ဂျုံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျုံ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Poales]]
မျိုးရင်း [[Poaceae]]
မျိုးရင်းသေး [[Pooideae]]
မျိုးဇာတ် [[Triticeae]]
မျိုးစု '''''Triticum'''''

တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်က ပင် ဂျုံကို စားသောက်ရန် ကောက်ပဲသီးနှံအဖြစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ အီဂျစ်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် ရှေးလူများ သည်လည်း ဂျုံကိုစိုက်ပျိုး၍ စားသောက်ခဲ့သည့် အထောက် အထားများ တွေ့ရှိရသေးသည်။ ထိုအထောက်အထားများမှာ တရုတ်နိုင်ငံထက် နှစ်ပေါင်းထောင်ပေါင်းများစွာပင် ရှေးကျ သည်။ ထိုကြောင့် ဂျုံပင်မှာ လူ့ယဉ်ကျေးမှု စကတည်းက ပေါ် ပေါက်လာသော စားဖွယ်ရာ ကောက်မျိုးဖြစ်သည်ဟု ဆိုရ ပေမည်။

အစအဦးတွင် အမေရိကတိုက်သားများတို့သည် ဖူးစား ပြောင်းကို ပဓာနထား၍ စားကြသော်လည်း ယခုအခါတွင် ဂျုံကိုသာ အများဆုံး စားသုံးလျက် ရှိကြသည်။ ရာသီဥတု အေးချမ်းသော အခြားတိုင်းပြည်များ၌လည်း ဂျုံကို ပဓာနအစာ အဖြစ် စားသုံးကြလေသည်။ ဂျုံပင်သည် စိုစွတ်ပူအိုက်သော ရာသီဥတုတွင် မဖြစ်ထွန်း ချေ။ ထိုအပင်မျိုးတို့ကို မည်း၍စေးသော မြေတို့၌ ကောင်းမွန်စွာ စိုက်ပျိုး လုပ်ကိုင်နိုင်သည်။ ထိုမြေမျိုးသည် မိုးဥတု၌ ရွာ သော မိုးရေတို့ကို စုပ်ယူ ထိန်းသိမ်းထားနိုင်သောကြောင့် အမြစ်၌သာ ရေကိုအလိုရှိသော ဂျုံပင်တို့နှင့် အထူးပင် သင့် လျော်လေသည်။ နုန်းမြေများ၌ စိုက်ပျိုးသောအခါ မဖြစ်ထွန်း လှချေ။ သဲမြေ၊ သစ်ဆွေးမြေများ၌ကား ရေသွင်း၍ စိုက်ပါမှ အတော်အသင့် ဖြစ်ထွန်းနိုင်သည်။ ဂျုံစိုက်ပျိုးသော မြေကွက်များ၌ နှစ်စဉ်နှစ်တိုင်း ဂျုံကို ဆက်လက် စိုက်ပျိုးသွားလျှင် ကောင်းစွာ မဖြစ်ထွန်းတော့ပေ။ ထိုကြောင့် ပဲ၊ အာလူး စသည့် အခြားသီးနှံပင်များ အလှည့် ပေး၍ စိုက်ရသည်။ သို့တည်းမဟုတ်၊ ဂျုံစိုက်ပြီး မြေကွက်များ ၌ တစ်ရာသီခန့် မည်သည့်အပင်မျှ မစိုက်ဘဲ မြေလှပ်ထား ခြင်းဖြင့် မြေဩဇာပြန်၍ ကောင်းလာအောင် ပြုလုပ်နိုင်၏။ ဂျုံပင်များကို အနောက်နိုင်ငံများ၌ စပရင်းဥတု (နွေကူး ရာသီ)တွင် စတင်စိုက်ပျိုးကြ၏။ မြန်မာနိုင်ငံကဲ့သို့ ပူအိုက် စိုစွတ်သော ရာသီဥတုရှိသည့် တိုင်းနိုင်ငံမျိုး၌ကား မိုးကုန် လောက်တွင်မှ စတင်စိုက်ပျိုး လုပ်ကိုင်နိုင်ကြသည်။ မြန်မာ နိုင်ငံတွင် မိုးပါး၍ ဆောင်းအခါ၌ အတန်ငယ်အေးသော ရာသီ ဥတုရှိသည့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ အောက်ချင်းတွင်း၊ ကျောက်ဆည်၊ ရွှေဘို စသည့် လွင်ပြင် ဒေသများတွင် ဂျုံကို စိုက်ပျိုးကြသည်။

