၁၉၉၀

ဝီကီပီးဒီးယား မှ
ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၁၉၉၀ (MCMXC) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၉၀ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၉၀ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၉၀ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၉၀ ဆယ်စုနှစ်၏ ၁ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၃) ရက်။

  • ယှဉ်ပြိုင် အရွေး ခံမည့်သူ အမည် စာရင်းများ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရန် နောက်ဆုံးနေ့ ဖြစ်သည်။ မဲဆန္ဒ နယ်ပေါင်း ၄၉၂ ခု အတွက် နိုင်ငံရေး ပါတီ ၁၀၀ မှ ယှဉ်ပြိုင်မည့်သူ ဦးရေ စုစုပေါင်း ၂၀၀၀ ကျော် ရှိသည်။

(၈) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံသားနှင့် အိမ်ထောင်ပြုသူ ဖြစ်ပြီး မြေအောက် နိုင်ငံရေး ပါတီများ နှင့်လည်း ဆက်သွယ်မှု ရှိခဲ့သည်ဟု အကြောင်း ပြ၍ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်မှုကို တစည ပါတီက ကန့်ကွက် လိုက်သည်။ ဥရောပ ဘုံဈေး အဖွဲ့ကြီးက နောက်ထပ် ပြင်းထန်သော ကန့်ကွက် စာကို မြန်မာ အာဏာပိုင် များထံ ပေးပို့ ခဲ့သည်။ ထိုစာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ အပါအဝင် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူ အားလုံးကို ပါဝင်ခွင့် ပြုရန် တိုက်တွန်း လိုက်သည်။

(၁၆) ရက်။

  • ရန်ကုန် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင် လိုက်သည်။ ထိုဆုံးဖြတ်ချက်ကို ရာပေါင်း များစွာသော လူထုက ကန့်ကွက် ကြသည့် အခါ စစ်တပ်များ ရန်ကုန် မြို့တွင်းသို့ ဝင်ရောက် လာကြသည်။

(၂၄) ရက်။

  • အစိုးရအား ဆန့်ကျင်သော ကျောင်းသား ရာပေါင်းများစွာ နေထိုင်လျက် ရှိသည့် ကရင် သူပုန် အခြေစိုက် စခန်း သေဘောဘိုးကို အစိုးရ တပ်များက သိမ်းလိုက်သည်။

(၂၅) ရက်။

  • ဗြိတိန်နိုင်ငံမှ ကတ်လင်း (Kirkland Resources) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုးသည်။

(၃၁) ရက်။

  • ထိုင်း နယ်စပ်ရှိ ကရင် သူပုန် စခန်း ဝါလေကို အစိုးရ တပ်က သိမ်းယူ လိုက်သည်။ ဖလူး စခန်း တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သော ဒီဇင်ဘာလ ကတည်းက ဝါလေမှ ရွာသား ၆၀၀၀ နှင့် ကျောင်းသားများ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး ကြသည်။
  • ဇန်နဝါရီ - ဖေဖော်ဝါရီ။ ရန်ကုန်နှင့် အခြား မြို့များရှိ ထောင်နှင့် ချီသော ပြည်သူ များမှာ မြို့ပြင် ဘက်သို့ အတင်းအကြပ် ရွှေ့ပြောင်းခြင်း ခံကြရသည်။ နိုင်ငံရေး သမားများကို တနိုင်ငံလုံး၌ ဆက်လက် ဖမ်းဆီးလျက် ရှိသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ယှဉ်ပြိုင် အရွေး ခံမည့်သူ အမြောက်အမြား အဖမ်း ခံရသည်။ ရန်ကုန်နှင့် မန္တလေး တို့၌ ဆန္ဒပြမှုများ ပြုလုပ် ကြသည်။

ဖေဖော်ဝါရီလ[ပြင်ဆင်ရန်]

(၅) - (၁၁)ရက်။

  • ထိုင်း - မြန်မာ နယ်စပ်ရှိ ဘုရား ၃ ဆူ တောင်ကြား ဒေသ၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ မြန်မာ စစ်တပ်က ထိုင်းနိုင်ငံ အတွင်းသို့ ဖြတ်ကျော် လာကာ မွန်သူပုန် ဌာနချုပ် စခန်းကို ဝင်သိမ်း လိုက်သည်။ ကရင်နှင့် မွန် ရွာသူ ရွာသား ၆၀၀၀ မှ ၁၀၀၀၀ ခန့်နှင့် ကျောင်းသား ၇၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး ကြသည်။

