေး နည်းနာတို့သည် အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ရေတံခါးကို မည်သူက စတင်တီထွင်ခဲ့သည်ကို ကျွန်ုပ်တို့ တပ်အပ်သေချာစွာမသိရချေ။ ဟောလန်နိုင်ငံသည် အီတလီနိုင်ငံထက် ပထဝီအသွင်အပြင်အနေအထားအရ တူးမြောင်းများကို အသုံးပြုရန် အခြေအနေ ပိုကောင်းသည့်အတွက် အီတလီထက် နှစ်ပေါင်း ၁၀၀ခန့်စော၍ ရေတံခါးများကို ဖန်တီးသုံးစွဲခဲ့ကြသည်ဟု အချို့ကယူဆကြသည်။ အချို့ကမူ ၁၄၈၁−၈၇ ခုနှစ်များမှစ၍ အီတလီလူမျိုးများသာလျှင် ရေတံခါးကို ရှေးဦးစွာအသုံးပြုခဲ့ကြသည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ ရေတံခါားသည် ၁၄ ရာစုနှစ်သို့မဟုတ် ၁၅ ရာစုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့၍ ထိုသို့ ပေါ်ပေါက်လာခြင်းကြောင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ များစွာ တိုးတက်ခဲ့ရပေသည်။

The Alter Strom, Warnemünde၏ ပင်လယ်အပန်းဖြေစခန်း, ဂျာမနီနိုင်ငံ.
အိုင်ယာလန်ရှိ Royal Canal
ဗင်းနစ်မြို့ ရှိတူးမြောင်း

နိုင်ငံခြား တူးမြောင်းများ[ပြင်ဆင်ရန်]

ဥရောပတိုက်တွင် ပထမဆုံးဖောက်လုပ်ခဲ့သော တူးမြောင်းမှာ ပြင်သစ်နိုင်ငံရှိ လန်းဒေါ့ တူးမြောင်းဖြစ်သည်။ ယင်းတူးမြောင်းကို ၁၆၈၁ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့၍ ဗစ္ဏကေးပင်လယ်အော်နှင့် မြေထဲပင်လယ်ကို ဆက်ထားသည်။ အရှည်မှာ ၁၄၈ မိုင်ရှိ၍ ၆ပေခွဲမျှ နက်၏။ ရေတံခါင်းပေါင်း ၁၁၉ခုရှိ၍ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၆၂၀ အထိမြင့်သည်။ ထိုတူးမြောင်းကို ဖောက်လုပ်ပြီးနောက် ပြင်သစ်လူမျိုးတို့သည် မိုင်ပေါင်း ၃၀၀၀ ကျော်မျှရှိသော တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံရှိ ထိုတူးမြောင်းများနှင့်တကွ အခြားရေကြောင်းလမ်းများသည် ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ်ပျက်စီးခဲ့ကြသည်။ သို့သော် စစ်ပြီးဆုံးသောအခါ ယင်းတို့ကို ရှေးကထက် ပိုမိုကောင်းမွန်လာအောင် ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ကြသည်။