အနောက်နိုင်ငံများတွင် ဆောင်းအခါ မအေးလွန်းသော တိုင်းပြည်များ၌ ဂျုံပင်များကို နွေကူးရာသီတွင် သာမက၊ ဆောင်းရာသီ၌လည်း စိုက်ပျိုးကြသည်။ ဤသို့လျှင် နွေကူး ရာသီဂျုံနှင့် ဆောင်းရာသီဂျုံဟူ၍ ရှိကြသည်။ ဂျုံမှာ အမာစား၊ အပျော့စားဟု ၂ မျိုးကွဲသည်။ အရောင်မှာလည်း အနီ၊ အဝါ၊ အဖြူကွဲကာ အချို့မှာ မှည့်ချိန်ချင်း ကွဲပြားခြားနား၏။ ထိုကြောင့် အမျိုးအစားပေါင်း ၃,၅ဝဝ ကျော်မျှ ရှိလေသည်။ ဂျုံပင်များကို ၄ လခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားကို သင့်တော်မည့်ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရသည်။ ဂျုံပင်သည် ဝါဝင်းသော အနှံများဖြင့် ဦးခေါင်းငိုက်လာလျှင် မှည့်၍ ရိတ်ချိန်တန်ပြီဟု သိရသည်။ အချိန်ကျရောက်သည်နှင့် တစ်ပြိုင်နက် ရိတ်သိမ်းနိုင်ပါမှ အောင်မြင်သောသီးနှံများကို ရရှိနိုင်သည်။ အချိန်လိုသေးလျှင်လည်း ဂျုံစေ့များမှာ ရှုံ့တွနေ တတ်၍ ပိုးတွယ်တတ်၏။ အချိန်လွန်သွားပြန်လျှင်လည်း ဂျုံစေ့များ ကြွေကျတတ်သည်။ ခေတ်မှီသည့် နိုင်ငံကြီးများ၌ ဂျုံစိုက်ပျိုးရာ၌စက်များကို အသုံးပြုကြလေသည်။ စိုက်ပျိုးရန် မြေကြီးကို ထွန်ယက်သည် မှစ၍ ပျိုးကြဲခြင်း၊ စိုက်ခြင်း၊ ရိတ်ခြင်း၊ နယ်ခြင်း၊ လှေ့ခြင်းများကို တစ်ခါတည်း အပြီးအစီး လုပ်ကိုင်ပေးနိုင်သော စက်မျိုး ပေါ်ပေါက်နေလေပြီ။ မြန်မာနိုင်ငံတွင်ကား ဂျုံကို စက်ဖြင့် မစိုက်ပျိုးကြသေးချေ။စက်ကရိယာ မသုံးသော မြန်မာနိုင်ငံ၌ ဂျုံပင်များ စိုက်ပျိုး ပုံမှာ မိုးရာသီအတွင်း၌ ဂျုံစိုက်မည့်ကွင်းများကို မိုးရွာပြီးတိုင်း ထွန်ပေးရသည်။ ထယ်ဖြင့် ထိုးပေးရသည်လည်း ရှိသည်။ ထိုသို့ထွန်ပြီးနောက် လွင်ပြင်ဒေသများ၌ မိုးကုန်သည့် တန် ဆောင်မုန်းလလောက်တွင်၎င်း၊ ရှမ်းပြည်နယ်၌ သီတင်းကျွတ်လ တွင်၎င်း မျိုးကြဲလေသည်။ ဂျုံမှာ စပါးကဲ့သို့ မဟုတ်ဘဲ၊ မျိုးကြဲခြင်းပြီးသည့်နောက်တွင်လည်း မျိုးစေ့များ မြေထဲသို့ ၃ လက်မ၊ ၄ လက်မခန့်ကျသွား၍ မြေဖြင့် ဖုံးအုပ်နေအောင် ထပ်မံထွန်ပေးရသည်။ သာမန်အားဖြင့်ဆိုလျှင် မြေတဧကလျှင် မျိုးစေ့တစ်တင်းခန့် ကြဲပေးရသည်။ သို့ရာတွင် မြေဩဇာ ကောင်းလျှင်ဖြစ်စေ၊ ရေသွင်း စိုက်ပျိုးသည့်အခါ၌ဖြစ်စေ၊ မျိုးကြဲနောက်ကျလျှင်ဖြစ်စေ၊ မျိုးစေ့များ ပိုမိုကြဲပေးရသည်။ ရိတ်သိမ်းချိန်မှာ မြန်မာနိုင်ငံ၌ လွင်ပြင်ဒေသများတွင် တပေါင်း လလောက်တွင်၎င်း၊ ရှမ်းပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများ၌ တပို့တွဲလလောက်တွင်၎င်း ရိတ်သိမ်းကြလေသည်။ ရိတ်သိမ်းပုံမှာ ဂျုံပင်များကို တံစဉ်ဖြင့် အပင်ရင်းနားမှ ကပ်၍ ရိတ်ရသည်။ အပင်တိုလျှင် ဆွဲနုတ်ယူရသည်။ ရိတ်ပြီး၊ နုတ်ပြီးလျှင် ကောက်ပင်များကို ကောက်လှိုင်းများပြုလုပ်၍ ထားရသည်။ ထိုဂျုံကောက်လှိုင်းများကို သွေ့သွားစေရန် တစ်ရက် နှစ်ရက်ခန့်နေပြပြီးမှ တစ်လင်းထဲသို့ သယ်ယူ၍ နွားဖြင့် နင်းနယ်ရသည်။ သို့တည်းမဟုတ် တုတ်ဖြင့်ရိုက်၍ ဂျုံစေ့များ ထုတ်ယူရသည်လည်း ရှိသည်။ ထိုနောက် အမှော်အဖျင်း မပါရအောင် လှေ့ပေးရသည်။ မြန်မာနိုင်ငံ၌ ဂျုံစိုက်ပျိုးရာတွင် အထွက်မကောင်းလှချေ။