(၁၃) ရက်။

  • ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ဂျီနီဗာ၌ ပြုလုပ် ခဲ့သော ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကို စုံစမ်းရန် အထူး အဖွဲ့ တခုကို ဖွဲ့စည်း ခဲ့သည်။ ထိုကော်မရှင်က နိုင်ငံတော် ငြိမ်/ပိအား နိုင်ငံရေး ပါတီ အားလုံးနှင့် တသီး ပုဂ္ဂလ များကို ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခွင့် ပြုရန် တိုက်တွန်း လိုက်သည်။

(၁၆) ရက်။

  • မန္တလေးမြို့တွင် ရဟန်း သံဃာများနှင့် ကျောင်းသားများ ရာချီ၍ နိုင်ငံတော် ငြိမ်/ပိကို ဆန့်ကျင် ဆန္ဒ ပြကြသည်။

မတ်လ[ပြင်ဆင်ရန်]

(၁၃) ရက်။

  • ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချာယွတ်သည် ချစ်ကြည်ရေး ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို ရောက်ရှိ နေချိန် ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက် သူ၏ ဒုတိယမြောက် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လတွင် ဖြစ်ပွား ခဲ့သော လက်ဘက်ရည်ဆိုင် အရေးအခင်းနှင့် မောင်ဖုံးမော် ကျဆုံးခဲ့သည့် ဒုတိယမြောက် နှစ်ပတ်လည်နေ့လယ်း ဖြစ်သည်။ ထိုနေ့တွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုးစား ခဲ့ကြသော ကျောင်းသား တချို့ အဖမ်း ခံရသည်။ သူတို့ထဲမှ မောင်မောင်ကျော် ဆိုသူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် လိုက်သည်။

(၂၁) ရက်။

  • ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် မြန်မာပိုင် လေယဉ် တစင်းကို ထိုင်း နိုင်ငံသို့ အနုကြမ်း စီးခဲ့သော ကျောင်းသား နှစ်ဦး ဖြစ်သည့် ရဲရင့်နှင့် ရဲသီဟ တို့အား ထောင်ဒဏ် ၆ နှစ် ကျခံစေရန် ဘန်ကောက်မြို့ တရားရုံး တခုမှ အမိန့် ချလိုက်သည်။

(၂၂) ရက်။

  • မွန်ပြည်သစ် ပါတီနှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ တပ်ဖွဲ့ များသည် မွန်ပြည်နယ် ရေးမြို့ကို ဝင်သိမ်းခဲ့ကြသည်။ ထိုမြို့ကို မြန်မာ့ လေတပ်မှ ဗုံးကြဲ ခဲ့သောကြောင့် အရပ်သား အချို့ သေဆုံး သွားရသည်။

ဧပြီလ[ပြင်ဆင်ရန်]

(၁၀) ရက်။

  • ကရင် သူပုန် ဌာနချုပ် မာနယ်ပလော အနီး တဝိုက်တွင် မြန်မာ အစိုးရ လေယာဉ်ပျံဖြင့် ဗုံးလာ ကြဲသောကြောင့် ဒုက္ခသည်ပေါင်း ရာနှင့် ချီ၍ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေး ကြသည်။

(၁၁) ရက်။

  • မြို့နယ် ဆယ်မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ဥပဒေ ရုပ်သိမ်း လိုက်ကြောင်း မြန်မာ့ အသံမှ ကြေညာသည်။

(၁၆) ရက်။

  • ပြင်းထန်သော အပြင် မထွက်ရ အမိန့်နှင့် နိုင်ငံရေး လှုပ်ရှားမှု၊ ဆန္ဒပြမှုများ မပြုလုပ်ရ ဟူသော ပိတ်ပင် တားမြစ်ချက်များ အလယ်တွင် သင်္ကြန် ပွဲတော်ကြီး သည်လည်း အေးအေးဆေးဆေး ပြီးဆုံး သွားရသည်။

(၁၈) ရက်။

  • နိုင်ငံတော် ငြိမ်/ပိ၏ ကြေညာချက် အရ မြန်မာနိုင်ငံတွင် အဖျော် ယမကာ ထုတ်လုပ်ရန် ပက်စီကိုလာ ကုမ္ပဏီက သဘောတူ လက်မှတ် ရေးထိုးကြောင်း သိရှိ ရသည်။

