ဒေဝဒူတသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒိဗ္ဗစက္ခု (ယထာကမ္မူပဂ) အဘိညာဉ်ဖြင့် ကွယ်လွန် ပြီးနောက် နတ်ပြည်, လူ့ပြည်သို့ ရောက်ရှိကြကုန်သော ကုသိုလ်ရှင်များ၊ ပြိတ္တာ တိရစ္ဆာန် ငရဲဘုံသို့ရောက်ရှိကြကုန်သော ဒုစရိုက်ရှင်များကို သိမြင်တော်မူပုံ၊ ငရဲသို့ ရောက်လာသူကို ငရဲထိန်းတို့က ယမမင်းထံ ခေါ်ဆောင်သွားပုံ၊ ယမမင်းက ကလေးသူငယ်, သူအို, သူနာ, ရာဇဝတ်သား, သူသေဟူသော ဒေဝဒူတ(၅)မျိုးဖြင့် ကုသိုလ်ကောင်းမှုပြု၊ မပြု မေးမြန်းစိစစ်ပုံ၊ ကောင်းမှုမပြုသူအား ငရဲထိန်းတို့က ညှင်းပန်းနှိပ်စက်ပုံ အဝီစိ ငရဲကြီး၌ ငရဲသားတို့ ဆင်းရဲခံစားကြရပုံ၊ အဝီစိငရဲကြီး၏ အပြင်ဖက်၌ ငရဲငယ် (၅)မျိုး၌ မကောင်းမှု အပြစ်ခံကြရပုံ၊ ယမမင်းကြီး၏ အကြံအစီတို့ကို ကိုယ်တော်တိုင် သိမြင်၍ ဟောတော်မူကြောင်းကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] ငရဲထိန်းတို့ ခေါ်ယူလာသော ငရဲသားကို ယမမင်းက သူအို, သူနာ, သူသေဟူသော ဒေဝဒူတ (၃)မျိုးဖြင့် ကောင်းမှုပြု၊ မပြုကို မေးမြန်းသတိပေးပုံ ငရဲထိန်းတို့က ငရဲသားအား ပဉ္စဝိဓဗန္ဓနဖြင့် နှိပ်စက်ပုံ အဝီစိငရဲအကြောင်း, ယမမင်း၏ အကြံအစီတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဥပရိပဏ္ဏာသသုတ်နည်းတူ မှတ်သားဖွယ် များစွာကို ဖွင့်ဆိုထားပါသည်။ [၃]

ဒေဝဒူတ (သေမင်းတမန်)ငါးပါး[ပြင်ဆင်ရန်]

ဒေဝဒူတ (သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို(၅)ဦးကို ပမာပြုခြင်းဖြစ်သည်။

ငရဲမင်းကြီးက အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေဝဒူတ (သေမင်းတမန်)ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကို သတိမရလျှင် ကုသိုလ်ပြုစဉ် ငရဲမင်းကြီးအား အမျှပေးဝေခြင်း ရှိမရှိကို ငရဲမင်းကြီးက စဉ်းစားကြည့်ရ၏။ အမျှပေးဝေခြင်းရှိလျှင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်လည် သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမျှပေးဝေခြင်းမရှိလျှင် ငရဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။

ဒေဝဒူတ တရား ၅-ပါး လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။

  1. ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
  2. ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
  3. အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
  4. အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊
  5. မတ- သေသူ, သူသေကောင်။ [၄]

ယမမင်းစစ်တမ်း[ပြင်ဆင်ရန်]

လူ့ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို (၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား ဤငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတ-ဟုခေါ်ဝေါ်ရသည်။ (ဒေဝ-ယမမင်း၊ ဒူတ-တမန်းတော်)။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း- လူ့ပြည်မှာတုန်းက ကျင်းကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ ခဲ့ဘူးလား?

ငရဲသား။ ။ တွေ့ခဲ့ဘူးပါသည်ဘုရား

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု့၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို ့ရာ နောင်အခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ်က ကိုယ်နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်-ဟု အကြံအစည်းများ မဖြစ်ခဲ့ဘူးလား မောင်မင်း။

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း- မကောင်းမှုကို ဆွေးမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို ့ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး[ပြင်ဆင်ရန်]

ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။ သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍ စတုတ္ထ တစ်ကြိမ်၊ အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်းအောင် မေး၍ ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုတိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်၍ ဖြစ်စေ၊ မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှာသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသားကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်။ (ထို့ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှဝေသင့်သည်)

ငါးပါးသော ဖွဲ့ချည်ခြင်း[ပြင်ဆင်ရန်]

ငါးပါးသော ဖွဲ့ချည်ခြင်းဆိုသည်မှာ ငရဲထိန်းတို့က ငရဲသားကို ချည်နှောင်သောနည်းတစ်မျိုးဖြစ်သည်။ ချည်ပုံချည်နည်းမှာ ငရဲသားကို အလွန်ပူပြင်းသည့် သံမြေတွင် ပက်လက် အိပ်စေသည်။ ငရဲသား၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နှင့် ရင်လယ်တည့်တည့်ကို ထန်းလုံးခန့် ပမာရှိသော သံချောင်း တစ်ချောင်းစီ ထိုးသွင်းသည်။ ထိုသို့ သံချောင်းငါးချောင်း ထိုးသွင်းချည် နှောင်ခြင်းကို ငါးပါးသော ဖွဲ့ချည်ခြင်းဟုခေါ်သည်။ [၅][၆]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၂၁၆-၂၂၅။ မ၊မြန်၊၃၊၂၂၀-၈။ မ၊ဋ္ဌ၊၄၊၁၆၃-၉။ မ၊ဋီ၊၃၊၃၅၉-၃၆၅။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၃-သုညတဝဂ္ဂ၊ ဒသမသုတ်။
  2. -အံ၊၁၊၁၃၇-၁၄၁။ အံ၊မြန်၊၁၊၁၅၅-၈။ အံ၊ဋ္ဌ၊၂၊၁၁၇-၁၂၁။ အံ၊ဋီ၊၂၊၁၁၁-၇။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒေဝဒူတဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ဥပရိပဏ္ဏာသပါဠိတော်။
  5. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  6. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”