နိုင်ငံတွင်း လိုသမျှကိုပင် မဖြည့်စွမ်းနိုင်အောင် ဂျုံအထွက် နည်းနေသေးသဖြင့် တိုင်းတပါးတို့ကိုသာ အားကိုးနေရလေသည်။ ခေတ်မီသော နိုင်ငံကြီးများ၌ကား စက်ကိရိယာများကို သုံး၍ စနစ်တကျ ခေတ်မီစွာ စိုက်ပျိုးလုပ်ကိုင်ကြသဖြင့် အမျိုး အစားကောင်း၍ အထွက်လည်း များပေသည်။ ကမ္ဘာပေါ်တွင် ဂျုံအများဆုံးထွက်အောင် စိုက်ပျိုးနိုင်သောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်၍ ကမ္ဘာ့ဂျုံထွက်သမျှ၏ ၄ ပုံ ၁ ပုံမျှ ရရှိ လေသည်။ ရုရှားနိုင်ငံမှာ ဒုတိယဂျုံအထွက်များသော နိုင်ငံဖြစ်၍ ကနေဒါနိုင်ငံမှာ တတိယ၊ အိန္ဒိယနိုင်ငံမှာ စတုတ္ထ၊ ပြင်သစ်နိုင်ငံမှာ ပဉ္စမ ဖြစ်လေသည်။ ဂျုံစေ့ကို စက်တင်ကြိတ်သောအခါ ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ရွှေကြည်မှုန့်ခေါ် ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ ဂျုံမှုန့် အမျိုးအစား များကို ရရှိလေသည်။ ထိုဂျုံမှုန့်များဖြင့် မုံ့ပဲသားရေစာ အမျိုး မျိုးတို့ကို ပြုလုပ်ကြသည်။

ခေတ်မီနိုင်ငံကြီးများ၌ ဂျုံပင်မှ ရရှိသော ကောက်ရိုးများကို အလဟဿ မဖြစ်စေဘဲ စက္ကူ၊ ဦးထုပ်၊ ဖျာ၊ ဖျာပန်းအတုများ စသည်တို့ကို ပြုလုပ်ကြသည်။ ကောက်ရိုးပြတ်များကိုကား မီးရှို့ကာ မြေဩဇာအဖြစ် အသုံးပြုကြသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)