သမဝါယမ ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် တစ်ခု အပါအဝင် ဖြစ်သည်။
သမဝါယမအဓိပ္ပါယ် သမဝါယမဟူသော စကားရပ်သည် ပါဠိစကားဘာသာစကားဖြစ်သည့် သမနှင့် ဝါယမ ပေါင်းစပ်ထားသော ဝေါဟာရ ြဖစ်သည်။
သမ = ပူးပေါင်းခြင်း
ဝါယမ = အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်း
ထို့ကြောင့် သမဝါယမမှာ “အတူတကွပူးပေါင်းဆောင်ရွက်ခြင်း ဟု အဓိပ္ပါယ် ရပါသည်။ သမဝါယမ၏ ဆောင်ပုဒ်မှာ “One for all, All for one” ဖြစ်၍ အဓိပ္ပါယ်အားဖြင့် “တစ်ဦးစီ၏အကျိုးကို အများက၊ အများအကျိုးကို တစ်ဦးစီက ပူးပေါင်းဆောင်ရွက်ခြင်း” ပင် ြဖစ်သည်။
သမဝါယမ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနနှစ်ခုနှင့် လုပ်ငန်းဌာန တစ်ခုရှိပါသည်။ ၎င်းတို့မှာ -
- သမဝါယမ ဦးစီးဌာန
- သမဝါယမ သွင်းကုန် ပို့ကုန်လုပ်ငန်း
- အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ဖြစ်သည်။
သမဝါယမအသင်း ဆန္ဒအလျှောက်ပူးပေါင်းကြသူတို့က မိမိတို့စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု လိုအပ်ချက်များ ပြည့်နိုင်ရန် ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။
အသင်းသား အရည်အချင်းသတ်မှတ်ချက် အခြေခံသမဝါယမ အသင်းတွင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသည် - (က) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ၊ (ခ) အသက် (၁၈)နှစ် ပြည့်ပြီးသူ၊ (ဂ) အသင်း၏ စည်းကမ်းအရ သတ်မှတ်ထားသော အစုတစ်စု၏ တန်ဖိုးငွေ ကို အပြည့်အဝ ထည့်ဝင်သူ၊ (ဃ) စိတ်ပေါ့သွပ်ခြင်း မရှိသူ။ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ အသင်းသားအဖြစ်မှ ရပ်စဲသည် - (က) သေဆုံးခြင်း၊ (ခ) အသင်းသားအဖြစ်မှ ရပ်စဲခံရခြင်း၊ (ဂ) နှုတ်ထွက်ခြင်း၊ (ဃ) မိမိပိုင် အစုအားလုံးကို အပြီးအပိုင် လွှဲပြောင်းခြင်း၊ (င) စိတ်ပေါ့သွပ်ခြင်း၊ (စ) အသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်း၊ (ဆ) သာသနာ့ဝန်ထမ်းအဖြစ် အမြဲတမ်း ကူးပြောင်းခြင်း။
သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်မှု ၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေအရ သမဝါယမအသင်းသစ်များ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ (၃၀.၉.၂၀၁၁)နေ့အထိ အောက် ဖော်ပြပါ သမဝါယမအသင်းပေါင်း (၁၁၁၆၁)သင်းမှ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည် - (က) ဗဟိုသမဝါယမအသင်း ၁ သင်း၊ (ခ ) မြို့နယ်သမဝါယမအသင်းစုချုပ် ၂၀ သင်း၊ (ဂ ) သမဝါယမအသင်းစု ၄၅၉ သင်း၊ (ဃ) အခြေခံသမဝါယမအသင်း ၁၀၆၈၁ သင်း ၊ စုစုပေါင်း ၁၁၁၆၁ သင်း ရှိပါသည်။
O E R သမဝါယမဝန်ကြီးဌာနအနေဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ်မှာ -
O - Organizing - စည်းရုံးခြင်း၊ E - Educating - ပညာပေးခြင်း၊ R - Regulating - ကြီးကြပ်ကွပ်ကဲခြင်း တို့ဖြစ်ပါသည်။
စည်းရုံးခြင်း (Organizing) စည်းရုံးခြင်းနှင့်ပတ်သတ်၍ - (က) သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရန် စည်းရုံးခြင်း၊ (ခ) သမဝါယမအသင်းများ ကျစ်လစ်ခိုင်မာမှုရှိစေရန် စည်းရုံးခြင်း၊ (ဂ) သမဝါယမအသင်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်ရပါသည်။