ဂျာမနိုင်ငံတွင်ကား ကီးတူးမြောင်းသည် အကြီးဆုံးဖြစ်သည်။ ထိုတူးမြောင်းသည် ၆၁မိုင်ခွဲမျှ ရှည်လျား၍ ကမ္ဘာပေါ်တွင် အကြီးဆုံးသော တူးမြောင်းများတွင် အပါအဝင်ဖြစ်သည်။ ၁၈၉၅ ခုတွင် ဖောက်လုပ်ပြီးစီး၍ မြောက်ပင်လယ်နှင့် ဗောလတစ် ပင်လယ်တို့ကို ဆက်စပ်ထားသည်။ ၁၉၀၇−၉ ခုနှစ်များအတွင်း တူးမြောင်းဝ၏အကျယ်ကို ၇၂ ပေမှ ၁၄၄ပေအထိ တိုးချဲ့ခဲ့သည်။ ရေအနက်ကိုလည်းပေ ၃၀မှ ပေ၃၆ပေအထိ တိုး၍ တူးဖော်ခဲ့၏။ ဆောင်းရသီတွင် တူးမြောင်းအတွင်းရှိ ရေသည် ခဲသဖြင့် ရေခဲခွဲသော သင်္ဘောများကို အသုံးပြု၍ ရှင်းလင်းရသည်။ သို့သော် တူးမြောင်းကို ပိတ်ထားခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထား၏။ ဖြတ်သန်းသည့် သင်္ဘောများ၏ အသွားနှုန်းကို ရေမိုင် ၈.၁ နှင့် ၅.၄ အထိသာ ခွင့်ပြသည်။ အဝင်အထွက် အလွန်များသောနှစ်တွင် တူးမြောင်းကို အသုံးပြုသော သင်္ဘောပေါင်း ၅၆၀၀၀ မျှရှိသည်။ ပျမ်းမျှခြင်းအားဖြင့် ၂၄ နာရီလျှင် သင်္ဘောပေါင်း ၁၅၀ ကျော်မှ ထိုတူးမြောင်းထဲသို့ ဝင်ထွက်သွားလာကြသည်။ အဆိုပါ ကီးတူးမြောင်းအပြင် ဂျာမနီနိုင်ငံ၌ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ နှစ်များအတွင်း အခြားအရေးပါအရာရောက်သော တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြပေးသည်။ ယင်းတူးမြောင်းတို့မှာ ဒေါ့တမွန့်−အမ်း−ဗေဇာတူးမြောင်း၊ ဘာလင်−ရှတတ်တင်းတူးမြောင်းနှင့် ဗရွမ်းဗတ် တူးမြောင်းတို့ ဖြစ်သည်။

ဟော်လန်နိုင်ငံရှိ တူးမြောင်းများမှာကား သယ်ယူပို့ဆောင်ရေးအတွက်သာမက ရေသွင်းသော ဆည်များအတွက်လည်း ဖြစ်သည်။ ထိုနိုင်ငံရှိ တူးမြောင်းများမှာ မြေညီတွင် ခပ်ပြေပြေတူးဖောက်ထားခြင်းကြောင့် ကျယ်ဝန်း၍ ရေလည်းနက်၏။ ရေစီးလည်းနှေးသဖြင့် လှေသင်္ဘောများ အသွားအလာအတွက် ခက်ခဲခြင်းမရှိချေ။ အမ္မစတာဒမ် နှင့် အိုင်မွိုင်ဒင်ကို ဆက်သွယ်ထားသော မြောက်ပင်လယ်တူးမြောင်းကို ၁၉၃၇ ခုနှစ်တွင် တိုးချဲဖောက်လုပ်ခဲ့ရာ အင်္ဂလန်ပြည်ရှိ မန်ချက်စတာ သင်္ဘောတူးမြောင်းအနီးပါးမျှ ကြီးကျယ်လာသည်။ ထို့နောက် အမ္မစတာဒမ်နှင့် လက်မြစ်၊ ဝါလမြစ်များကို ဆက်သွယ်ထားသော မာဗေးဒီတူးမြောင်းလည်းရှိသေး၏။ နောက်ဆုံးဖောက်လုပ်သည့် တူးမြောင်းဟု ဆိုရမည်ဖြစ်သော တူးမြောင်းမှာကား အမ္မစတာဒမ်−ရိုင်းတူးမြောင်းပင်ဖြစ်လေသည်။ ထိုတူးမြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင်လှစ်၍၊ အရှည် ၄၅မိုင် ရှိသည်။ ဗဲလဂျီယမ်နိုင်ငံ၌ ရှေးအကျဆုံး တူးမြောင်းမှာ ၁၈၂၅−၂၇ ခုနှစ်များအတွင်း ဖောက်လုပ်ခဲ့သော ဂင့်−တနာဇင် တူးမြောင်း ဖြစ်သည်။ ဂင့်မြို့နှင့် စကဲမြို့တိုကို တနာဇင်မြို့ဆုံရာ၌ ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ၁၈မိုင်မျှရှည်သော ထိုတူးမြောင်း၏ အလျားတဝက်သည် ဟော်လန်နိုင်ငံ နယ်နိမိတ်အတွင်း၌ ရှိ၍ ကျန်တဝက်မှာကား ဗဲလဂျီယမ် နယ်နိမိတ်အတွင်း၌ ရှိသည်။ ယခုအခါ ထိုတူးမြောင်းကို တိုးချဲ့ဖောက်လုပ်ထားသဖြင့် တူးမြောင်းဝမ်းအကျယ်မှာ ၁၆၄ ပေရှိ၍ ရေအနက် ၂၈ ၂/၃ ပေရှိသည်။ ၁၉၃၉ ခုနှစ်တွင် အလျား မိုင် ၈၀ ရှည်သော အဲလဗတ်တူးမြောင်း ဖွင့်လှစ်ပေးခဲ့သေးသည်။

