မာတိကာသို့ ခုန်သွားရန်

ခင်ရွှေ (ဇေကမ္ဘာ)

ဝီကီပီးဒီးယား မှ
(ဇေကမ္ဘာ ခင်ရွှေ၊ဦး မှ ပြန်ညွှန်းထားသည်)
ဦးခင်ရွှေ
မွေးဖွား (1951-12-21) ဒီဇင်ဘာ ၂၁၊ ၁၉၅၁ (အသက် ၇၃)
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ဇေကမ္ဘာကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်စန်းစန်းကြွယ်
ဆွေမျိုးသားချင်းဇေသီဟ၊ဇေဇင်လတ်

ဦးခင်ရွှေ (၂၁ ဒီဇင်ဘာ ၁၉၅၁ မွေးဖွား)[] သည် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဇေကမ္ဘာကုမ္ပဏီဖြင့်  လူသိများသလို ကျိုက်ထီးဆောင်းဆရာတော်နှင့် တပည့်ဒါယကာပြုထားခြင်းဖြင့်လည်း ထင်ရှားသည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း

[ပြင်ဆင်ရန်]

ဆောက်လုပ်ရေးလုပ်ငန်း၊စက်မှုဇုန်လုပ်ငန်း၊ဘဏ်လုပ်ငန်း၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ပုဂ္ဂလိကပြတိုက်လုပ်ငန်း စသည့်လုပ်ငန်းများအားလုပ်ကိုင်သည့်အပြင် မြန်မာ့အသေးစားနှင့်အလတ်စားဖွံ့ဖြိုးရေးဘဏ်၏ နာယကတစ်ဦး၊ ရှယ်ယာရှင်လည်းဖြစ်သည်။

စစ်အာဏာရှင်လက်ထက်အတွင်း စစ်ဗိုလ်ချုပ်ကြီးများ၏ စောင့်မကြည့်ရှုမြှောက်စားခြင်းခံရပြီး မြောက်မြားစွာသောစီးပွားရေးလုပ်ငန်းများဖြင့် ကြီးပွားချမ်းသာလာသော ဦးခင်ရွှေသည် ခရိုနီတစ်ဦးအဖြစ် ကျော်ကြားကာ သတင်းမီဒီယာများကပါ ထိုအတွင်းဖော်ပြကြသည်။[]

ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် နီးကပ်သောဆက်ဆံရေးရှိပြီး ၎င်းကိုယ်တိုင်က ဦးခင်ညွှန့်အား ဆရာသမားတစ်ဦးအဖြစ်မှတ်ယူကြောင်း ထုတ်ဖော် ပြောဆိုထားကာ ဦးခင်ညွှန့်ထောင်မှ ပြန်လွတ်ပြီးနောက် အထောက်အပံ့အကူအညီများအား ဆက်တိုက်ပေးအပ်ခဲ့သည်။[]

စစ်အာဏာရှင်လက်ထက် မြောက်မြားစွာသော စီးပွားရေးအခွင့်အလှမ်းများအား ရရှိခဲ့သည့် အပြင် လယ်ယာမြေများကိုလည်း ရရှိခဲ့၍ ၂၀၁၀မှ ၂၀၁၅အထိ မကြာခဏဆိုသလို မင်္ဂလာဒုံမှ လယ်သမားများနှင့် ထိပ်တိုက်တွေ့ကာ ဆန္ဒပြမှုများအား ခံခဲ့ရသည်။[]

နိုင်ငံရေးလောကထဲဝင်ရောက်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၀ခုနှစ်အထွေထွေရွေးကောက်ပွဲမှတဆင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပြီး[] ၂၀၁၀မှ ၂၀၁၅ခုနှစ် အထိ တွံ့တေး၊ကော့မှူး၊ကွမ်းခြံကုန်းမြို့နယ်များ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ထမ်းဆောင်ခဲ့သည်။[]