(၂၄) ရက်။

  • မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် မြန်မာနိုင်ငံမှ မည်သည့် ကုန်ပစ္စည်းမျှ မတင်သွင်းရ ဟူသော ဥပဒေကို အမေရိကန် ဆီးနိတ် လွှတ်တော်က သဘောတူ ဆုံးဖြတ် လိုက်သည်။

မေလ[ပြင်ဆင်ရန်]

(၂) ရက်။

  • မြန်မာပြည်ရှိ အကျဉ်းထောင် များ၌ နိုင်ငံရေး အကျဉ်းသား များကို ညှဉ်းပမ်း နှိပ်စက်သည့် ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးမှ အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။ ထို အစီရင်ခံစာတွင် "တပ်မတော်သည် အချုပ်အချယ် မဲ့သော အာဏာဖြင့် ပြည်သူများကို ထင်သလို ဖမ်းဆီးပြီး ခုံရုံးတင် စစ်ဆေးမှု မပြုဘဲ လနှင့် ချီ၍ အကျဉ်းချ ထားခြင်း ပြင်ပနှင့် ဆက်သွယ်ခွင့် မပေးခြင်း၊ ညှဉ်းပမ်း နှိပ်စက်၍ စစ်ဆေး မေးမြန်းခြင်း တို့ကို ပြုလုပ်လျက် ရှိသည်" ဟူ၍ ပါရှိသည်။

(၂၄)-(၂၆) ရက်။

  • မြို့နယ်ပေါင်း ၁၂၃ ခုတွင် စစ်အုပ်ချုပ်ရေး ဥပဒေကို ရုပ်သိမ်း လိုက်သည်။ မေလ ၂၇ ရက် ရွေးကောက်ပွဲ နေ့တွင် သတင်း ယူနိုင်ရန် အတွက် နိုင်ငံခြား သတင်းထောက် များကို ဖိတ်ခေါ်မည်ဟု ကြေညာသည်။

(၂၇) ရက်။

  • ၁၉၆၀ နှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်ခဲ့သောပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အနိုင် ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲ အရေအတွက် ၇၅ % ဖြင့် အပြတ်အသတ် အနိုင် ရလိုက်သည်။

(၂၈) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင် ရရှိကြောင်း နိုင်ငံတော် ငြိမ်/ပိက ကြေညာသော်လည်း အာဏာ လွှဲပြောင်းရေးနှင့် ပတ်သက်၍ တိတိကျကျ မကြေညာ သေးပေ။

(၃၀) ရက်။

  • ဗိုလ်ချုပ်ကြီး စောမောင်က "နိုင်ငံတော် ငြိမ်/ပိ အနေနှင့် တရား ဥပဒေနှင့် အညီ အာဏာ လွှဲပေးမည်။ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု များကို အာဏာ လွှဲပေးရေးကို နှောင့်ယှက် နိုင်သည်" ဟု ပြောကြားသည်။

(၃၁) ရက်။

  • အမေရိကန် ပြည်ထောင်စု ပြောရေး ဆိုခွင့် ရှိသူက နိုင်ငံတော် ငြိမ်/ပိသည် ရွေးကောက်ပွဲ ရလဒ်များကို မလိုက်နာလျှင် မိမိ အစိုးရ အနေနှင့် စစ်အစိုးရကို ကမာ္ဘ့ အသိုင်းအဝိုင်းမှ ပယ်ရန် အစီအစဉ်များ လုပ်ဆောင် မည်ဟု ပြောကြားသည်။

ဇွန်လ[ပြင်ဆင်ရန်]

(၆) ရက်။

  • ဥရောပ ဘုံဈေး အဖွဲ့ဝင် ၁၂ နိုင်ငံက နိုင်ငံတော် ငြိမ်/ပိအား ရွေးချယ် တင်မြှောက် ခံရသော အမျိုးသား လွှတ်တော်သို့ အာဏာ လွှဲပေးရန် တိုက်တွန်းသည်။

(၈) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက ရွေးကောက်ပွဲ ကုန်ကျ စရိတ်နှင့် ရွေးကောက်ပွဲ ရလဒ်များ အပေါ် ကိုယ်စားလှယ် များ၏ ကန့်ကွက်ချက် များကို ဖြေရှင်း ပြီးမှသာ အမျိုးသား လွှတ်တော်ကို ခေါ်ယူ ပေးနိုင် မည်ဟု ပြောကြားသည်။