Basingstoke Canal ကဲ့သို့သော် လှေငယ်လေးများအတွက်တူးမြောင်းသည် ဥရောပနှင့် အမေရိကတို့တွင် စက်မှုတော်လှန်လေးကို ဖြစ်ပွားစေခဲ့သည်။

အင်္ဂလန်ပြည်၏ ရှေးအကျဆုံးတူးမြောင်းမှာ ရောမလူမျိုးများထံမှ အမွေအနှစ်အဖြစ်ရရှိသော ဖော့စဒိုက်တူးမြောင်းပင် ဖြစ်သည်။ ထိုတူးမြောင်းသည် လင်ကွန်းမှ တရင့်မြစ်အထိပေါက်သည်။ ၁၈ရာစုအလယ်ပိုင်းမတိုင်မီက အင်္ဂလန်ပြည်၌ တူးမြောင်းများ မရှိသလောက်ပင် နည်းပါသည်။ ၁၇၄၅ ခုနှစ်တွင် ဗရစ်ဂျဝါးတားမြို့စားသည် ဝါ့စလေမှ မန်ချက်စတာသို့ တူးမြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ရာမှ အစပြု၍ တူးမြောင်းဖောက်လုပ်သည့်အလေ့ စတင်ပေါ်ပေါက်လာခဲ့သည်။ မီးရထားများအသုံးပြုသည့်အချိန်အထိ တူးမြောင်းများကို ဆက်လုပ်ဖောက်လုပ်ခဲ့သည်။ ထိုမန်ချက်စတာ တူးမြောင်းသည် အလွန်အသုံးဝင်သော တူးမြောင်းတစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်သည့် မန်ချက်စတာမြို့ကြီးသည် ပင်လယ်မှ ၃၅ မိုင်ဝေးသည်။ သို့သော် ထိုတူးမြောင်း၏ ကျေးဇူးကြောင့် ပင်လယ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်လာခဲ့ပေသည်။ အင်္ဂလန်ပြည်တွင် ၁၈၃၀ ပြည့်နှစ်အထိ ဖောက်လုပ်ဲ့သည့်တူးမြောင်းများသည် စုစုပေါင်း မိုင် ၃၀၀၀ ခန့်မျှ ရှည်လျား၍၊ အကြီးဆုံး တူးမြောင်းမှာ မိုင် ၆၀ ရှည်သော ကယ်လဒိုးနီးယန်း တူးမြောင်း(၁၈၂၂)ဖြစ်သည်။ ထိုတူးမြောင်းများကြောင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးသည် အလွန်စရိတ်သက်သာ၍ တစ်နေ့တခြားတိုးတက်လာခဲ့ပေသည်။

အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး တူးမြောင်းကို ၁၇၉၂ ခု−၁၇၉၆ ခုနှစ်များအတွင်း မန်ဆက်ချူးဆက်ပြည်နယ် ကွန်နက်တီကတ်မြစ်အတွင်းရှိ ရေမှော်များအနီးတဝိုက်၌ ဖောက်လုပ်ခဲ့ကြသည်။ ထို့နောက် ၁၉ ရာစုနှစ်ဦးမှအစပြု၍ အမေရိကန်၌ တူးမြောင်းဖောက်လုပ်ခြင်း ခေတ်စားလာခဲ့ရာ၊ ၁၈၃၇ ခုနှစ် မီးရထားများကို စတင်အသုံးပြုသည့် အချိန်အထိပင် ဖြစ်လေသည်။ အမေရိကန်နိုင်ငံတွင် အထင်ရှားဆုံးတူးမြောင်းမှာ အီရီအိုင်မှ ဟဒ်ဆင် မြစ်အထိ ဆက်သွယ်ဖောက်လုပ်ထားသော အီရီ တူးမြောင်းဖြစ်၍၊ ၃၆၅ မိုင်ခွဲ ရှည်သည်။ တခါက ဤတူးမြောင်းသည် ကုန်နှင့် လူများကို သယ်ယူပို့ဆောင်ရာ၌ အလွန်အသုံးဝင်ခဲ့သည်။ မကြာသေးမီက ဤတူးမြောင်းကို ဒေါ်လာ ၂၃၁ သန်း အကုန်ခံ၍ ပြင်ဆင်ခဲ့ပြီးနောက် "နယူယော့ပြည်နယ် တူးမြောင်း" ဟု အမည်သစ်ပေးခဲ့၏။ သို့သော် အမေရိကန်နိုင်ငံတွင် တူးမြောင်းခေတ်မှာ တဖြည်းဖြည်းကုန်ဆုံးပြီ ဖြစ်ရကား နယူယော့၊ ပင်ဆီလဗေးနီးယားနှင့် အိုဟိုင်းအို ပြည်နယ်များတွင် တူးမြောင်း မိုင်ပေါင်း ၄၅၀၀ ရှိသည့်အနက် ၁၉၁၁ ခုနှစ်တွင် ၂၄၄၄ မိုင်မျှရှည်သော တူးမြောင်းများသည် ကူးသန်းသွားလာရေးအတွက် အသုံးမဝင်ဖြစ်ခဲ့လေသည်။ ကနေဒါနိုင်ငံ၏ အရေးပါအရာရောက်သော တူးမြောင်းတခုမှာကား ဝဲလင်သင်္ဘော တူးမြောင်းဖြစ်သည်။ ၁၉၃၁−၃၂ ခုနှစ်များတွင် ဖောက်လုပ်ပြီးစီး၍ တူးမြောင်း၏ အရှည်မှာ ၂၇.၅ မိုင်ရှိသည်။ ထိုတူးမြောင်းသည် နိုင်အဂ္ဂရာကျွန်းဆွယ်ကို ဖြတ်ကျော်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ရေအိုင်ကြီးများကို ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသောတူးမြောင်းများတွင်လည်း ပါဝင်သည်။ သို့သော် အမေရိကတိုက်တွင် အရေးပါအရာရောက်ဆုံးတူးမြောင်းမှာ ပနားမားတူးမြောင်းဖြစ်သည်။