အထွေထွေရွေးကောက်ပွဲ ၂၀၁၅ခုနှစ် တွင်မူ မူလမဲဆန္ဒနယ်နေရာမှနေ၍ နောက်တစ်ကြိမ် ရွေးကောက်ပွဲထပ်ဝင်ခဲ့သော်လည်း အနိုင်မရဘဲ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကို အပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက် နောက်ပိုင်းကာလများတွင် နိုင်ငံရေးမှ အနားယူကာ ထင်ရှားသော စေတီ၊ပုထိုးများအား ထီးတော်တင်ခြင်း၊ပြင်ဆင်ခြင်း၊ထင်ရှားသော သံဃာတော်များအား လှူဒါန်းခြင်းစသည့် ဘာသာရေးပဲ လုပ်တော့မည်ဟု ၎င်းကထုတ်ဖော်ပြောခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကာလထဲ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့၍  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရကာ နောက်ပိုင်းကာလများတွင် ပါတီမှ နုတ်ထွက်သွားသည်။[]

သို့သော်လည်း တစ်ဖက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၆မှ ၂၀၂၀အထိ  မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် တောက်လျှောက်ဝေဖန်ထောက်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ မျက်ရည်တောက်တောက်ကျနေသည့် အခြေအနေရောက်နေပြီဟု မှတ်ချက်ပြုပြောဆိုခြင်းများရှိခဲ့သည်။[][]

၂၀၁၅နောက်ပိုင်းတွင်မူ နှစ်ပေါင်းများစွာဆက်ဆံလာသော စစ်တပ်နှင့် သယဇာတဖြစ်မှုမရှိတော့ဘဲ ၎င်း၏ စီးပွားရေးလုပ်ငန်းများထဲက ကြီးမားသော စီမံကိန်းတစ်ခုဖြစ်သည့် မြရိပ်ညိုစီမံကိန်းပြန်သိမ်းခံခဲ့ရသလို၊NLDစိုးမိုးသော လွှတ်တော်တွင်လည်း NLDအမတ်များ၏ထောက်ပြဝေဖန်မှုကို အကြီးအကျယ်ခံခဲ့ရကာ လှိုင်သာ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း လမ်းပိုင်း လုပ်ပိုင်ခွင့်အား လက်လွတ်ခဲ့ရသည့်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၎င်းနှစ်ရှည် လုပ်ကိုင်ခွင့်ရ ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်ကို ငှားရမ်းခွင့် သက်တမ်းတိုးမပေးဘဲ စာချုပ်ဖျက်ပစ်ခဲ့သည်။[၁၀][၁၁][၁၂][၁၃]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ၎င်းနှင့် ၎င်း၏မိသားစုသည် နိုင်ငံရေးဖြစ်စဉ်များအပေါ် ဝေဖန်ထောက်ပြကြသူများထဲ မပါဝင်ဘဲ ရှေးဟောင်းပြတိုက်ဖွင့်လှစ်ရေးကိစ္စကိုသာ လုံးပန်းနေခဲ့သည်။[၁၄]

ဖမ်းဆီးခံရခြင်း

[ပြင်ဆင်ရန်]

ယခင်၂၀၁၄ခုနှစ်က ငှားရမ်း လုပ်ဆောင်ခဲ့သော စစ်တပ်ပိုင်မြေနေရာ မြရိပ်ညိုဟိုတယ်ဝင်းငှားရမ်းခအား အကျေအလည်မပေးသွင်းခြင်း၊မြေငှားသူ၏သဘောတူခွင့်ပြုချက်မယူဘဲ တရုတ်ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး ကြီးမားသောမြေပြင်ခြင်း၊ ဝင်းအတွင်းရှိ ရန်ကုန်မြို့တော်ဝန်ဟောင်း၏ အိမ်တော်အပါအဝင် ရှေးဟောင်းအဆောက်အဦးအချို့အား ဖြိုဖျက်ခဲ့သည်ဆိုသော စသည်စွပ်စွဲချက်များဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုးက တရာလိုလုပ်ကာ ဖွင့်ခဲ့သည့်အမှုနှင့် ပတ်သတ်ပြီး ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ၂၀၂၂ခုနှစ် မတ်လ ၂၁ရက် ည၇နာရီခန့်တွင် ဖမ်းဆီးကာ မတ်လ ၂၂ရက်တွင် အင်းစိန်ထောင်သို့ ပို့ခဲ့သည်။[၁၅] ယင်းအပြင် ၎င်း၏ ဇေကမ္ဘာပြတိုက်ကိုလည်း မတ်လ၂၃ရက်တွင် စစ်တပ်က ချိတ်ပိတ်ခဲ့သည်။ယင်းနောက် သူ နှင့် သားဖြစ်သူ ဇေသီဟ တို့ကို တရားရုံးက ထောင်ဒဏ်ချမှတ်သည်။အင်းစိန်ထောင် အတွင်းထောင်ဒဏ်ချမှတ်ခံရသည့် ၎င်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ထောင်မှ ပြန်လွတ်လာသည်။[၁၆] သားဖြစ်သူ ဇေသီဟ မှာမူ ၂၀၂၅ ခုနှစ် ဧပြီ ၁၂ရက်တွင် ပြန်လွတ်သည်။[၁၇]