(၁၇) ရက်။

  • ဗိုလ်မှူးချုပ် ခင်ညွန့်က သံတမန် များနှင့် နိုင်ငံခြား အသံလွှင့် ဌာန များအား နိုင်ငံရေး သမားများနှင့် တွေ့ဆုံ၍ ကောလာဟလများ ထုတ်လွှင့်ခြင်းဖြင့် မငြိမ် မသက်မှုများ ဖန်တီး နေသည်ဟု စွပ်စွဲ ပြောကြားသည်။

(၁၉) ရက်။

  • ဗိုလ်ချုပ်ကြီး စောမောင်က အာဏာ (အမြန်) အလျင်စလို လွှဲပေးရန် မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲရန် လိုကြောင်း၊ ထိုဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းသည် ခက်ခဲ နက်နဲ၍ အချိန်ယူ လုပ်ကိုင်ရန် လိုကြောင်း အလေးအနက်ထား ပြောကြားသည်။

(၂၀) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး ပါတီ များနှင့် နိုင်ငံတော် ငြိမ်/ပိတို့ ဆွေးနွေး ညှိနှိုင်းရန် တောင်းဆိုသည်။

ဇွန်လ။ မြို့ကြီး များမှ အတင်းအကြပ် ရွေ့ပြောင်း စေမှုများ ဆက်လက် ဖြစ်ပွားသည်။ ပြည်သူ ထောင်ပေါင်း များစွာကို ပုဂံမှ နှင်ထုတ်၍ ဖုန်ထူသော မြို့ဟောင်း တောင်ဘက်တွင် ပြန်လည် နေရာ ချထားသည်။

ဇူလိုင်လ[ပြင်ဆင်ရန်]

(၃) ရက်။

  • ဗိုလ်မှူးချုပ် ခင်ညွန့်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် ပတ်သက်၍ မရေမရာ ထင်ကြေး ရေးသားမှုများ သတင်းလွှာ တစောင်တွင် ဖော်ပြသည်ဟု စွပ်စွဲကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံတော် ငြိမ်/ပိ၏ ပထမဆုံး တိုက်ခိုက် ပြောဆိုမှုကို ပြုလုပ်သည်။

(၄) ရက်။

  • ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး (Gareth Evans) က နိုင်ငံတော် ငြိမ်/ပိအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲပေးရန် တိုက်တွန်း လိုက်သည်။ နိုင်ငံတော် ငြိမ်/ပိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဆွေးနွေး ညှိနှိုင်းရန် ငြင်းပယ် လိုက်သည်။

(၅) ရက်။

  • တရုတ် သံအမတ် ချန်ယူရှန်က ရွေးကောက်ပွဲတွင် အောင်ပွဲ ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချီးကျူး လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆို လိုက်သည်။

(၁၉) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဇာနည် နေ့တွင် သတိပြု ပရိယာယ် သုံးရန် ထုတ်ပြန် သော်လည်း ရန်ကုန်နှင့် အခြား နေရာများတွင် ကျောင်းသား အများစုက ကွက်ကြား ဆန္ဒပြမှုများ ပြုလုပ် ကြသည်။

(၂၉) ရက်။

  • ရွေးချယ် ခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံ ကိုယ်စားလှယ်များ ရန်ကုန် ဂန္ဓီ ခန်းမတွင် တွေ့ဆုံ၍ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး အတွက် စိတ်ရင်းကောင်းဖြင့် ရိုးသား ပွင့်လင်းသော ဆွေးနွေးမှု များနှင့် ဒီမိုကရေစီ စနစ်သို့ အလျင်အမြန် ကူးပြောင်းရန် တို့ကို တောင်းဆို လိုက်သည်။ ကိုယ်စားလှယ် များက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် နိုင်ငံတော် ငြိမ်/ပိကို တိုက်တွန်း လိုက်သည်။ လက်နက် အပြည့်အစုံနှင့် စစ်သားများ ရန်ကုန်တွင် ကင်းလှည့် နေသည်။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၇) ရက်။

  • ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့်က နိုင်ငံတော် ငြိမ်/ပိသည် အာဏာ လွှဲပေးရန် အချိန် ဆွဲနေခြင်း မဟုတ်ကြောင်း ပြောကြားသည်။