ရုရှနိုင်ငံ၌ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ရေလမ်းခရီးများမှ အခြားဥရောပနိုင်ငံများထက် ပိုမိုများပြားသည်။ ဗော်လဂါ၊ ဒွန်၊ နိပါးနှင့် နိစတာမြစ်များသည် ပင်လယ်ကူးသင်္ဘောကြီးများပင် သွားလာနိုင်သော မြစ်များဖြစ်ကြသည်။ ထို့အပြင် အရေးကြီးသော တူးမြောင်းသုံးသွယ်ကို ဖောက်လုပ်လိုက်ခြင်းအားဖြင့် ရုရှားနိုင်ငံသည် ဗောလတစ်ပင်လယ်မှ ပင်လယ်နက်အထိ ခရီးထုတ်ချောက် သွားလာနိုင်ခဲ့လေသည်။ ရုရှားနိုင်ငံတွင် ၁၈ရာစုနှစ်အစ ပီတာ−သ−ဂရိတ် ဘုရင်လက်ထက်ကပင် တူးမြောင်းအများအပြား ဖောက်လုပ်ခဲ့၏။ သို့သော် ယခုအခါလောက် အရေးပါအရာရောက်ခြင်းမရှိခဲ့ပေ။ ယခုတွင် ရုရှားနိုင်ငံအတွက် အရေးကြီးသော တူးမြောင်းများကို ဆောက်လုပ်ခြင်းသည် ဆိုဗီယက်အစိုးရ၏ ဒုတိယ ၅ နှစ်စီမံကိန်းအရပင် ဖြစ်သည်။ ယင်းစီမံကိန်းအရ ပထမဦးဆုံး ဖောက်လုပ်သော တူးမြောင်းမှဦ အိုနီဂါနှင့် လာဒိုဒါအိုင်တို့ကို ဖြတ်၍ ပင်လယ်ဖြူနှင့် ဗောလတစ်ပင်လယ်တို့ကို ဆက်သွယ်ပေးထားသော တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းသည် အိုနီဂါအိုင်မှနေ၍ ဗော်လဂါမြစ်နှင့်လည်း ဆက်သွယ်ထားသည်။ အထက်ပါ စီမံကိန်းအရ နောက်ဆုံးဖောက်လုပ်ခဲ့သော တူးမြောင်းသည်ကား ဗော်လဂါ−ဒွန် တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းသည် ဗော်လဂါ နှင့် ဒွန်မြစ်နှစ်သွယ်တို့ကို စတာလင်ဂရက်မြို့အနီးတွင် ဆက်သွယ်ဆုံမိစေသည်။ ရေတံခါး ၁၃ ခုမျှ ရှိ၍ ဗော်လဂါမှ ဒွန်အထိ အမြင့် ၂၉၆ ပေရှိသည်။ ဒွန်မြစ်၏ ရေမျက်နှာပြင်ကို တူးမြောင်းအဝင်ဝအောက်နားတွင် ဆောက်လုပ်ထားသော တမံဆည်ရိုးကြီးတစ်ခုဖြင့် မြှင့်တင်ပေး၏။ ဗော်လဂါ−ဒွန်တူးမြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တူးမြောင်း၏ အရှည်မှာ ၆၂ မိုင်ခန့်ရှိသည်။ ထိုတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ဗော်လဂါမြစ် ရေကြောင်းသွားလာရေးကို ပင်လယ်နက်အထိ ပေါက်ရောက်စေခဲ့၍ ယင်းမှ ခွဲဖြာဖောက်လုပ်သော အခြားတူးမြောင်းငယ်များအားဖြင့်လည်း မော်စကိုမြို့၊ လီနင်ဂရက်မြို့၊ ပင်လယ်ဖြူတို့ကို ဆက်သွယ်နိုင်ခဲ့လေသည်။ ရုရှားနိုင်ငံ၏ အခြားအရေးပါ အရာရောက်သော တူးမြောင်းတစ်ခုမှာ မော်စကို တူးမြောင်းဖြစ်သည်။ ထိုတူးမြောင်းကို ၁၉၃၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့၍ ထိုစဉ်အခါက မော်စကို ဗော်လဂါ တူးမြောင်းဟု ခေါ်၏။ တူးမြောင်း၏အရှည်မှာ မိုင် ၈၀ခန့် ရှိသည်။ ဤတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် မော်စကိုမြို့သည် အရေးပါသော ပြည်တွင်းဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့လေသည်။

တရုတ်နိုင်ငံတွင် ယူဟိုးတူးမြောင်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးတူးမြောင်းဖြစ်သည်။ တီယန်စင်မြို့နှင့် ဟန်ချိုမြို့ကို ရေလမ်းခရီးဖြင့် ဆက်သွယ်ထားသည်။ တူးမြောင်း၏ ပထမတပိုင်းဖြစ်သော ယန်ဆီမြစ် မြောက်ဘက်မှ ဟွေမြစ်အထိ မိုင်ပေါင်း ၁၃၀ ခန့်ကို ဘီစီ ၄၈၆ ခန့်တွင် ဖောက်လုပ်ခဲ့၏။ တူးမြောင်း၏ ဒုတိယတပိုင်းဖြစ်သော ယန်ဆီမြစ် တောင်ဘက်နှင့် အရှေ့တောင်ဘက်ဖျားမှ ဟန်ချိုမြို့အထိ မိုင်ပေါင်း ၃၅၅ ခန့်ကို ခရစ် ၆၀၅−၆၁၈ ခုနှစ်များအတွင်း ဖောက်လုပ်ပြီးစီးခဲ့သည်။ မြောက်ပိုင်းတရုတ်နိုင်ငံနှင့် ဆက်သွယ်ခဲ့သော တူးမြောင်း၏ နောက်ဆုံးတပိုင်းဖြစ်သည့် ဟွေမြစ်မှ တီယန်စင် မြို့အထိကိုမူကား မွန်ဂိုမင်းများလက်ထက် ခရစ် ၁၂၉၀ ပြည့်နှစ်ခန့်တွင် ဖောက်လုပ်ပြီးစီးခဲ့လေသည်။ ထိုနောက် ထပ်မံတိုးချဲ့ခြင်းအားဖြင့် ယခုအခါ ထိုတူးမြောင်းသည် ပီကင်းမြို့အနီးသို့ ရောက်ရှိလာပြီးဖြစ်သည်။ ဤတူးမြောင်းသည် ရာစုနှစ်ပေါင်းများစွာပင် မြောက်ပိုင်းတရုတ်နိုင်ငံနှင့် ယုန်ဆီမြစ်ဝှမ်းတို့အကြား အဓိကရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းမကြီး ဖြစ်ခဲ့လေသည်။ တူးမြောင်း၏ စုစုပေါင်း အလျားမှာ ၁၂၈၉ မိုင်ခန့်ဖြစ်သည်။ သို့သော် မကြာသေးမီကာလာများအတွင် ဤတူးမြောင်း၏ အချို့သော အပိုင်းများမှာ ကောကုန်သဖြင့် ယခုအခါ မိုင်ပေါင်း ၈၉၂ မိုင်ခန့်မျှသာ လှေ သင်္ဘောများ သွားလာဝင်ထွက်နိုင်ပေသည်။ အီဂျစ်နိုင်ငံကား တူးမြောင်းတစ်ခုတည်းဖြင့်ပင် ကမ္ဘာတွင် ထင်ရှားကျော်ကြားခဲ့၏။ ထိုတူးမြောင်းမှာ ဆူးအက်တူးမြောင်းပင်တည်း။

