တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက် သတ္တဝါ ၄၉ မျိုး ကောင်ရေ (၄၆၅) ကောင် ၊ ကျေးငှက် (၆၈) မျိုး ၊ ကောင်ရေ (၄၁၇) ကောင် ၊ တွားသွား ၁၈ မျိုး ၊ ကောင်ရေ ၁၈၃ ကောင် ၊ စုစုပေါင်း ၁၃၅ မျိုး ၊ ကောင်ရေ ၁၀၆၅ ကောင် တို့အား မွေးမြူ ထိန်းသိမ်းစောင့်ရှောက် ပြသလျက် ရှိသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ဗဟုသုတ ရှာမှီးနိုင်ရန် ၊ ကျောင်းသား/ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူဖြစ်စေရန် ၊ တောရိုင်း တိရစ္ဆာန်ကျေးငှက်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာပေးရန် ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ရှားပါးသော တိရစ္ဆာန်ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အတွက် သားပေါက်မျိုးပွားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ပြသလျက် ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှာ ဗြိတိသျှအစိုးရလက်ထက်က တည်ထောင်ထားခဲ့သော တိရစ္ဆာန်ဥယျာဉ်တစ်ခု ဖြစ်သည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို မတည်ဆောက်မီ ၁၈၈၂ ခုနှစ်က တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီး၍၊ ယခု ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးနေရာတွင် ပြသထားခဲ့သည်။ ထိုစဉ်က ထိုနေရာမှာ ဖယ်ယာပြတိုက်နှင့် သစ်ပင်ပန်းမာလ် တိုးပွားရေးအသင်းတိုက် တည်ရှိရာဌာနဖြစ်သည်။ ၎င်း တိရစ္ဆာန်များကို ပြည်သူလူထုမှ များပြားစွာ လာရောက် ကြည့်ရှူခဲ့ကြ၍ တိရစ္ဆာန်ဥယျာဉ် တည်ဆောက်ရန် စီစဉ်ခဲ့ကြပေသည်။
၁၉၀၁ ခုနှစ်တွင်မူ ဝိတိုရိယဘုရင်မကြီး (ခရစ် ၁၈၉၁-၁၉၀၁) နန်းသက် ၂၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် သီးခြားတိရစ္ဆာန်ဥယျာဉ်တစ်ခု တည်ဆောက်ရန်အတွက် လူထုထံမှကောက်ခံရရှိသော အလှူငွေ ၂၄၀,၀၀၀ ကျပ်ဖြင့် ကန်တော်ကြီးအနီးရှိ မြေရိုင်း ၆၁ ဧကကိုရှင်းလင်း တည်ဆောက် ခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဖယ်ရာပြတိုက်မှ တိရစ္ဆာန်များအား တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ တဖြေးဖြေး ပြောင်းရွှေ့ထည့်သွင်း မွေးမြူ ပြသခဲ့သည်။ ၁၉၀၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အသစ် ဆောက်လုပ် ပြီးသွားသော တိရစ္ဆာန်ဥယျာဉ်အား အင်္ဂလန်ပြည် ဝေလမင်းသားနှင့် ကြင်ယာတော် (နတ်ရွာစံပဉ္စမဂျော့ဘုရင် (ခရစ် ၁၈၅၆-၁၉၃၆ ခုနှစ်)နှင့် မေရီမိဖုရား)တို့က အခမ်းအနားဖြင့် ဖွင့်လှစ်ကာ ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်ဟု အမည်ပေးခဲ့သည်။ ထိုစဉ်အခါက သီပေါမင်းတရား၏ ဆင်ဖြူတော်သည်လည်း တိရစ္ဆာန် ဥယျာဉ်၌ ရှိသည်ဟုဆိုသည်။ ထိုဆင်ဖြူတော်မှာ ခရစ် ၁၉၁၀ ပြည့်နှစ်တွင် သေဆုံးသည်။
၁၉၀၈ ခုနှစ်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ဟု အမည်ပေးကာ ၁၉၂၆ ခုနှစ်တွင် အုပ်ချုပ်ရေး ရုံး ဆောက်လုပ်ပြီး ရန်ကုန် တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (Board of Trustees )ကို ဖွဲ့စည်း အုပ်ချုပ်စေခဲ့ရာမှ လွပ်လပ်ရေးရပြီး နောက်ပိုင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အုပ်ချုပ်စေခဲ့သည်။ အများ ပြည်သူများ လေ့လာနိုင်ရန်အတွက် သဘာဝ သမိုင်းပြတိုက် ကို ၁၉၆၆ ခုနှစ် မေလ (၁) ရက်နေ့တွင် ကန်တော်ကြီးဟိုတယ် နေရာ၌ ဖွင့်လှစ်ခဲ့ပြီး (၁၉၆၆-၆၇) ခုနှစ်တွင် ယခုနေရာ၌ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့မှ ဆောက်လုပ်ခဲ့ပြီး (၁၉၇၈) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ သဘာဝ သမိုင်းပြတိုက်တွင် နို့တိုက်သတ္တဝါနှင့် ကျေးငှက်ပြခန်း ၊ တွားသွား သတ္တဝါ နှင့် ကျောရိုးမဲ့ သတ္တဝါ များ ပြခန်း ၊ သစ်တော (ရုပ်သံ)ပြခန်း ၊ ဘူမိဗေဒ ပြခန်း ၊ ဝေလငါး အရိုးစုပြခန်း တို့အား ပြသလျက် ရှိသည်။