ပညာပေးခြင်း (Educating) သမဝါယမကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ ဒီဂရီကောလိပ် (၁)ကျောင်း၊ သမဝါယမကောလိပ် (၃)ကျောင်း၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း (၃)ကျောင်း၊ ပြည်နယ်/တိုင်း သမဝါယမသင်တန်းကျောင်း (၄)ကျောင်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ရန်ကုန်သမဝါယမဒီဂရီကောလိပ်မှ ဘွဲ့ရရှိသူ (၃၄၁၅) ဦးနှင့် သမဝါယမကောလိပ်များမှ ဒီပလိုမာရရှိသူ (၇၉၀၀) ဦးနှင့် သင်တန်း ကျောင်း များမှ သင်တန်းအောင်မြင်သူ (၂၉၇)ဦး ရှိပါသည်။ သမဝါယမဒီဂရီကောလိပ်အား တက္ကသိုလ် အဖြစ် အဆင့်မြှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမပညာပြန့်ပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အသင်းသားများနှင့် ရက်တို ဆွေးနွေးပွဲပြုလုပ်ပြီး သမဝါယမသဘောတရားများနှင့် မူဝါဒများ၊ သမဝါယမဥပဒေနှင့် စည်းကမ်း ဥပဒေညွှန်ကြားချက်များ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်ဆဲသမဝါယမ လှုပ်ရှားမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းစသည်တို့ဖြင့် အသင်းသားများအတွက် အကျိုးရှိမည့် သရုပ်ပြပွဲများ ပြုလုပ်ပေးလျက်ရှိပါသည်။ အသင်းသားမဟုတ်သေးသော အများ ပြည်သူတို့အား သမဝါယမလှုပ်ရှားမှုသတင်းများကို လူထုပညာပေးနည်းလမ်းဖြင့် ပညာပေး လျက်ရှိပါသည်။ မြို့နယ်သမဝါယမဦးစီးဌာနများမှလည်း သမဝါယမအသင်းအတွက် အသင်းသား စာရင်းစစ်သင်တန်းများ၊ အဆင့်မြင့် စာရင်းစစ်သင်တန်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များအတွက် သမဝါယမသဘောတရားများ၊ ဆွေးနွေးပွဲများနှင့် ဌာနဝန်ထမ်းများအတွက် သမဝါယမ ကွင်းဆင်း နည်းပေးလမ်းပြ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
ထိန်းကျောင်းခြင်း (Regulating) ဖွဲ့စည်းပြီးသမဝါယမအသင်းများကို သမဝါယမ မူဘောင်အတွင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိဝန်ထမ်းများက ထိန်းကျောင်းခြင်းများ ပြုလုပ် ရပါသည်။ အဓိကအားဖြင့် သမဝါယမအဆင့်ဆင့်တို့၏ လုပ်ငန်းနှင့် စာရင်းများစနစ်တကျ ရှင်သန် ဖွံ့ဖြိုးလာစေရန် ထိန်းကျောင်းခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်သမဝါယမဦးစီးဌာန များ၊ သမဝါယမသင်တန်းကျောင်းများ၊ ကောလိပ်ကျောင်းများအား ဌာနတွင်းကြီးကြပ်စစ်ဆေးမှု များ ပြုလုပ်ရပါသည်။ သမဝါယမအသင်းများအား စစ်ဆေးရာတွင် - (က) သာမန်စစ်ဆေးခြင်း (ခ) စီမံမှုစစ်ဆေးခြင်းနှင့် (ဂ) အထူးစုံစမ်းစစ်ဆေးခြင်း ဟူသော စစ်ဆေးခြင်းနည်းလမ်း(၃)ရပ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်(၈)ရပ် အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး”ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ် (၈)ရပ် ကို ချမှတ်ခဲ့ပါသည်- (က) လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ (ခ) မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဃ) အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (င) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (စ) ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ (ဆ) ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ (ဇ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး။
--May Kyaw ၀၈:၅၉၊ ၂၀ အောက်တိုဘာ ၂၀၁၁ (UTC) May Kyaw