Canal de la Peyrade, Sète, Hérault, France

မြန်မာနိုင်ငံ၌လည်း ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တူးမြောင်းများရှိသည်။ တွံတေးတူးမြောင်း၊ ကျိုက်ထိုတူးမြောင်းနှင့် ပဲခူး စစ်တောင်းတူးမြောင်းတို့သည် ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် ဖောက်လုပ်ထားသော တူးမြောင်းများဖြစ်သည်။ မန္တလေးတူးမြောင်း(၁၉၀၂−၀၃ ခုနှစ်ဖွင့်သည်။) ရွှေဘိုတူးမြောင်း (၁၉၀၆−၀၇ ခုနှစ်ဖွင့်သည်)၊ ရေဦးတူးမြောင်း( ၁၉၁၁−၁၂ ခုနှစ်ဖွင့်သည်။)၊ မုန်းတူးမြောင်း(၁၉၁၁−၁၂ ခုနှစ် ဖွင့်သည်။) စလင်းတူးမြောင်း (၁၉၂၅−၂၆ ခုနှစ်ဖွင့်သည်။) မန်းတူးမြောင်းနှင့် မူး တူးမြောင်းဟောင်းစသည်တို့မှာ ခြောက်သွေ့သော မိုးခေါင်ရေရှားအရပ်များ၌ လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ဖော်လုပ်ထားသော တူးမြောင်းများဖြစ်ကြလေသည်။

သည်း တူးမြောင်း, ပန်ဂျပ်၊ ပါကစ္စတန်

မြန်မာပြည်ရှိတူးမြောင်းများ[ပြင်ဆင်ရန်]

ရေကြောင်းခရီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ တူးမြောင်းများအနက် ရန်ကုန်မြစ်နှင့် ချိုင်းနားဗာကာမြစ်တို့ကို ဆက်သွယ်ထားသော အလျား ၂၁ မိုင်ရှည်သည့် တွံတွေးတူးမြောင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ရှေးအခါက ပြည်တွင်းရေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ လာရာ၌ ခရီးရှည်လျား၍ အချိန်ကုန်သော တွံတေးချောင်းမှ လာရ၏။ ယခုသော် တွံတေးတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သို့ လှေသင်္ဘောအသွားအလာ လွယ်ကူလျင်မြန်လာသည့်အပြင် အချိန်ကုန်ခြင်းနှင့် စရိန်ကုန်ခြင်းလည်း များစွာသက်သာလာခဲ့သည်။ အထက်မြန်မာနိုင်ငံမှ ဆန်နှင့် သစ်များကိုလည်း ဤတူးမြောင်းမှပင် လွယ်ကူစွာသယ်ယူတင်ပို့နိုင်ပေသည်။ တွံတေးတူးမြောင်းကို ၁၉၁၆−၁၇ခုနှစ်အတွင်း၌ ဖွင့်လှစ်အသုံးပြုခဲ့၍ ၁၉၃၅ ခုနှစ်တွင် တူးမြောင်းကို ဆည်ပြီးလျှင့် ထပ်မံချဲ့ထွင်ခဲ့သည်။ တူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၁၀၃၉၆၀၀၀ ကျပ်ခန်ဖြစ်သည်။

