ရွှေမန်း၊ ဦး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သူရ
ဦးရွှေမန်း
Shwe Mann.jpg
ပြည်ထောင်စုလွှတ်တော် နာယက
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၃ – ၂၉ ဇန်နဝါရီ ၂၀၁၆
လက်ထောက်ဦးနန္ဒကျော်စွာ
ယခင်လူဦးခင်အောင်မြင့်
ဆက်ခံသူမန်းဝင်းခိုင်သန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
လက်ထောက်ဦးနန္ဒကျော်စွာ
ယခင်လူရာထူးစတင်
ဆက်ခံသူဦးဝင်းမြင့်
ပြည်သူ့လွှတ်တော် အမတ်
ဇေယျာသီရိမြို့နယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူရာထူးစတင်
ဆက်ခံသူလှဌေးဝင်း
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဖေဖော်ဝါရီ ၂၀၁၆
ယခင်လူကော်မရှင် ဖွဲ့စည်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1947-07-11) ၁၁ ဇူလိုင်၊ ၁၉၄၇ (အသက် ၇၃)
ကညွတ်ကွင်းမြို့ဗြိတိသျှဘားမား
နိုင်ငံရေးပါတီပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ကြင်ဖော်(များ)ဒေါ်ခင်လေးသက်
သားသမီးတိုးနိုင်မန်း
အောင်သက်မန်း
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ မြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၆၉–၂၀၁၀
ရာထူးဗိုလ်ချုပ်ကြီး

သူရရွှေမန်း သည် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၃၁ ဇန်နဝါရီ ၂၀၁၁ မှ ၂၉ ဇန်နဝါရီ ၂၀၁၆ အထိတာဝန်ထမ်းဆာင်ခဲ့သူ ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်က ညှိနိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွေးဖွားသည်။ ဒေါ်ခင်လေးသက်[၁]နှင့် အိမ်ထောင်ကျပြီး သား(အောင်သက်မန်း[၁][၂][၃]၊ တိုးနိုင်မန်း[၁]၊ ..... ) ထွန်းကားသည်။

စစ်အရာရှိဘဝ[ပြင်ဆင်ရန်]

၁၉၆၆ ခုနှစ်တွင် DSA အမှတ်စဉ် (၁၁)၊ ဗိုလ်လောင်းအမှတ် (၆၇၂) ၊ ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ပြန်တမ်းဝင်အမှတ်မှာ ကြည်း (၁၁၅၃၄) ဖြစ်သည်။ သူနှင့် အတူတပြိုင်ထဲ ဘွဲ့ရသူများ အနက် ယခင် ထောက်လှမ်းရေး ဌာနကြီးမှူးဟောင်း ဗိုလ်မှူးချုပ် ကျော်သိန်း၊ ယခု ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်း တို့ပါဝင်သည်။ အရာရှိဘဝမှ တဖြည်းဖြည်းနှင့် ဗိုလ်ကြီး ရာထူးသို့ မြင့်တက်လာပြီးနောက် ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူး အဆင့်သို့ ရောက်ရှိလာခဲ့သည်။

၁၉၈၉ ခုနှစ် ကေအန်ယူ တပ်များအား ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် သူရဘွဲ့ကို ရရှိခဲ့သည်။ ကရင်ပြည်နယ်သို့ တပ်ရင်းမှူး ဘဝဖြင့် ရောက်ရှိခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပြည်မြို့ အခြေစိုက် တပ်မ ၆၆ တွင်ဗျူဟာမှူး ဖြစ်လာခဲ့သည်။

၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရကာ တပ်မ(၁၁) တပ်မမှူး တာဝန်ယူခဲ့ရသည်။ ထို့နောက် တစ်နှစ်အကြာတွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ်ရာထူးတိုးပြီး ပုသိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ တပြိုင်တည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့သည်။

၂၀၀၀ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံခဲ့ရပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ အနောက်တောင်တိုင်း စစ်တိုင်းမှူး အဖြစ်မှ ရန်ကုန်မြို့ရှိ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ပြောင်းရွှေ့ခြင်းခံရသည်။

နောက်တစ်နှစ်တွင် အသစ်တီထွင် ခန့်အပ်လိုက်သည့် ညှိနှိုင်းကွပ်ကွပ်ရေးမှူး ကြည်း၊ ရေ၊ လေ ကိုခန့်အပ်ခြင်းခံရပြီး အထူး စစ်ဆင်ရေးဗျူဟာကိုလည်း ကြည့်ရှုတာဝန်ယူရသူဖြစ်လာသည်။

၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ရာထူးသို့တိုးမြှင့်ပေးခံရသည်။ သူ့လက်အောက်ရှိ ခြေလျင်တပ်များမှ တပ်သားများ၏ လေးစားအားကိုးမှုကို အထိုက်အလျောက်ခံရသည်။ တာဝန်များအရ ရှေ့တန်းနှင့် ဒေသန္တရ စစ်တိုင်းများမှ တပ်ရင်းတွေနှင့် အလှမ်းကွာနေသည့် သဘောရှိသည်။