(၈) ရက်။

  • ရှစ်လေးလုံး နှစ်နှစ်ပြည့် ဆန္ဒပြပွဲများ ဖြစ်ပွားသည်။ မန္တလေးတွင် စစ်တပ်က ဆန္ဒ ပြသူများကို ပစ်ခတ်ရာ သံဃာ နှစ်ပါးနှင့် ကျောင်းသား နှစ်ဦး သေဆုံးသည်။

(၁၀) ရက်။

  • နိုင်ငံတော် ငြိမ်/ပိ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး သန်းထွန်းက မန္တလေး ပစ်ခတ်မှုတွင် တဦးမျှ မသေကြောင်း ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မငြိမ်မသက်မှုများ ဖန်တီး နေသည်ဟု စွပ်စွဲ လိုက်သည်။ ရိုင်ဖယ် စက်သေနတ် များကို ကိုင်ဆောင် ထားသော စစ်သားများက တရပ်ကား များဖြင့် ရန်ကုန်မြို့တွင် ကင်းလှည့် နေသည်။ တနိုင်ငံလုံးတွင် ပြည်သူ အများအပြား အဖမ်း ခံရသည်။ တရုတ်မှ လက်နက် ခဲယမ်း အမြောက်အမြား သင်္ဘောဖြင့် ရန်ကုန်သို့ ရောက်လာသည်။

(၂၇) ရက်။

  • ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွှန့်က နိုင်ငံတော် ငြိမ်/ပိ အနေနှင့် အမျိုးသား လွှတ်တော် ခေါ်ယူရန် အချိန် အကန့်အသတ် မရှိကြောင်း ပြောကြားသည်။ ဩဂုတ်လ ၈ ရက် မန္တလေး အရေးအခင်းမှ စ၍ လူ ၅၀၀ ကျော် အဖမ်း ခံရသည်။

(၂၉) ရက်။

  • ရွေးကောက်ပွဲတွင် အနိုင်ရသော ပါတီ အနေနှင့် ဥပဒေနှင့် တရားဝင် ရပိုင်ခွင့်ကို အသုံးပြု၍ နိုင်ငံတော် ငြိမ်/ပိ ခွင့်ပြုချက် ရသည် ဖြစ်စေ မရသည် ဖြစ်စေ၊ အမျိုးသား ညီလာခံကို အောက်တိုဘာ လတွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားသည်။

(၃၁) ရက်။

  • အခြေအနေများ ပို၍ တင်းမာ လာသောကြောင့် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ပြည်သူများအား တောင်းဆိုမှုများ၊ ထိပ်တိုက် ရင်ဆိုင်မှုများ မပြုလုပ်ရန် သတိ ပေးထားသည်။

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၂) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံကို အုပ်ချုပ်ရန် အဆင်သင့် မရှိကြောင်း တိုင်းမှူး မျိုးညွှန့်က ပြောကြားသည်။

(၆) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးကြည်မောင်နှင့် အတွင်းရေးမှူး ဦးချစ်ခိုင် တို့ကို မန္တလေးမှ ပါတီ ခေါင်းဆောင် ၄ ဦးနှင့် အတူ ဖမ်းလိုက်သည်။ မန္တလေး ပြည်သူများက ဖမ်းဆီးမှုကို ဆန့်ကျင် ဆန္ဒ ပြကြသည်။ မန္တလေးမှ သံဃာတော် များက နိုင်ငံတော် ငြိမ်/ပိနှင့် အဆက်အသွယ် ဖြတ်ရန် စစ်မှုထမ်းများ ဆက်ကပ်သည့် လှူဖွယ် ပစ္စည်းများကို လက်မခံ တော့ကြောင်း၊ စစ်ဘက်မှ ကျင်းပ ပြုလုပ်သည့် ဘာသာရေး ပွဲများတွင် ပါဝင်မည် မဟုတ်ကြောင်းကို ကြေညာလိုက်သည်။

(၂၈) ရက်။

  • မြန်မာ တပြည်လုံးတွင် ဖမ်းဆီးမှုများ ဆက်လက် ဖြစ်ပွားသည်။ အမေရိကန်၊ ဗြိတိန်နှင့် အခြား နိုင်ငံများမှ ၎င်းတို့၏ သံရုံး အမှုထမ်း များအား ဖမ်းဆီးမှုကို ကန့်ကွက် ကြသည်။

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

နိုဝင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

ဒီဇင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။