ရန်ကုန်မြစ်မှ ခွဲထက်သော ပဲခူးမြစ်ပေါ်ရှိ တာဝမြို့နှင့် စစ်တောင်းမြစ်ပေါ်ရှိ မြစ်ကျိုးရွာမှ စတင်၍ ပဲခူးမြို့တောင်ဘက်ရှိ တာဝရွာတွင် ပဲခူးမြစ်နှင့် လာရောက်ဆက်သွယ်သည့် ပဲခူးစစ်တောင်းတူးမြောင်းသည် အလျား ၃၈ မိုင်ရှည်၍၊ တူးမြောင်း၏ ထိပ်နှစ်ဘက်တွင် အရှည်ပေ ၂၄၀၊ အကျယ်ပေ ၃၀ ရှိသော ရေတံခါးတစ်ခုစီ တပ်ဆင်ထားသည်။ ထိုတူးမြောင်းသည် ၁၈၈၅ ခုနှစ် ရန်ကုန်တောင်ငူ မီးရထားလမ်း ဖွင့်သည့်အချိန်ထိ ရန်ကုန်နှင့် တောင်ငူအကြား၌ တစ်ခုတည်းသော လမ်းပန်းအဆက်အသွယ်ဖြစ်ခဲ့သည်။ ၁၈၈၇−၈၈ ခုနှစ်များအတွင်းသို့ရောက်မှ ပဲခူးစစ်တောင်း တူးမြောင်းကို စံနစ်တကျ ဖွင့်လှစ်နိုင်ခဲ့သည်။ စစ်တောင်းမြစ်တလျှောက် မျှောချလာသော သစ်ဖောင်များသည် ထိုတူးမြောင်းမှတဆင့် ရန်ကုန်မြို့သို့ ရောက်သည်။ ပဲခူးစစ်တောင်းတူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၇၉၄၆၀၀၀ ကျပ်ခန့်ဖြစ်သည်။ ကျိုက်ထိုတူးမြောင်းသည် ကျိုက်ထိုမြို့တည်ရှိရာ ကျိုက်ထိုမြစ်မှ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းအထိ ဆက်သွယ်ထား၍၊ မိုင် ၂၀ ခန့်ရှည်ပြီးလျှင် တူးမြောင်း ထိပ်နှစ်ဘက်၌ ရေတံခါးတစ်ခုစီရှိသည်။ ပဲခူး စစ်တောင်း တူးမြောင်းမှ တဆင့် ကျိုက်ထိုတူးမြောင်းသို့ ဆက်လက်သွားလာနိုင်သဖြင့် ဤတူးမြောင်းကို ပဲခူး ကျိုက်ထိုတူးမြောင်းဟုလည်းခေါ်သည်။ ယခုအခါ ကျိုက်ထိုတူးမြောင်းမှာ တိမ်ကောသွားပြီးဖြစ်၍ အသုံးပြုခြင်းမရှိတော့ချေ။

တူးမြောင်းတခုအလုပ်လုပ်ပုံ[ပြင်ဆင်ရန်]