၂၀၁၀ မတိုင်ခင်[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တပ်မတော်တရပ်လုံးတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးဖြင့် အဆင့် (၃) ရာထူး ရှိသူဖြစ်ပြီး  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)  အစိုးရအဖွဲ့ထဲတွင် အာဏာရှိသူ တစ်ဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ယခင်ကတည်းက ကြည်း၊ ရေ၊ လေတပ် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးစီ ရှိပြီးဖြစ်သော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းလက်ထက်မှ စတင်ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟူသည့် ရာထူးအသစ်ကို စတင် သုံးစွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရာထူးရရှိပြီးနောက်တွင် အထူးစစ်ဆင်ရေးမှူးများ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သူ့ထံ တိုက်ရိုက် အစီရင်ခံကြရသည်။

ဒီမိုကရေစနစ် ကူးပြောင်းရေးကာလ[ပြင်ဆင်ရန်]

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ရွေးချယ်ခံခဲ့သည်။ [၄] ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်ပါ ရွေးချယ်တင်မြောက်ခြင်း ခံရသည်။ [၅] ပြည်ထောင်စုလွှတ်တော် ဥပဒေအရ ရွေးကောက်ပွဲနှစ်ဝက် (၂၀၁၄) ခုနှစ်မှ (၂၀၁၆) နှစ်အထိ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရရသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်ကာ အပြုသဘောဆောင်ခဲ့သည်။ ‌‌လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အုပ်စုနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပူးပေါင်း‌ဆောင်ရွက်သည်ဟု သုံးသပ်ရသော ၂၀၁၅ ခုနှစ် ဩဂုတ်လ(၁၂) ရက် သန်းခေါင်ယံ အာဏာသိမ်းပွဲဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်ဥက္ကဋ္ဌအဖြစ်မှ အများသဘောဆန္ဒ မပါဘဲ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

သူ့ပါတီက ပြည်ထောင်စုလွှတ်တော် အမတ်အများစု၏ ‌ထောက်ခံမှုဖြင့် ‌နောက်ဆက်တွဲ လုပ်ကြံမှုဖြစ်သော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းရေး ကြိုးပမ်းမှုကိုလည်းကောင်း ၊ လွှတ်တော် ရပ်နားရန် ဖိအားပေးမှုကိုလည်းကောင်း လွတ်လွတ်ကျွတ်ကျွတ် ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သည်။

သူရဦးရွှေမန်းသည် ဒီမိုကရေစီစံနှုန်းနှင့် တန်ဖိုးများကို မြန်မာနိုင်ငံတွင် မည်သို့ မှန်ကန်စွာ လက်တွေ့အသုံးချရမည်ကို သိရှိသည့် အလျောက် အမှန်တကယ်လည်း ကျင့်သုံးဆောင်ရွက်ခဲသူဖြစ်ကာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ ပဲ့ကိုင်ရှင် တဦးအဖြစ် လေ့လာသူများက သုံးသပ်ကြသည်။

၂၀၁၆ - ယနေ့အချိန်ထိ[ပြင်ဆင်ရန်]

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ပြည့်သူ့လွှတ်တော်အတွက် ဖြူးမြို့နယ်တွင် ယှဉ်ပြိုင်သော်လည်း ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန့်ညွန့် ကို ၂၀% ဆန္ဒမဲ ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်မရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင်' ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသည်။ [၆]

၂၀၁၉ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် သူဦးဆောင်သည့် အဖွဲ့ဝင် (၁၉) ဦးက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (Union Betterment Party (UBP)) ကို တည်ထောင်ရာ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ‌ကော်မရှင်က တရားဝင် အတည်ပြုပေးခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း (၃၃၀) အနက် မြို့နယ် (၂၂၀) တွင် ပါတီ ရုံးခွဲများကို ဖွင့်လှစ်ခဲ့ကာ ပါတီဝင် အရေအတွက် (၅) သိန်းကျော်အထိစုဆောင်းရရှိလာနိုင်ခဲ့သည်။ ၎င်း၏ ပါတီက လာမည့် (၂၀၂၀) ‌‌ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်မှု ‌ဆောင်ရွက်မည်မဟုတ် ဟူ၍ သဘောထားကြေငြာခဲ့သည်။

ဘဝဖြတ်သန်းမှု[ပြင်ဆင်ရန်]

၁၉၆၆ - ပြင်ဦးလွင် (မေမြို့) စစ်တက္ကသိုလ် အမှတ်စဉ် (၁၁) တက်ရောက်သည်။ ဗိုလ်ကျောင်း အမှတ် (၆၇၂) ဖြစ်သည်။

၁၉၆၉ - ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး ပြန်တမ်းဝင် အရာရှိဖြစ်သည်။ ပြန်တမ်းဝင်အမှတ်မှာ ကြည်း (၁၁၅၃၄) ဖြစ်သည်။

၁၉၈၄ မှ ၁၉၈၈ - ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး တိုးမြှင့်ခံရသည်။