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဇနီးမှာဒေါ်စန်းစန်းကြွယ် ဖြစ်ပြီး၊သားသမီးနှစ်ဦးရှိကာ သားဖြစ်သူမှာ ဇေသီဟ ဖြစ်ပြီး သမီးဖြစ်သူမှာ ဇေဇင်လတ် ဖြစ်သည်။

သားဖြစ်သူ၏ အိမ်ထောင်ဖက်မှာ ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင် ဖြစ်ပြီး၊သမီးဖြစ်သူ၏ အိမ်ထောင်ဖက်မှာ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း၏သား တိုးနိုင်မန်း ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Khin Shwe – FWP RESEARCH 23 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 မတ် 2022 တွင် ပြန်စစ်ပြီး။
  2. "ဇေကမ္ဘာ ခင်ရွှေ၊ ပတ္တမြားနဂါး နေဝင်းထွန်းနှင့် ခရိုနီတချို့ အခွန်လျှော့ပေးရန် လွှတ်တော်တွင် တောင်းဆို"၊ ဧရာဝတီ၊ 11 မတ် 2014။
  3. "ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်"၊ ဧရာဝတီ၊ 29 ဖေဖော်ဝါရီ 2012။
  4. "ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ" (in en)၊ Radio Free Asia
  5. "ဇေကမ္ဘာ ဦးခင်ရွှေ ကြံ့ခိုင်ရေး ပါတီ က နေ အရွေးခံမယ်" (in my)၊ BBC News မြန်မာ၊ 3 စက်တင်ဘာ 2010။
  6. "ဇေကမ္ဘာ ဦးခင်ရွှေရဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက်" (in my)၊ ဗွီအိုအေ
  7. "USDP Member Khin Shwe Defends His Support for Suu Kyi"၊ The Irrawaddy၊ 15 ဇန်နဝါရီ 2016။
  8. "လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ မျက်ရည်တောက်တောက်ကျရသည်အထိ အခက်အခဲများရှိနေကြောင်းနှင့် တစ်လလျှင် အလုပ်သမားလစာ ကျပ်သိန်းနှစ်သောင်းအတွက် ခေါင်းခဲနေရကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား" (in my)၊ Eleven Media Group Co., Ltd 23 March 2022 တွင် ပြန်စစ်ပြီး Archived from the original on 23 August 2019။
  9. "တစ်စခန်းထဦးမည့် စီးပွားရှင်တို့အသံ" (in my)၊ The Voice Journal[လင့်ခ်သေ]
  10. "Tycoon seeks Shwe Mann’s help over halted project"၊ Frontier Myanmar၊ 8 ဇွန် 2018။
  11. "Deputy Minister Tells Tycoon to Finish Yangon Road Project by May or Lose Concession"၊ The Irrawaddy၊ 29 ဇန်နဝါရီ 2018။
  12. "Myanmar Military Shuts Down Chinese-Contracted $500M High-Rise Project"၊ The Irrawaddy၊ 4 အောက်တိုဘာ 2018။
  13. "ဇေကမ္ဘာကုမ္ပဏီ" (in my)၊ Myanmar NOW
  14. "Myanmar's preservation man pursues dream museum"၊ Nikkei Asia
  15. "ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထား" (in my)၊ Eleven Media Group Co., Ltd 23 March 2022 တွင် ပြန်စစ်ပြီး Archived from the original on 23 March 2022။
  16. ဇေကမ္ဘာ ဦးခင်ရွှေ အင်းစိန်ထောင်က ပြန်လွတ်လာ RFA Burmese (၂၉ စက်တင်ဘာ ၂၀၂၄)။ ၁၂ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  17. ဧဒင် ဦးချစ်ခိုင် နဲ့ လုပ်ငန်းရှင်တချို့ ပြန်လွတ် BBC Burmese (၁၂ ဧပြီ ၂၀၂၅)။ ၁၂ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။