ရှေးအခါက ရေသွင်းပေးရန်၊ ရေတံခါး၌ အပေါက်ငယ်များကို ဖောက်လုပ်ထားသည်။ ယခုခေတ်တွင်မူ ရေတံခါး၏ နံရံရှိ ရေလွှဲပေါက်များကို အသုံးပြုကြသည်။ ရေတံခါးများဖြင့် လှေ သင်္ဘောများကို နိမ့်ရာမှ မြင့်ရာသို့ တင်ပေးပုံမှာ ဤသို့ဖြစ်၏။ ပမအားဖြင့် သင်္ဘောတစ်စင်းသည် ရေမျက်နှာပြင်နိမ့်လျက်ရှိသော မြစ်တစ်မြစ်မှ ရေမျက်နှာပြင်မြင့်သော အခြားမြစ်တစ်ဖက်သို့ တူးမြောင်းဖြင့် ဖြတ်သွားလိုသည် ဆိုကြပါစို့။ တူးမြောင်းတွင် မြစ်နှစ်မြစ် ကြားရှိ မြင့်မားသော ကုန်းမြေကို ဖြတ်၍ သင်္ဘောကို သယ်ဆောင်ပို့ပေးနိုင်ရန် ရေတံခါးများကို အဆင့်ဆင့် ပြုလုပ်ထားသည်။ သင်္ဘောသည် တူးမြောင်းကို ဖြတ်ကျော်ရန် ပထမရေတံခါးထဲသို့ ရောက်ရှိလာသောအခါ အခန်း၏ တံခါးကို ပိတ်ပြီးလျှင် ရေလွှဲပေါက်များကို ရေသွင်းပေးသည်။ ဤသို့ ရေသွင်းပေး၍ ပထမအခန်းရှိရေသည် ဒုတိယအခန်းကို ဖွင့်ပေးသည်။ ထို့နောက် သင်္ဘောကို ဒုတိယအခန်းတွင်းသို့ ဆွဲသွင်း၍ ဒုတိယအခန်းကို တဖန်ပြန်ပိတ်ရပြန်သည်။ ယင်းကဲ့သို့ ဆင့်ကဲ ဆင့်ကဲ ပြုလုပ်ပေးခြင်းဖြင့် သင်္ဘောသည် ရေတံခါးအထပ်ထပ်ကို ဖြတ်ကျော်၍ နောက်ဆုံးတွင် မိမိသွားလိုရာ မြစ်ထဲသို့ ရောက်ရှိလေသည်။ တူးမြောင်းအတွင်း မြင့်ရာမှ နိမ့်ရာသို့ စုန်ဆင်းသောအခါ၌လည်း ဤနည်းကို ပြောင်းပြန် အသုံးပြုရသည်။ ရှေးအခါက တူးမြောင်းများတွင် လှေသင်္ဘောများကို ဆွဲယူရန် လူအား တိရစ္ဆာန်အားကိုသာ အသုံးပြုခဲ့ကြသည်။ ယခုအခါ၌ပင် အချို့ဒေသများ၌ ဤနည်းကို အသုံးပြုဆဲဖြစ်၏။ ခေတ်မှီသော ရေတံခါးများတွင်မူ လျှပ်စစ်ဓာတ်အားကို အသုံးပြုလျက်ရှိပြီဖြစ်သည်။

တူးမြောင်းအမျိုးအစားများ[ပြင်ဆင်ရန်]

တူးမြောင်းများတွင် ပြည်တွင်းသုံးရန် တူးမြောင်းနှင့် သင်္ဘောကြီးများ သွားလာရန် တူးမြောင်းဟူ၍ နှစ်မျိုးရှိသည်။ သင်္ဘောကြီးများ အသုံးပြုသည့် တူးမြောင်းမျိုးမှာ ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုသို့ ကူးသွားရာ၌ ခရီးကို နီးအောင် ကျွန်းဆွယ်များကို ဖြတ်၍ ဖောက်လုပ်ထားသည့် တူးမြောင်းမျိုး သို့မဟုတ် ပြည်တွင်းအရေးကြီးသည့်နေရာကို သင်္ဘောဆိပ်ဖြစ်အောင် တူးယူသည့် တူးမြောင်းမျိုး ဖြစ်သည်။ သင်္ဘောကြီးများအသုံးပြုသည့် တူးမြောင်းများအနက် ပင်လယ်ချင်း ဆက်သွယ်ထားသော တူးမြောင်းများမှာ အီဂျစ်နိုင်ငံရှိ ဆူးအက်တူးမြောင်း၊ ဂျာမနီနိုင်ငံရှိ ကီးတူးမြောင်း၊ အမေရိကန်နိုင်ငံရှိ ပနားမားတူးမြောင်းစသည်တို့ဖြစ်ကြ၍၊ ကယ်လဒိုးနီးယန်းတူးမြောင်းမှာ ဤအမျိုးအစားတွင် ရှေးအကျဆုံး တူးမြောင်းဖြစ်သည်။ အင်္ဂလန်ပြည်ရှိ မန်ချက်စတာတူးမြောင်းမှာကား မန်ချက်စတာမြို့ကို သင်္ဘောဆိပ်မြို့ ဖြစ်လာစေရန် ဖောက်သွယ်ထားသော တူးမြောင်းဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၅) အပိုင်း (၁)