မြင်းခင်းသဘင်
မြင်းခင်းသဘင်သည်ကား ရှေးမြန်မာမင်းများလက်ထက်က ပြာသိုလတွင် ကျင်းပမြဲဖြစ်သော ရာသီပွဲတော်ဖြစ်၏။ ဤသဘင်ကိုမြင်ခင်းစက်သွင်းသဘင်တော်ပွဲ၊ သို့မဟုတ် မြင်းခင်းစက်ထိုးပွဲ ဟုလည်းခေါ်သည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် စစ်ပွဲများ၌ ဆင်စီး၊ မြင်းစီးချင်း၊ စစ်ထိုးတတ်ကြကြောင်း ရာဇဝတ် ကျမ်းများ၌ လည်းကောင်း၊ အရေးတော်ပုံ ကျမ်းများ၌လည်းကောင်း ဆိုခဲ့ကြလေသည်။ ထိုအခါက မင်းနှင့်တကွ မင်းညီမင်းသား ဗိုလ်မှူးတပ်မှူးစသည် တို့သည် ဆင်စီး၊ မြင်းစီး၊ လေးမြား၊ လှံဓားအတတ်တို့ကို ပိုင်နိုင်စွာ ကျွမ်းကျင်ကြသည်ဟုဆိုသည်။ ကျွမ်းကျင်အောင် အလေ့အကျင့်၌ စိတ်ပျော်မွေ့ခြင်းရှိအောင် တစ်နှစ်တစ်ကြိမ် ပြာသိုလတွင် ပြိုင်ပွဲများ ကျင်းပ၍ မင်းမိဖုရားတို့က ခြီးမြှင့်တတ်ကြသည်မှာ အထင်အရှား ဖြစ်သည်။
မြင်းခင်းစက်သွင်းသည် ဆိုသည်မှာ မြင်းကို ကျင်လျင်စွာ အပြေးစီးယင်း ထူထားသော စက်တိုင်တွင် အဆင့်ဆင့်ရှိသော စက်ဝန်းများကို မှန်အောင် လှံလျင် ပစ်သွင်းသောသဘောပင် ဖြစ်တန်ရာသည်။ မင်းညီမင်းသား အမှူးအမတ်တို့သည် မျဉ်းမောက်တို စစ်ဝတ်တန်ဆာများ ဆင်ယင်လျက် မြင်းကြိုးကစုံပါရှိသော မြင်းကိုစီး၍ လှံလျင်ကိုပစ်ကြသည်။ လှံလျင်ကို လှံတိုဟူ၍လည်းခေါ်လေသည်။ လှံလျင်ပစ် လက်တည့်သူသည် ရှေးမြန်မာစစ်ပွဲများ၌ အရေးပါမည့်သူ ဖြစ်နိုင်လေသည်။ ဆင်စီးချင်းထိုးသည်၊ မြင်းစီးချင်းထိုးသည်ဆိုရာ၌ တစ်ဖက်နှင့် တစ်ဖက် လှံလျင်လွှတ်၍ တိုက်ခြင်းမျိုးလည်း ပါလေသည်။ အလောင်းမင်းတရား အရေးတော်ပုံကျမ်းတွင် ခင်ဦးစား ဦးချစ်ညိုနှင့် သေနတ်ဝန်တို့ လှံလျင်လွှတ်၍ မြင်းစီးချင်းတိုက်ကြပုံကို အောက်ပါအတိုင်း ရေးမှတ်ခဲ့လေသည်။
ငါနှင့် မြင်းစီးချင်း ကစားကြမည်။ ယောက်ျားကောင်းထွက်ခဲ့စေ ငချစ်ညို ဆိုလျှင်၊ မင်းကျော်ဗညားထွက်သည်ကို ငမြတ်ထွန်းငယ်နှင့် ငါတိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းတော့မည် ဆိုသဖြင့်၊ မုဆိုးခြုံဗိုလ် မင်းလှမင်းတောင် ထွက်ပြန်သည်ကိုလည်းငထွန်ငယ် ငါ့လက်စဉ်းကို ငစဉ့်ကိုမှာ နေကြစဉ်ပင် နင်အသိဖြစ်သည်။ ငါနှင့် ဘက်မတန်ဆိုပြန်၍၊ ယင်းမကန်ဗိုလ်၊ ယင်ပါဗိုလ်တို့ မြင်းနှစ်ဆယ်သား အသီးသီး ထွက်ကြသည်ကိုလည်း မဖက်မပြိုင်လို၊ သေနတ်ဝန်ဆိုသူသာ ထွက်လာစေဆို၍ သေနတ်ဝန်ထွက်ရာတွင်မှ သည်ခါ ယောက်ျားချင်းတွေ့ရတော့မည်။ ကိုတို့မှာ ပွဲကြည့်၍သာနေ။ သေနတ်ဝန်နှင့် ငါနှင့်တန်စေ၊ ကြုံးဝါးသံပ၍ မြင်းကိုအကုန်လွှတ်၍ ခြေတစ်ဖက်ထောင်လျက် ရပ်၍ စီးသည်။ ပက်လက်အိပ်၍စီးသည်။ ထက်ဝယ်ဖွဲ့ခွေလျက် စီးသည်။ မြင်းနံပါး၌ ကပ်လျက်စီးသည်။ လှံကို လက်ဝဲလကျာ် ဘယ်ညာလဲ၍ စီးသည်။ သေနတ်ဝန်မူကား လှံမကို ချိန်ဆကာနေသည်။ ငချစ်ညိုလည်း စီးနည်းအထွေထွေပြီးလျှင် လှံလျင်နှင့် လွှတ်လိုက်သည်။ သေနတ်ဝန်၏ လှံရိုးကို ခတ်မိချေ၏။
ဤကား မြင်းစီးချင်း တိုက်ပုံတစ်မျိုးဖြစ်လေသည်။ ဤတိုက်ပုံမျိုး ရှိသည်ကို ထောက်လျှင် ရှေးမြန်မာမင်းများ လက်ထက်တွင် ရွှေမြို့တော် အစ ကျေးလက်များ၌ပင် လှံလျင်ပစ် အလေ့အလာ အကြံအစည် ခေတ်စားမည်ဟု ယူဆနိုင်သည်။ ပြာသိုလရောက်သည့် အခါတိုင်း မြင်းခင်းစက်သွင်းပွဲ ကျင်းပမြဲ ရှိသည် ဆိုသည်မှာ ထိုအလေ့အလာ အကြံအစည်ကို အားပေးလိုသော သဘောပင်ဖြစ်သည်ဟု ဆိုနိုင်လေသည်။ သီပေါမင်းလက်ထက် မြင်းခင်း စက်သွင်းပွဲ ကျင်းပပုံကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယအုပ်၌ အောက်ပါအတိုင်း ဆိုခဲ့လေသည်။ ယင်းသည့်(၁၂၄ဝ ပြည့်နှစ်) ပြာသိုလပြည့်ကျော် နှစ်ရက်နေ့၊ ရှေးမင်းတကာတို့လက်ထက်၊ ဗျူဟာသဘင် စီစဉ်ကျင်းပမြဲဖြစ်သော ဆင် မြင်း ရထား လေးမြား စသော မင်းမှုဝိဇ္ဇာ အတတ်မျိုးတို့၌ အကျုံးဝင်သော ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပရန်ကို ရွှေနန်းတော်အတွင်း မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့် ငါးတောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆယ့် ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်က အရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင် မြေနန်းတော်ဦး မင်းတက်သက္ကဒါန် လှေကားတော်မြောက် စံတော်မူရန် တဲကန္နား ဖျင်းတော် ဆောက်လုပ်၊ ပိတ်ဖြူမျက်နှာကြက်၊ ဗိတာန်ကြာ ယပ်၊ လှဇရွဲကြက်လုပ်၊ ဆွဲဆင်အသင့်ရှိစေ၍၊ ပြာသို လပြည့်ကျော် သုံးရက်နေ့တိုင် မင်းညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန် ဝင်းတော်မှူး၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်းမောက်တို စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများကို စီးနင်း၍၊ တစ်ကိုယ်လျှင် ဆယ်ခေါက်က လှံလျင် ဆယ်စင်းစီ ကုန်အောင် ထိုးကြရသည်။ မင်းညီ မင်းသားများမှာ မျဉ်းတို မျဉ်းရှည် စစ်ဝတ်တန်ဆာ အဆင်အယင်နှင့်၊ ပေါင်းထုပ်ပုဝါ ပေါင်း၍ ထိုးကြရသည်။ ဆဒ္ဒန်ဆင်မင်း သခင်ဘဝရှင် မင်းတရားကြီး ဘုရားမှာ အဖိုးအနဂ္ဃထိုက်တန်သော ရတနာ အပေါင်းတို့ဖြင့်ပြီးသော မျဉ်းမောက်တို စစ်ဝတ်တန်ဆာ ဆင်ယင်တော်မူပြီးလျှင် အသျှင်မိဖုရား ခေါင်ကြီးနှင့်တကွမင်းမိဖုရား မောင်းမမိဿံ ခြံရံတော်မူလျက် မြေနန်းတော်အတက် ကန္နားဖျင်းတဲတော်သို့ ထွက်စံကြည့်ရှုတော်မူသည်။ စက်ထိုး သဘင် တော်တွင် စက်စွဲသည့် မင်းညီမင်းသား မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တလက်စွဲလျှင်၊ ငွေပွင့်ထိုး ပန်းပုဝါတစ်၊သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ မင်းညီ မင်းသား မှူးတော် မတ်တော် လက်သုံးတော် လက်စွဲတော်တို့ စက်ထိုသဘင်ပြီးလျှင်ကသည်းအက္ကပတ် မြင်းတပ်ဗိုလ် အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးဓားခုတ်၊ လှံထိုး၊ ငှက်ပျောပင်စိုက်၊ ရေအိုးတင် ဓားခုတ်၊ မြင်းအစိုင်းအနှင် အရေးအရာများကို ထိုးခုတ်ပြပြီးနောက်၊ ရွှေနန်းတော်သို့ ဝင်တော်မူသည်။
မြင်းခင်းသဘင် မကျင်းပမီ၌ လည်းကောင်း၊ ကျင်းပဆဲ၌လည်းကောင်း မြင်းခင်းဆိုင်ရာ အတီးအမှုတ်တို့ကို တီးမှုတ်တတ်ကြဟန် တူလေသည်။ ရှေးခေတ် မြန်မာ့ ဂီတလောကတွင် မြင်းခင်းကြိုး သီချင်းများ ထွန်းကားခဲ့သည်ကို ထောက်၍ သိသာလေသည်။ အောက်ပါ မြင်းခင်းကြိုး သီချင်းကို ယခုခေတ် ဂီတပညာရှင်တို့၏ နှုတ်ဖျားမှ ရံဖန်ရံခါ ကြားနာပျော်မွေ့နိုင်လေသည်။ တေးသံတီးလုံး သံတို့တွင် မြင်းတို့ကြွကြွရွရွ ဖြစ်နေဟန်၊ မြင်းခင်းပွဲ ခမ်းနားတင့်တယ်ဟန်၊ ပျော်ပျော်မြူးမြူး ဖြစ်နေကြဟန်တို့ ပေါ်လွင်လျက်ရှိသည်။
ဘုန်းမိုးရွာစေ သွန်းဖျန်း၊ ရွှေပြည်တော်သာ ငြိမ်းချမ်း။ အောင်ပန်းလူလူ နန့်မြေငူ၊ သပြေ ဇမ္ဗူ တိုင်းခန်း။ ပိုင်တည့်သာပိုင်စိုးမြန်း။ လွှတ်နန်းဘွေလယ် ဘုံဦး၊ ကွန့်မြူးစကြာ ရွှင်ချည့်ချည့်လေ။ ရွှေနန်း တိုင်ပြင်၊ စီးပုံခွင်၊ အဲမောင်း လှံယဉ်ရေးရာဆင်၊ ရောင်တင်လျှံဖြာ၊ မှောင်လွယ်ပယ်ခွာ၊ ယိမ်းလှနွဲ့မူရာတည့်လေ။ လျှပ်စံပန်းတင်၊ ရွှေနန်းခွင် ယဉ်လှလှလေး။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)