၁၉၈၉ - သူရဘွဲ့ရရှိသည်။

၁၉၉၂ - တပ်မ (၆၆) တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗျူဟာမှူးဖြစ်သည်။

၁၉၉၅ - ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ခံရ၍ ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ အမှတ်၃ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၌ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ထမ်းရွက်သည်။

၁၉၉၆ - လှည်းကူးမြို့နယ် အင်းတိုင်၌ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၌ တပ်မမှူးဖြစ်။

၁၉၉၇ - အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ခံရသည်။ တစ်ပြိုင်တည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ယာယီအဖွဲ့ဝင်ဖြစ်လာသည်။

၂၀၀၀ - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာသည်။

၂၀၀၁ - ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

၂၀၀၁ နိုဝင်ဘာ - ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်း ကွပ်ကဲရေးမှူးဖြစ်လာသည်။

၂၀၀၃ ဇန်နဝါရီလ - ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခံရသည်။

၂၀၁၀ ဩဂုတ် - တပ်မတော်မှ အငြိမ်းစားယူသည်။

၂၀၁၀ နိုဝင်ဘာ ၇ - ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရီမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

၂၀၁၁ ဇန်နဝါရီ ၃၁ - ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။

၂၀၁၅ ဩဂုတ် ၁၂ - နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ် အမှုဆောင် ၁၂ဦးကို သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ဖြုတ်ချလိုက် သည်။

၂၀၁၆ ဖေဖော်ဝါရီ ၁ - ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးဝင်းမြင့်ထံ ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲ ပြောင်းပေးအပ်သည်။

၂၀၁၆ ဖေဖော်ဝါရီ ၄ - ဒုတိအကြိမ် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များကို ဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။[၇]

၂၀၁၉ ဖေဖော်ဝါရီ ၂၈ - ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ရုပ်သိမ်းလိုက်သည်။[၈]

၂၀၁၉ ဧပြီလ (၂၅) -သူရဦးရွှေမန်းသည် Union Betterment Party(UBP) ကိုတည်ထောင်ခဲ့ပြီး ပါတီ၏ ခေါင်းဆောင် နှင့် ဥက္ကဋ္ဌလည်းဖြစ်သည်။ ပါတီတည်ထောင်ရာတွင် တည်ထောင်သူ (၁၉) ဦးက ပူးတွဲလက်မှတ်ရေးထိုးလျက် UEC သို့ တင်ပြခဲ့သည်။

စီးပွားရေး အင်ပါယာ[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်း[၉] [၁၀][၁၁] သည် ဧရာရွှေဝါ ကုမ္ပဏီကို ၁၉၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့သည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့ခွင့် ပထမဆုံးရရှိသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ၂၀၁၀ခုနှစ်အထိ နီးနီးစပ်စပ် တွဲဖက်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားအငယ် တိုးနိုင်မန်းနှင့် အိမ်ရာ စီမံကိန်းများ ဖေါ်ဆောင်သူ လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေသမီးဖြစ်သူနှင့် ခမ်းနားစွာ လက်ထပ်ထိမ်းမြားခဲ့သည်။ ၂၀၀၅၊ ၂၀၀၆ ခုနှစ် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများမှာလည်း ဆောက်လုပ်ခွင့် ကန်ထရိုက်များရရှိခဲ့သည်။

၂၀၀၇ ခုနှစ် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အစိုးရအဖွဲ့ဝင် နှင့် သူတို့၏ မိသားစုများအား ဗီဇာပိတ်ပင်ခြင်း စာရင်းထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ဇနီး ဒေါ်ခင်လေးသက် ကိုလည်းထည့်သွင်းခဲ့သည်။ ၂၀၀၈ ခုနှစ်ကုန်နှင့် ၂၀၀၉ ခုနှစ်အစပိုင်းတွင် သားဖြစ်သူ တိုးနိုင်မန်းပိုင်သည့် Red Link ကုမ္ပဏီမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာတယ်လီပို့မှ ဝန်ဆောင်မှုပေးသည့် Broadband အင်တာနက်ကိုလက်လီ ပြန်လည်ရောင်းချသည့် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ဝိုင်မက်စ် အင်တာနက် ဝန်ဆောင်မှု အမည်ဖြင့် လူသိများခဲ့သည်။

၂၀၁၀ ခုနှစ် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းနှင့် အစိုးရပိုင် စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကပိုင် ပြုလုပ်သည့် အစီအစဉ်တွင် တိုးနိုင်မန်းလည်း ပါဝင်လုပ်ကိုင်လျက်ရှိပြီး စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသူများ အသင်းတွင်လည်း ၂၀၁၁ ခုနှစ်အထိ (ယာယီ) တာဝန်ယူထားသူ တစ်ဦးဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ၎င်းတို့ မိသားစုတစ်ခုလုံးအား အမေရိကန် နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ထားမှုများက ဖယ်ရှားပေးခြင်းခံခဲ့ရသည်။

အကိုးအကား[ပြင်ဆင်ရန်]