၁၉၇၂ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကြီးကြပ်ရေးအဖွဲ့ကို ကြီးကြပ်ရေး ကော်မတီ အဖြစ် ပြင်ဆင် ဖွဲ့စည်း ခဲ့သည်။ (၁၉၇၆) ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် လယ်ယာ နှင့် သစ်တောဝန်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းခဲ့သည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင်ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက်မှ လယ်ယာနှင့်သစ်တောဝန်ကြီးဌာန (ယခု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန) လက်အောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ပြည်သူ့လုပ်အား နေရာ ချထားရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခဲ့သည်။ (၁၉၈၅) ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ပြည်သူ့လုပ်အား နေရာ ချထားရေးအဖွဲ့ လက်အောက်မှ သစ်တောဦးစီးဌာန သို့ လွှဲပြောင်းခဲ့ပြန်ပါသည်။ (၂၀၀၀) ပြည့်နှစ် ဧပြီလ၌ သစ်တောထွက် ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း နှင့် သစ်တောဦးစီး ဌာနတို့ စာချုပ်ချုပ်ဆို၍ စီမံအုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်းကာ ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ စ၍ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းမှ သစ်တော ဦးစီးဌာန လက်အောက် ပြန်လည် လွှဲပြောင်းခဲ့သည်။ ယင်းနောက် ၂၀၁၁ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်၍ ထူးထရေးဒင်း ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်း လုပ်ကိုင်စေလျက်ရှိသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်စည်ပင် ဖွံ့ဖြိုးရေးအတွက် ဥပဒေထားရှိရာ၊ ယခင်က ထိုဥပဒေကို ၁၉၀၈ ခုနှစ် ဝိတိုရိယဘုရင်မ အထိမ်းအမှတ်ဥယျာဉ် ဥပဒေဟု ခေါ်၍၊ ယခုအခါ၌မူ ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ တိရစ္ဆာန်နှင့် ပန်းမာလ်ဥယျာဉ် ပြင်ဆင်ချက် ဥပဒေဟု ခေါ်တွင်လေသည်။
တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]ရန်ကုန် တိရစ္ဆာန်ဥယျာဉ် သည် ယခင် (၆၉.၂၅)ဧက ရှိပြီး ၁၉၇၇ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် ဘက်စုံကစားကွင်း အတွက် (၁၂.၃၀) ဧက ပေးခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ဘက်စုံကစားကွင်း ဘက်ရှိ အောက်ရေကန် နှင့် မြေတချို့ (၂.၁၂) ဧက အား ပြန်လည် သိမ်းဆည်းခဲ့ပါသော် လည်း ကမ္ဘာအေးဘုရားလမ်း တိုးချဲ့ပြင်ဆင်ရာ၌ (၀.၉၁) ဧက ပါရှိသွားသဖြင့် ယခု (၅၈.၁၆) ဧက ကျယ်ဝန်းသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိကာ အရှေ့ဘက် တွင် အထက်ပန်းဆိုးတန်းလမ်း ၊ အနောက်ဘက်တွင် ကမ္ဘာအေး ဘုရားလမ်း ၊ တောင်ဘက်တွင် ဗိုလ်မင်းခေါင်လမ်းနှင့် မြောက်ဘက်တွင် ကန်ရိပ်သာလမ်း ဝန်းရံလျက်ရှိပြီး တိရစ္ဆာန်ဥယျာဉ်ဝန်းကျင်၏ ထင်ရှားသော နေရာများမှာ ရွှေတိဂုံဘုရား ၊ ကန်တော်ကြီး ဟိုတယ် ၊ အောင်ဆန်းကွင်း နှင့် ရန်ကုန် ဘူတာကြီး ဖြစ်သည်။
တိရစ္ဆာန်များ ပိုမိုစုံလင်စွာ ထားရှိနိုင်ရန် နိုင်ငံအချင်းချင်း တိရစ္ဆာန်များ လဲလှယ်မှုများ၊ ဝယ်ယူမှုများကို ပြုလုပ်ကြရလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)